ယူရေနီယမ် သတ္တုသိုက် အီရန်ရှာဖွေတွေ့ရှိဟုဆို


 တီဟီရန် စက်တင်ဘာ ၁၃

 အီရန်နိုင်ငံ၌ ယူရေနီယမ် သတ္တုသိုက်တစ်ခုကို မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိရကြောင်း၊ မကြာမီယူရေနီယမ် သတ္တုဒြပ်စင်ထုတ်လုပ်မည့် သတ္တုတွင်း လုပ်ငန်းသစ်ကို စတင်မည်ဖြစ်ကြောင်း အီရန်အဏုမြူစွမ်းအင်အဖွဲ့ အကြီးအကဲက ပြောကြားလိုက်သည်။

အီရန်နိုင်ငံ၌ ရှာဖွေတွေ့ရှိရသော ယူရေနီယမ် သတ္တုသိုက်၏ အရွယ်အစား ပမာဏကို မိမိပြောဆိုနိုင် ခြင်းမရှိကြောင်း၊ယခင်က ယူရေနီယမ် သတ္တုရိုင်း တည်ရှိမှု နေရာ ရှာဖွေတွေ့ရှိမှုမှာ အားရဖွယ်ရာ မဟုတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ မိမိတို့ တွေ့ရှိထားသော ယူရေနီယမ် သတ္တုသိုက်နှင့် ပတ်သက်၍ အားရကျေနပ်မှုဖြစ်မိကြောင်း အီရန် အဏုမြူစွမ်းအင်အဖွဲ့ အကြီးအကဲ အလီအက္ကဘာ ဆာလီနီကပြောကြားသည်။ အီရန်နိုင်ငံ၌ ယူရေနီယမ် သတ္တုသိုက်များ တည်ရှိမှုနှင့်ပတ်သက်၍ အနောက်နိုင်ငံများမှ ဘူမိဗေဒပညာရှင်များ၏ ယခင်သုံးသပ်ချက်မှာ အားရဖွယ်ရာ မရှိခဲ့ပေ။

အီရန်နိုင်ငံ၌ ယူရေနီယမ်သတ္တုကို ပြည်တွင်းသုံးအတွက် အလုံအလောက် တူးဖော်လာနိုင်ဖွယ်ရှိသည် ဆိုသော ပြောဆိုချက်နှင့် ပတ်သက်၍ အနောက်အုပ်စု နိုင်ငံများက အနီးကပ်လေ့လာစောင့်ကြည့်နေကြမည် ဖြစ်ကြောင်း၊ အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ယင်းနိုင်ငံနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြား ဇူလိုင်လတွင် သဘောတူညီချက်ရရှိခဲ့ကြောင်း ရိုက်တာက ရေးသားဖော်ပြသည်။

အီရန်နိုင်ငံသည် ငြိမ်းချမ်းရေး ရည်ရွယ်ချက်များနှင့် အညီသာလျှင် နျူကလီးယား အစီအစဉ်ကို အကောင်အထည်ဖော်နေသည်ဟု ယင်းနိုင်ငံက ထပ်တလဲလဲ ပြောကြားခဲ့သည်။

ယူရေနီယမ် သတ္တုဒြပ်စင်ကို အရပ်ဘက်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းအတွက်လည်းကောင်း၊ သိပ္ပံရေးရာ ရည်ရွယ်ချက်များအတွက်လည်းကောင်း အသုံးပြုနိုင်သည်သာမက အဏုမြူဗုံး ထုတ်လုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ယူရေနီယမ် သတ္တုသိုက် အီရန်ရှာဖွေတွေ့ရှိဟုဆို  ယူရေနီယမ် သတ္တုသိုက် အီရန်ရှာဖွေတွေ့ရှိဟုဆို Reviewed by THITHTOOLWIN on 07:55 Rating: 5
Powered by Blogger.