ဖားကန့်ဒေသတွင် ငါးနှစ်အတွင်း မြေပြိုကျမှု ခုနစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယခုတစ်ကြိမ် ပြိုကျမှုမှာ လူသေဆုံးမှု အများဆုံးဖြစ်


 ကချင်ပြည်နယ်၊ ဖားကန့်ဒေသနှင့် လေးမိုင်အကွာရှိ တောင်ဖက်ချောင်းနှင့်
မန့်ချောင်းကြားတွင် ရှိသည့် ကျောက်မှော် စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့်
လူသေဆုံးမှုမှာ နိုဝင်ဘာလ ၂၄ ရက် နံက်ပိုင်းတွင် ၁၁၅ ဦး ရှိလာပြီဖြစ်ပြီး
ဖားကန့်ဒေသတွင် ငါးနှစ်အတွင်း လူသေဆုံးမှု အများဆုံးဖြစ်ကြောင်း ဖားကန့်
ဒေသခံများထံမှ သိရှိရသည်။

ဖားကန့်ဒေသတွင် နှစ်စဉ် မိုးရာသီနှင့် ဆောင်းရာသီ ကာလများတွင် မြေပြိုကျမှု
များကြောင့် လူသေဆုံးမှုများ ဖြစ်ပွားလေ့ရှိသော်လည်း ယခုအကြိမ် မြေပြိုမှုကြောင့်
လူပေါင်းတစ်ထောင်ကျော် သေဆုံးနိုင်ဖွယ်ရှိနိုင်သည်ဟု ဖားကန့်ဒေသခံများက
ခန့်မှန်းပြောဆိုကြသည်။

“မြေစာပုံက တောင်ပေါ်မှာ ပုံထားတာ။ အဲဒီမြေစာပုံအောက်မှာ ရွာတစ်ရွာလို
တည်ပြီး နေကြတာ။ လူတစ်ထောင်ကျော်လောက် တောင်ရှိမယ်။ တစ်ယောက်မှ
အသက်ရှင်မယ် မထင်ဘူး။ နေရာအားလုံး ကို မြေဖုံးသွားတာ။ မနက်သုံးနာရီခွဲ
လောက်မှာ ပြိုကျတာ။ မနက်ရောက်မှ သိတော့ အချိန်က လေးနာရီလောက်
တောင်လွန်နေပြီ” ဟု ဖားကန့်ဒေသခံ ကိုပီတာက ပြောသည်။

ကျောက်မျက်တူးဖော်ရေး လုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီများက တောင်ဖက်
ချောင်းနှင့် မန့်ချောင်း ကို ပိတ်ကာ မြေဧက ၃၀၀ တွင် နိုင်ငံတော်သို့ အခွန်ပေး
ဆောင်ပြီး ၂၀၀၁ ခုနှစ်ကတည်း မြေစာ စွန့်ပစ်နေခြင်းဖြစ်ကာ ၂၀၀၄ ခုနှစ်ခန့်တွင်
ရွှေ့ပြောင်း နေထိုင်သူများက အဆိုပါ စွန့်ပစ်မြေပုံအနီးတွင် လာရောက်နေထိုင်ကြ
ခြင်းဖြစ်ကြောင်း ဖားကန့်ဒေသခံ များထံမှ သိရသည်။

“လာစွန့်ပစ်တာကတော့ ကုမ္ပဏီငါးခုလောက် ရှိတယ်။ ကားတွေမှာ စာမကပ်ထား
တော့ ဘယ်ကုမ္ပဏီ လည်း ဆိုတာတော့ ကျွန်တော်မသိဘူး။ ကျွန်တော်သိရ
သလောက်တော့ ဖက်စပ်လုပ်နေတဲ့ “ဝ” ကုမ္ပဏီတွေ ပါတယ်ဆိုတာတော့
သိတယ်”ဟု ဖားကန့်ဒေသခံ ဖြစ်သည့် ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီမှ အဖွဲ့ဝင်
ဦးနော်ကြီးက ပြောသည်။

မိုးရာသီတွင် နေရပ်ပြန်ကာ ဆောင်းရာသီတွင် ရေမဆေးကျောက် လာရှာသည့်
ရွှေ့ပြောင်း နေထိုင်သူများသည် စွန့်ပစ်မြေစာပုံအနီးတွင် ရွာတစ်ရွာကဲ့သို့
နေထိုင်ခြင်း ဖြစ်ပြီး ၂၀၁၀ ခုနှစ်မှ စ၍ လူဦးရေ များလာခြင်းဖြစ်ကာ အဆိုပါ
မြေစာပုံမှာ ပထမအကြိမ် ပြိုကျခဲ့ကြောင်း သိရသည်။

“မြေစာပုံအောက်မှာ ခြောက်ပေ ရှစ်ပေ အိမ်တွေ ရှိတယ်။ ဈေးဆိုင်တွေရှိတယ်။
ညဘက်ဆို ရေမဆေး ကျောက် ရှာနေတဲ့သူတွေ ရှိတယ်။ အိပ်နေတဲ့အချိန်မှာ
မြေပြိုကျတာဖြစ်လို့ ဘယ်လိုမှ အသက်မရှင် နိုင်ဘူး။ သက်ဆိုင်ရာ ကလည်း
အချိန်နဲ့ ကျောက်ရှာဖို့ စာထုတ်ပေးစေချင်တယ်”ဟု ကချင်ပြည်နယ် ဒီမိုကရေစီ
ပါတီမှ အဖွဲ့ဝင် ဦးနော်ကြီးက ပြောသည်။

မြေစာပုံပြိုကျသည့် နိုဝင်ဘာလ ၂၁ ရက်မှစ၍ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်
ဒေသခံများက ပျောက်ဆုံး သူများကို ရှာဖွေနေကြခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၄ ရက်
နနံက်ပိုင်းအထိ သေဆုံးသူပေါင်း ၁၁၅ ဦးနှင့် ကိုယ်ခန္ဓာအစိတ်အပိုင်း ပြတ်တောက်
သွားသဖြင့် အရေအတွက် မရသည့် စာရင်းလည်း ရှိနေကြောင်း သွားရောက်
ကူညီပေးနေသည့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ သိရသည်။

“အချို့ဆို လက်နဲ့ ခြေထောက် ပြတ်နေတာတွေ၊ ခေါင်းမပါတာတွေ အများကြီး
တွေ့ရတယ်။ သက်ဆိုင်ရာတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပါတီတွေကလည်း
ကူညီပြီး မြေတူးစက်တွေနဲ့ ဖော်ပေးနေပါတယ်။ သက်ဆိုင်ရာက လူပျောက်ကြော်ငြာ
ကို သိအောင်ထုတ်ပြန် ပေးမယ်ဆိုရင်တော့ ကောင်းမှာပဲ”ဟု ဖားကန့်ဒေသခံ
ကိုဘရန်လီက ပြောသည်။

အဆိုပါမြေပြိုမှုနှင့် ပတ်သက်၍ နိုဝင်ဘာလ ၂၂ ရက် နိုင်ငံတော်၏ ထုတ်ပြန်ချက်
အရ မြေစာပုံအောက် တွင် ဆောက်လုပ်နေထိုင်သည့် ပျံကျတဲ အလုံးပေါင်း ၃၀ မှာ
မြေစာပုံပြိုကျခဲ့ရာ နစ်မြုပ်ခဲ့ရကြောင်း ဖော်ပြထားသည်။

ဖားကန့်ဒေသတွင် ငါးနှစ်အတွင်း မြေပြိုမှု ခုနစ်ကြိမ်ဖြစ်ပွားခဲ့ကာ ဒုတိယအကြီးဆုံး
မြေပြိုကျမှုမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လက ကုဋေမော်ကျေးရွာ အနီးရှိ ဆန်ခါမှော်
ပြိုကျမှုဖြစ်ပြီး လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ကာ မြေတူးစက် ၁၀၀ ကျော် နစ်မြုပ်ခဲ့
ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖားကန့်မြေစာပုံပြိုကျမှုနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု သံရုံးနှင့်
ဗြိတိန်သံရုံး တို့ကလည်း ဝမ်းနည်းကြေကွဲကြောင်း ကြေညာချက်များ ထုတ်ပြန်ထား
ပြီး " ကြေကွဲဝမ်းနည်းဖွယ်ရာ မြေစာပုံပြိုကျမှု သတင်းကို အမေရိကန်သရုံးက
ဆက်လက်နားစွင့်နေပါသည်" ဟု အမေရိကန် ပြည်ထောင်စုသံရုံး၏ ထုတ်ပြန်ချက်၌
ဖော်ပြထားသည်။

သတင်း - MMK
ဓာတ်ပုံ - MOI
The Ladies News Journal
https://www.facebook.com/News.TheLadies
ဖားကန့်ဒေသတွင် ငါးနှစ်အတွင်း မြေပြိုကျမှု ခုနစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယခုတစ်ကြိမ် ပြိုကျမှုမှာ လူသေဆုံးမှု အများဆုံးဖြစ်  ဖားကန့်ဒေသတွင် ငါးနှစ်အတွင်း မြေပြိုကျမှု ခုနစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယခုတစ်ကြိမ် ပြိုကျမှုမှာ လူသေဆုံးမှု အများဆုံးဖြစ် Reviewed by THITHTOOLWIN on 18:35 Rating: 5
Powered by Blogger.