ဖုန်းဖြင့် လိမ်လည်မှုများ ပြန်လည်များပြားလာသည်ဟုသိရ


ရန်ကုန် နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်အတွင်းရှိ အငြိမ်းစားကျောင်းဆရာမတစ်ဦးထံ တယ်လီဖုန်းဖြင့် ငွေကြေးတောင်းခံသည့် လိမ်လည်မှုတစ်ခု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

''တယ်လီဖုန်းနဲ့ဆက်သွယ်ပြီး အိမ်လိပ်စာနဲ့ မှတ်ပုံတင်နံပါတ်တောင်းပါတယ်။ ''----------'' ထီဆိုင် ကနေ ဖုန်းဆက်တာပါဆိုပြီး ဖုန်းနံပါတ်တစ်ခုက ဖုန်းဝင်လာပါတယ်။ ကျွန်မကလည်း အဲဒီဆိုင်မှာ ထီထိုး ထားတဲ့သူဆိုတော့ ရေခဲသေတ္တာမဲပေါက်လို့ လာပေးဖို့ အတွက် တောင်းတာလို့ပြောပါတယ်။ ဆက်ပြောရင်းနဲ့ သူက သီတဂူဆရာတော်က ဒီရက်ပိုင်းမှာပဲ မင်းဓမ္မလမ်းက ကျောက်တော်ကြီးဘုရားမှာ အလှူပွဲအကြီးကြီးတစ်ခု လုပ်ဆောင်ဖို့ ရှိတယ်။ ထီဆိုင်က အဲဒီနေ့မှာ ကျပ်သိန်း ၁၅ဝဝ ပေါက် မယ့် ထီလက်မှတ်ကိုပေးမယ်။ အဲဒီအတွက် ငွေကျပ် ၁၈ သိန်းကို တစ်ရစ်တည်းပေးရမယ်ဆိုပြီး ဆက်ပြောလာပါတယ်''ဟု လိမ်လည်ခံရသူ အငြိမ်းစား ကျောင်းဆရာမက ပြောကြားသည်။

သို့သော် ထိုကဲ့သို့ဖြစ်စဉ်များကို မကြာခဏ ကြားသိ နေကျဖြစ်သဖြင့် ဖုန်းဆက်လာသူအား ယခုကိစ္စကို သက်ဆိုင်ရာသို့ တိုင်ကြားဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ရာ ဖုန်းဖြင့်လိမ်လည်သူက အဆိုပါဖုန်းအား ပိတ်ထားကာ ပြန်လည်ဆက်သွယ်မရရှိတော့ကြောင်း သိရသည်။

မိုဘိုင်းဖုန်းများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ လာကြသောကြောင့် ဖုန်းဖြင့်လိမ်လည်မှုများ ပြန်လည် ပြုလုပ်လာခဲ့ပြီး ယင်းကဲ့သို့ ကံစမ်းမဲပေါက်ခြင်း၊ ထီပေါက်ခြင်းစသည့် လိမ်လည်မှုများဖြင့် နေအိမ်လိပ်စာ များ တောင်းခံခြင်း၊ အမှတ်အသားများပြုလုပ်ကာ ဆက်သွယ်ခြိမ်းခြောက်ခြင်းတို့ လုပ်ဆောင်နေကြသည့် အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တိုင်ကြားမှု ပြန်လည် များပြားလာခဲ့ကြောင်း ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖုန်းဖြင့် လိမ်လည်သူအများစုမှာ အော်ရီဒူး ဆင်းကတ်များ၏ ဖုန်းနံပါတ်မမြင်နိုင်အောင် လုပ်ဆောင် နိုင်သည့်စနစ်ကို အသုံးပြုကြပြီး ယင်းစနစ်ကြောင့် ဖုန်းနံပါတ်မပေါ်သည့် ဖုန်းခေါ်ဆိုမှုများကို လက်မခံ သင့်ကြောင်း၊ ထီဆိုင်တွင်ပေးခဲ့သည့် ဖုန်းနံပါတ်မှ တစ်ဆင့် ဆက်သွယ်ခြင်းကြောင့် ထီဆိုင်တွင်လည်း တာဝန်မကင်းကြောင်း အိုင်တီပညာရှင်တစ်ဦးက အကြံပြု သည်။

ဉာဏမိုးမြင့်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဖုန်းဖြင့် လိမ်လည်မှုများ ပြန်လည်များပြားလာသည်ဟုသိရ   ဖုန်းဖြင့် လိမ်လည်မှုများ ပြန်လည်များပြားလာသည်ဟုသိရ Reviewed by THITHTOOLWIN on 09:19 Rating: 5
Powered by Blogger.