စင်ကာပူရောက် မြန်မာအိမ်ဖော် မြန်မာအိမ်ရှင်လင်မယား၏ နှိပ်စက်မှုကိုခံရ


“စင်ကာပူနိုင်ငံ မြန်မာအိမ်တွင် ကလေးထိန်းလုပ်နေသည့် အိမ်အကူ မိန်းကလေး အိမ်ရှင် မြန်မာလင်မယား၏ နှိပ်စက်မှုဒဏ်ကို မခံနိုင်၍ ထွက်ပြေးလာခဲ့ရာ လတ်တလောတွင် စင်ကာပူနိုင်ငံရှိ HOME အဖွဲ့ ၏ Shelter တွင် ကျန်းကျန်းမာမာ ရှိနေပြီး ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု HOME အဖွဲ့၏ Director of Health Education and Research တာဝန်ယူထားသည့် ဦးသိန်းသန်းဝင်းက The Ladies သို့ပြောသည်။

“အခုလောလောဆယ် ရဲစခန်းမှာ အမှုဖွင့်ထားတယ် ပြောတယ် ။ အဲဒီတော့ ဒီဘက်က ရဲနဲ့ တရားရုံးကနေ ဥပဒေအတိုင်း ကြားနာစီရင်မှာပါ ။ မိန်းကလေးကတော့ ကျွန်တော်တို့ HOME အဖွဲ့ရဲ့ shelter မှာ ကျန်းကျန်းမာမာ ရှိနေပါတယ်” ဟု ဦးသိန်းသန်းဝင်းက ပြောသည် ။


အဆိုပါ မြန်မာအမျိုးသမီးသည် စင်ကာပူမြို့ ၊ Choa Chu Kang အရပ် ရှိ မြန်မာအင်ဂျင်နီယာ လင်မယားအိမ်သို့ မွေးကင်းစကလေးကို ပြုစုစောင့်ရှောက်ရန် တစ်လလျှင် လစာမြန်မာငွေ တစ်သိန်းခွဲကျပ် ( S$ 165/- ) ဖြင့်ပိတ်ရက်မရှိ ။ အေးဂျင့်မပါ တိုက်ရိုက်ခန့်စနစ်ဖြင့် ယခုနှစ် ဧပြီလတွင် ရောက် ရှိ အလုပ်လုပ်ကိုင် ခဲ့ သူဖြစ်ကြောင်း စင်ကာပူနိုင်ငံရှိ မြန်မာများအား ကူညီပေးနေသည့် HOME အဖွဲ့မှ မခင်လေးက ၎င်း၏ ဖေ့စ်ဘုတ်အင်တာနက် စာမျက်နှာတွင် ရေးသားထားသည် ။

“ဘာကြောင့် အေးဂျင့်မရှိတာလဲ ဟုမေးသောအခါ သူမ၏ အစ်မနှင့် အိမ်ရှင်အမျိုးသမီးမှာ သူငယ်ချင်းဖြစ်ခြင်းကြောင့် ဟု ပြောပြသည် ။ ဒီဒဏ်ရာတွေ ဘာကြောင့်ရတာလဲဟု မေးမြန်းသောအခါ. . .ရောက်ရှိပြီး နှစ်လကျော် ( June လ ကုန်ပိုင်း)တွင် လင်မယား နှစ်ယောက်ညနေပိုင်း အပြင်သွားပြီး ညကိုးနာရီကျော် ပြန်လာသောအခါ ကလေးကို နို့မတိုက်ထားသောကြောင့်ဟု အပြစ်တင်ကာ ပါးကိုစရိုက်ခဲ့ကြောင်း (တကယ်တော့ အဲ့ဒီ့ကလေးနှစ်လသားဘေးမှာ ညီမလေးနှင့် အတူ အဘွားအရင်း ( အိမ်ရှင်မ အမေ )ရှိနေခဲ့တာပါ။ နောက်ပိုင်းမှာတော့ အခန်းထဲနေထိုးလည်း ရိုက်၊ ဟိုဟာမ လုပ်ရိုက်ဒီဟာ မလုပ်ရိုက်နဲ့ ဒီဒဏ်ရာတွေ ရရှိနေခဲ့တာပါ” ဟု မခင်လေးက ရေးသားထားသည် ။


မည်သူရိုက်ကြောင်းကို မေးသည့်အခါတွင် လင်မယားနှစ်ယောက်လုံးက ရိုက်ခဲ့ခြင်းဖြစ်ပြီး မိန်းမဖြစ်သူက အကြိမ်များစွာ ရိုက်ခဲ့ကြောင်း၊ ယောက်ျားဖြစ်သူက တစ်ခါတစ်ရံသာ ရိုက်ကြောင်း ၊ အညိုအမည်း စွဲနေသည်များကို တွေ့၍ မည်သည့်အရာဖြင့် ရိုက်သည်ကို မေးသည့်အခါ ကော်အင်္ကျီချိတ်ဖြင့် ရိုက်ကြောင်း ကော်အင်္ကျီချိတ် သုံးလေးချောင်း ကျိုးသည့်အခါ သံအကျီချိတ်ဖြင့် ရိုက်ကြောင်း ၊ နောက်ပိုင်းတွင် စတီးပိုက်လုံးဖြင့် ရိုက်သည်ဟု ပြောပြကြောင်း မခင်လေးက ရေးသားထားသည် ။


အဆိုပါ မြန်မာအမျိုးသမီးသည် ယခုအခါ ဘယ်ဘက်ပါးတစ်ခုလုံး ရောင်နေကာ အကျိတ်ကြီး တစ်ခုကဲ့သို့ မာနေပြီး ပါးစပ် ကောင်းကောင်းမဟနိုင်ကြောင်း ၊ အစာကို မ၀ါးနိုင်သည့်အတွက် အရည်သာ မျိုချနိုင်ကြောင်း ၊ ဘယ်ဘက်ပခုံးရိုး ကျိုးနေသည်ဟု ယူဆရသည့်အတွက် ဆေးရုံပြသဖို့ရန် စီစဉ်နေပြီး တင်ပါးဆုံရိုးနေရာတွင်လည်း ညိုမည်းကာ အကျိတ်ခဲကြီးတစ်ခု ဖြစ်နေကြောင်း မခင်လေးက စက်တင်ဘာ ၂၂ ရက်တွင် ရေးသားထားသည် ။

“လက်နှစ်ဖက်စလုံး ယောင်ကိုင်းနေကာ တစ်ကိုယ်လုံး ဒဏ်ရာများကတော့မြင်တဲ့ အတိုင်းပါ။ မနေ့  ညနေ သုံးနာရီလောက်က အိမ်ရှင်အိမ်မှ ထွက်ပြေးလာသည်ဖြစ်သည့်အတွက်. . .ဘယ်လိုဒီကို ရောက်လာတာလဲဟု မေးမြန်းသောအခါ. . .ထွက်ပြေးပြီး အိမ်အောက်ရောက်သောအခါ ကျောင်းသူလေးတစ်ဦးကို အကူအညီတောင်းပြီး သူမ၌ရှိနေသည့် အေးဂျင့်တစ်ခုရှိ မြန်မာအမျိုးသမီးတစ်ဦးထံ အကူအညီ တောင်းပါကြောင်း သူမက MOM သို့  ရဲစခန်းသွားခိုင်းသည့်အတွက် နားမလည်၍ ကျောင်းသူမလေးမှ ဖုန်းနားထောင်ပေးပြီး MOM သွားရန်အတွက် သူ၏မိခင်ကို လှမ်းခေါ်ကာTaxi ခနှင့် ဗိုက်ဆာလျှင် ဝယ်စားရန် S$26/- ပေးခဲ့ကြောင်း ပြောပြပါသည်။ MOM ရောက်ပြီး မြန်မာဘာသာပြန်နှင့်အတူ TTSH သို့  သွားရောက်ပြီး ( MOM ရဲ့ သီတင်းပေးမှုနဲ့ ဆေးရုံသို့  ရဲရောက်လာ ) ထိုမှ အိမ်ရှင်အိမ်သို့ ရဲများ ညတွင်းချင်း သွားကာ သူမကို ရိုက်ခဲ့သော ကိရိယာများကို သိမ်းဆည်းကာ သူမ၏ ပစ္စည်းများကိုလည်း ပြန်လည် ယူဆောင်လာခဲ့ စေပါသည်။ ထိုမှ သံရုံးသို့ ရောက်ပြီး သံရုံးမှ တစ်ဆင့် HOME ကို ရောက်ရှိခဲ့ပါသည်” ဟု မခင်လေးက ရေးသားထားသည် ။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံဖွား မြန်မာနိုင်ငံသား အချင်းချင်းမို့ မည်သည့်ဘက်မှ ကြားရနားသက်သာစရာ မရှိကြောင်း ၊ ကိုယ်ချင်းစာတရား လက်ကိုင်ထားကြရန် တိုက်တွန်းကြောင်းနှင့် အဆိုပါ မြန်မာအမျိုးသမီးအတွက် ကူညီချင်သည်ဆိုပါက ၎င်းမှတစ်ဆင့် ပေးကမ်းနိုင်ကြောင်း မခင်လေးက ၎င်း၏ ကိုယ်ပိုင် အင်တာနက်စာမျက်နှာ ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။

The Ladies News Journal
https://www.facebook.com/News.TheLadies
စင်ကာပူရောက် မြန်မာအိမ်ဖော် မြန်မာအိမ်ရှင်လင်မယား၏ နှိပ်စက်မှုကိုခံရ   စင်ကာပူရောက် မြန်မာအိမ်ဖော် မြန်မာအိမ်ရှင်လင်မယား၏ နှိပ်စက်မှုကိုခံရ Reviewed by THITHTOOLWIN on 18:41 Rating: 5
Powered by Blogger.