ရွေးကောက်ပွဲ နောက်ဆုံးအတည်ပြု ရလဒ်က မည်သို့ပင်ဖြစ်စေ ဗိုလ်ချုပ်များအတွက် မမေ့နိုင်ဖွယ် ထိုးနှပ်ချက်ဖြစ်


 စစ်ဗိုလ်ချုပ်ကြီးများက အာဏာရှင်စနစ်ဖြင့် တင်းကျပ်စွာ အုပ်ချုပ်မှုကို ရာစုနှစ်ဝက်မျှ ကြံခဲ့ရသည့် မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၈ ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင်ရခဲ့သည့်အတွက် လမ်းဘေးဈေးသည်များ၊ ပညာတတ်များ၊ နိုင်ငံရေးအကျဉ်းသားများ အပါအ၀င် ဒီမိုကရေစီ ထောက်ခံသူများက ပျော်ရွှင်အောင်ပွဲခံခဲ့ကြသည်။

လက်ရှိ အစိုးရကို ထောက်ခံသူအချို့ကပင် ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင် ဖြစ်နေသည့် နိုင်ငံတွင် ယင်းတို့၏ ဘ၀အခြေအနေ ပိုမိုတိုးတက်ကောင်းမွန်ရန် အစိုးရသစ်က ဆောင်ရွက်ပေးနိုင်မည် ဟူသော မျှော်လင့်ချက်ဖြင့် နိုဝင်ဘာ ၈ ရွေးကောက်ပွဲကို ထောက်ခံ ခဲ့ကြသည်။


ထင်ရှားသော မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးဖြစ်သည့် လာရီဂျာဂန်က “အချက်အလက်တွေ အားလုံးအရ NLD က တောင်ပြိုကမ်းပြို နိုင်နေပုံ ပေါ်ပါတယ်” ဟု ပြောကြားခဲ့သည်။ စစ်အစိုးရလက်ထက်တွင် ရေးဆွဲခဲ့သည့် အခြေခံဥပဒေအရ လွှတ်တော်အမတ်နေရာ ၂၅%ကို စစ်တပ်က ရယူထားသဖြင့် NLD အနေဖြင့် အစိုးရဖွဲ့နိုင်ရန် ရွေးကောက်ပွဲတွင် အမတ်နေရာအနည်းဆုံး ၃ ပုံ ၂ ပုံ အနိုင်ရရန် လိုအပ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရာစုနှစ် ၄ ပုံ ၁ ပုံခန့် ကြိုးစားရုန်းကန် ခဲ့ပြီးနောက် အောင်မြင်မှု ရရှိခဲ့သည့် ရွေးကောက်ပွဲ နောက်ဆုံးအတည်ပြု ရလဒ်က မည်သို့ပင်ဖြစ်စေ ဗိုလ်ချုပ်များအတွက် မမေ့နိုင်ဖွယ် ထိုးနှပ်ချက်ဖြစ်သည်။

လက်ရှိအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်ခွင့် မရှိသော်လည်း တိုင်းပြည်ကို ဦးဆောင်ရန် အတားအဆီးမဖြစ်စေဘဲ NLD အစိုးရဖွဲ့ပါက ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၏ အထက်တွင် ရှိနေမည်ဟု ပြောကြားခဲ့သည်။ ထိုပြောကြားချက်ကို စစ်တပ်၏ နိုင်ငံရေး မဟာမိတ်များက ဝေဖန်ခဲ့ကြသည်။ ကြံ့ခိုင်ရေးပါတီ၏ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးက “သမ္မတက နိုင်ငံရဲ့ခေါင်းဆောင်ပါ။ သမ္မတရဲ့ အထက်မှာ ဘယ်သူမှ မရှိပါဘူး။ သမ္မတကို ခန့်အပ်ပြီး အမိန့်ပေးတာက အခြေခံဥပဒေနဲ့ ဆန့်ကျင်နေပါတယ်” ဟု ပြောကြားခဲ့သည်။ ထိုအကြောင်းအရာက စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကြား အငြင်းပွားမှုများ ဆက်လက် ရှိနေစေဖွယ် ရှိသည်။


အမေရိကန်အစိုးရ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျို့ရှ်အန်းနက်က မြန်မာ့ရွေးကောက်ပွဲသည် “အဓိပ္ပာယ်ပြည့်ဝသော ယှဉ်ပြိုင်မှုရှိသည့် ရွေးကောက်ပွဲဖြစ်သည်” ဟု ဆိုပြီး “မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွင် အရေးပါသည့် ခြေလှမ်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မရှိခြင်းအပါအ၀င် မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံနှင့် စနစ်ဆိုင်ရာ အားနည်းချက်များ ရှိနေဆဲဖြစ်သည်ဟု မစ္စတာအန်းနက်က ဆိုသည်။

ယင်းက “မပြည့်စုံမှု အချို့ ရှိနေပေမယ့် မြန်မာနိုင်ငံမှာ ထူးခြားတဲ့ အပြောင်းအလဲဖြစ်နေပြီဆိုတာ ငြင်းလို့မရပါဘူး” ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းကလည်း မြန်မာမဲဆန္ဒရှင်များအား သည်းခံစိတ်ရှည်မှု၊ စိတ်အားထက်သန်မှုနှင့် ဂုဏ်သိက္ခာတို့အတွက် ချီးကျူးဂုဏ်ပြုခဲ့သည်ဟု ယင်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

KHTun
Photos - AFP
The Ladies News Journal
https://www.facebook.com/News.TheLadies
ရွေးကောက်ပွဲ နောက်ဆုံးအတည်ပြု ရလဒ်က မည်သို့ပင်ဖြစ်စေ ဗိုလ်ချုပ်များအတွက် မမေ့နိုင်ဖွယ် ထိုးနှပ်ချက်ဖြစ်   ရွေးကောက်ပွဲ နောက်ဆုံးအတည်ပြု ရလဒ်က မည်သို့ပင်ဖြစ်စေ ဗိုလ်ချုပ်များအတွက် မမေ့နိုင်ဖွယ် ထိုးနှပ်ချက်ဖြစ် Reviewed by THITHTOOLWIN on 09:47 Rating: 5
Powered by Blogger.