အစိုးရအသစ် ဖွဲ့စည်းရာတွင် လူမှန်နေရာမှန် ဖြစ်ရေးကို အဓိကထား ဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


 လွှတ်တော်အတွင်းနေရာ အများဆုံးအနိုင်ရခဲ့သည့် NLD ပါတီအနေဖြင့် ဦးဆုံးပထမဆောင်ရွက်မည့်ကိစ္စရပ်မှာ အုပ်ချုပ်ရေးအပြောင်းအလဲ ဖြစ်အောင်လုပ်ဆောင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ဖော်ခြင်း၊ ရွေးကောက်ပွဲကတစ်ဆင့် ထုတ်ဖော် ခဲ့သည့် ပြည်သူ့ဆန္ဒကို လေးစားလိုက်နာပြီး အကောင်အထည် အဖော်ခြင်းသည် ပထမဆုံးအကြီးဆုံးပြောင်းလဲမှုကြီးဖြစ် လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က RFA သတင်းဌာန၏ ဒီမိုကရေစီခရီးကြမ်း အစီအစဉ်တွင်ပြောဆိုခဲ့သည်။

အစိုးရတစ်ခုဖွဲ့ပြီးပါက တာဝန်အရ မည်သည့်အချိန်ကာလ အတိုင်းအတာ အတွင်း မည်သို့ဆောင်ရွက်မည်ကို ပြည်သူလူထုကို ချပြရမည် ယင်းကိုလည်း စီမံကိန်းများဖြင့် အဖွဲ့ချုပ်က ဆွဲပေးထားသည်များ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ဟိုဟာလုပ်ပေးမယ် ဒီဟာဖြစ်စေရမယ် စီးပွားရေးတိုးတက်စေရမယ် ကျန်းမာရေးတိုးတက်စေရမယ် အဲလိုပြောလို့မရဘူး တိတိကျကျ ဒီအချိန်ကာလအတွင်းမှာ ဒါလုပ်ပါမယ်ဆိုပြီးတော့ အဲ့ဒါကို ချပြပေးဖို့ အစီအစဉ်တွေရှိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

အစိုးရဖွဲ့သည့်အခါတွင် ပညာတက်များကို မည်မျှလောက် ထည့်သွင်း အသုံးပြုမည်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ပညာတက်ဆိုတာ ဘာကိုဆိုလိုတာလဲအဲ့ဒါကိုနဲနဲစဉ်းစားရမယ် တစ်ချို့ကတော့ ပညာတက်ဆိုတာ ဘွဲ့တွေအများကြီးရထားတာကို ပညာတက်လို့ အဲဒီလိုထင်ကြတယ် ဒါကတော့ အကြမ်းဖျဉ်းတော့လည်း ဒီလိုပဲပြော ကြတာပေါ့ ဒါပေမယ့် ပညာတက်ဆိုတာဟာ အခြေအနေနဲ့အချိန်အခါကို မှန်မှန်ကန်ကန်သုံးသပ်ပြီး အဲဒီအပေါ်မှာအခြေခံပြီးတော့ မှန်မှန်ကန်ကန် လုပ်နိုင်တဲ့သူဟာလည်း ပညာတတ်တွေပါပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နိုင်ငံအတွင်းရှိ ပြည်သူလူထုထဲတွင် ဘွဲ့ရများကို တန်ဖိုးထားရမည်ဖြစ်သော် လည်း ဘွဲ့ရမှသာ တန်ဖိုးရှိမည်ဆိုပါက ပြည်သူလူထုအများစုသည် တန်ဖိုး မရှိဘူးလားဟု မေးခွန်းထုတ်ခဲ့ပြီး ပညာတက်ဆိုသည်ထက် လူမှန် နေရာမှန် ဖြစ်ရန်အရေးကြီး သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
အစိုးရအသစ် ဖွဲ့စည်းရာတွင် လူမှန်နေရာမှန် ဖြစ်ရေးကို အဓိကထား ဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော  အစိုးရအသစ် ဖွဲ့စည်းရာတွင် လူမှန်နေရာမှန် ဖြစ်ရေးကို အဓိကထား ဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော Reviewed by THITHTOOLWIN on 11:07 Rating: 5
Powered by Blogger.