ကယားပြည်နယ်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အမှု တစ်ခုမှ မရှိ


၂၀၁၅ နိုဝင်ဘာ(၈) ရက်တွင် ကျင်းပသွားခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ကယားပြည်နယ်သည် အမှု၊ ပြဿနာများ တစ်ခုမှမဖြစ်ပေါ်ခဲ့ဟု ကယားပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးကျော်ဆန်းဝင်းက ဆိုသည်။
“ကယားပြည်နယ်က ရွေးကောက်ပွဲက အေးအေးချမ်းချမ်းနဲ့ကို ပြီးသွားတယ်၊ အမှုလည်း ဘာတခုမှမှရှိဘူး၊ ဘာပြဿနာမှလည်း မရှိခဲ့ဘူး ” ၄င်းက ပြောသည်။

သို့သော်လည်း ရွေးကောက်ပွဲနေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်၌ ကြိုတင်မဲ ၅၀၀၀ ကျော် ရောက်ရှိလာမှုကြောင့် စီစစ်ခဲ့ရပြီး နောက်ဆုံးတွင် ၁၃၀၈ မဲဖြင့် အတည်ပြုလိုက်ရသည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သေးသည်။

ဦးကျော်ဆန်းဝင်းက တစ်ပြည်နယ်လုံး ရွေးကောက်ပွဲ အေးအေးချမ်းချမ်းနှင့် ပြီးဆုံးသွားသည့် အပေါ်တွင် “ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်နဲ့ ကော်မရှင်တွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတ တဲ့ရွေးကောက်ပွဲအဖြစ် သက်သေသာဓကနဲ့ ပြလိုက်ပြီဆိုတာ အားလုံးအမြင်ပါ” ဟု ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ကယားပြည်နယ် တစ်ပြည်နယ်လုံးတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော် ၃၄ နေရာရှိရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၆နေရာ အနိုင်ရရှိသွားပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၇ နေရာ နှင့် တသီးပုဂ္ဂလ တစ်နေရာ ရရှိသွားသည်။

တသီးပုဂ္ဂလ တစ်နေရာသည် ဘော်လခဲမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အနိုင်ရရှိသွားခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော် ၇ နေရာရှိသည့်အနက် ၆ နေရာသည် NLD ရရှိပြီး ကျန်သည့် ၁ နေရာသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိထားခြင်းဖြစ်ကာ အမျိုးသားလွှတ်တော် ၁၂ နေရာမှာ NLD က ၉ နေရာ အနိုင်ရရှိကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နှစ်နေရာနှင့် တစ်သီးပုဂ္ဂလ တစ်နေရာ ရရှိထားခဲ့သည်။

မူအက်စတာ
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
ကယားပြည်နယ်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အမှု တစ်ခုမှ မရှိ   ကယားပြည်နယ်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အမှု တစ်ခုမှ မရှိ Reviewed by THITHTOOLWIN on 10:17 Rating: 5
Powered by Blogger.