ရွေးကောက်ပွဲ အလွန် နိုင်ငံရေးကို ပြည်သူများ မျက်ခြေမပြတ်ရန် လိုအပ်ဟု ဆို


 ရွေးကောက်ပွဲ ကော်မရှင်က ကြာသပတေးနေ့တွင် ကြေညာခဲ့သည့် ရလဒ်များအရ အတိုက်အခံ NLD ပါတီသည် သမိုင်းဝင် ရွေးကောက်ပွဲတွင် မငြင်းနိုင်သည့် အောင်မြင်မှုရရန် နီးကပ်လာပြီဖြစ်သည်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက တောင်ပြိုကမ်းပြို အနိုင်ရနိုင်ခြေ ရှိကြောင်း မဲရုံများပိတ်ပြီး နာရီ အနည်းငယ်ကပင် ထင်ရှားခဲ့သည်။ သို့သော် မဲဆန္ဒနယ်အလိုက် အနိုင်ရသူများကို အတည်ပြုကြေညာရာတွင် ရွေးကောက်ပွဲကော်မရှင်က ရလဒ်များကို နာရီအနည်းငယ်စီခြား၍ အပိုင်းလိုက် ကြေညာလျက်ရှိသဖြင့် နှောင့်နှေးမှုများ ဖြစ်ပေါ်နေရသည်။

ကြာသပတေးနေ့တွင် ကြေညာခဲ့သည့် ရလဒ်များအရ NLD သည် လွှတ်တော်တွင် အမတ်နေရာ အများစုရရှိရန် နီးကပ်နေပြီဖြစ်သည်။ တရားဝင် အတည်ပြု ကြေညာမှု အများအပြား ကျန်ရှိနေသေးသော်လည်း မဲရုံများတွင် စောင့်ကြည့်လေ့လာသူများ ကောက်ယူခဲ့သည့် စာရင်းအရ NLD သည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ၂ ရပ်လုံးတွင် နေရာ အများစု အနိုင်ရထားသည်။

NLD ပါတီသည် အခက်အခဲ အတားဆီး များစွာရှိသော်လည်း ရွေးကောက်ပွဲတွင် အောင်မြင်မှုရခဲ့ခြင်း ဖြစ်သည်။ ကြံ့ခိုင်ရေးပါတီမှ လက်ရှိ လွှတ်တော်အမတ်များမှာ ယင်းတို့၏ မဲဆန္ဒနယ်တွင် ထင်ရှားလူသိများသူများ ဖြစ်ကာ ပြီးခဲ့သည့် ၂ နှစ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ငွေအများအပြား သုံးနိုင်သူများ ဖြစ်သည်။ ယခုရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် NLD အမတ်လောင်းများမှာ ငယ်ရွယ်ပြီး လူသိနည်းသူများဖြစ်ကာ အချို့ပြည်နယ် မဲဆန္ဒနယ်များတွင် မဲဆန္ဒရှင်များ၏ တိုင်းရင်းသားဘာသာစကားကို ပြောဆိုရန် အခက်အခဲရှိသူများ ဖြစ်သည်။

NLD လွှတ်တော်အမတ်လောင်းများမှာ မဲဆန္ဒနယ်တွင် အဆက်အသွယ် ရှိခြင်းထက် ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာရှိခြင်းကြောင့် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် နိုင်ငံအနှံ့ NLD အနိုင်ရခဲ့ခြင်းက ဒေါ်အောင်ဆန်းစုကြည်အား လူကြိုက်များမှုနှင့် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်လာရန် ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်မှုတို့ကို ဖော်ပြလျက်ရှိသည်။

၂၀၁၀ ၌ ပြုလုပ်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီက ၀င်ရောက် ယှဉ်ပြိုင်ခြင်းမရှိဘဲ ရလဒ်မှာလည်း မသမာမှုများရှိသည်ဟု ယူဆခံထားရသဖြင့် တရားဝင်သည့် ရလဒ်အဖြစ် ရှုမြင်ခံရခြင်းမရှိပေ။ ယခုတစ်ကြိမ်တွင်မူ ပြည်သူ ၅၁ သန်းလုံး ပါဝင်လာသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်း စာရေးဆရာမ မသီတာက ဆိုသည်။ ပြည်သူများအနေဖြင့် စစ်မှန်သော ဒီမိုကရေစီသို့ စပ်ကူးမတ်ကူးအချိန်ကို အကောင်းမြင်မှု လွန်ကဲနိုင်သည်ဟု ဆိုသည်။ တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် မည်သည့်ရလဒ်ထွက်ပေါ်သည်ဖြစ်စေ မြန်မာနိုင်ငံတွင် ဆက်ရှိနေမည့် အာဏာလွန်ဆွဲမှုများအပေါ် မှန်ကန်ရှင်းလင်းစွာ ရှုမြင်ရန် လိုအပ်သည်ဟု ဆိုသည်။

သမိုင်းပညာရှင်တစ်ဦးဖြစ်သော ဦးသန့်မြင့်ဦးက “ရွေးကောက်ပွဲအနိုင်ရသူနဲ့ ရှုံးနိမ့်သူတွေက နောက်လတွေမှာ ဘာလုပ်မလဲဆိုတာက ရွေးကောက်ပွဲထက် ပိုအရေးကြီးတယ်လို့ ထင်ပါတယ်”ဟု ပြောကြားသည်။ “ယုံကြည်မှုတည်ဆောက်ဖို့၊ အပေးအယူလုပ်ညှိနှိုင်းဖို့ အချိန်တွေအများကြီးရှိပါတယ်။”ဟု ပြောကြားခဲ့သည်။

အမေရိကန်အစိုးရလက်ထောက် အမျိုးသားလုံခြုံရေးအကြံပေး ဘန်ရိုဒီက “ဒီမှာ လှည့်ပတ်မှုတွေ၊ ရှုပ်ထွေးမှုတွေ များပါတယ်။ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှမသိပါဘူး။ မရေရာမှုတွေ ခံစားနေရပြီး လူထုအတွက် အရေးကြီးတာက နိုဝင်ဘာ ၈ ရွေးကောက်ပွဲပြီးရင် ဇာတ်လမ်းပြီးမသွားသေးဘူးဆိုတာ နားလည်ထားဖို့ပါ” ဟု ပြောကြားသည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies/
ရွေးကောက်ပွဲ အလွန် နိုင်ငံရေးကို ပြည်သူများ မျက်ခြေမပြတ်ရန် လိုအပ်ဟု ဆို  ရွေးကောက်ပွဲ အလွန် နိုင်ငံရေးကို ပြည်သူများ မျက်ခြေမပြတ်ရန် လိုအပ်ဟု ဆို Reviewed by THITHTOOLWIN on 08:53 Rating: 5
Powered by Blogger.