မြန်မာရဲ့ လမ်းမတော်တဆမှုက ဒုတိယ အဆိုးဝါးဆုံးဖြစ်

နေပြည်တော် - မန္တလေးလမ်းမ (Credit: ABC)
 မြန်မာနိုင်ငံမှာ ​မတော်တဆမှုကြောင့် ​လမ်းပေါ်မှာ ​သေဆုံးရသူတွေ ​များလွန်းနေပြီး ​အရှေ့တောင်အာရှမှာ ​ဒုတိယ ​အများဆုံး ​ဖြစ်တယ်လို့ ​သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ ​လမ်းအန္တရာယ်နဲ့ ​ပတ်သက်ပြီး ​အစီရင်ခံစာ ​ပြုစုရာမှာ ​ကနဦးတွေ့ရှိချက်အရ ​အရှေ့တောင်အာရှမှာ ​မြန်မာက ​ဒုတိယ ​အဆိုးဝါးဆုံး ​ဖြစ်နေတာကို ​တွေ့ရတာ ​ဖြစ်ပါတယ်။

တစ်ရက်မှာ ​ဘယ်နှစ်ယောက်နှုန်းသေဆုံးနေရသလဲ ​ဆိုတာကို ​ကနဦးတွေ့ရှိချက်ထဲမှာ ​မဖော်ပြထားသေးပါဘူး။

ဒါပေမဲ့ ​ထိုင်းနိုင်ငံပြီးရင်တော့ ​မြန်မာနိုင်ငံဟာ ​လမ်းမှာ ​သေဆုံးရသူ ​ဒုတိယ ​အများဆုံး ​ဖြစ်တယ်လို့ ​ဖော်ပြထားပြီး ​အစီရင်ခံစာ ​အပြည့်အစုံကို ​ဒီနှစ်ကုန်လောက်မှာ ​ဖော်ပြဖို့ ​ရှိပါတယ်။

အရင်တစ်ခေါက်က ​ပြုလုပ်တဲ့ ​အစီရင်ခံစာတုန်းက ​မြန်မာနိုင်ငံဟာ ​အရှေ့တောင်အာရှ ​၁၁ ​နိုင်ငံထဲမှာ ​နံပတ်ခြောက် ​နေရာ ​ရှိခဲ့ပေမယ့် ​အခုတော့ ​ဒုတိယအဆိုးဆုံးနေရာ ​ရောက်လာနေတာ ​ဖြစ်ပါတယ်။

၂၀၀၆ ​ခုနှစ်ကနေ ​၂၀၁၁ ​ခုနှစ်တုန်းကတော့ ​လူတစ်သိန်းမှာ ​၁၅ ​ယောက်လောက်က ​လမ်းမှာ ​မတော်တဆ ​ဖြစ်ရတယ်လို့ ​ဖော်ပြထားပြီး ​နံပတ်ခြောက် ​အဆိုးဝါးဆုံးမှာ ​ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ​ဘာကြောင့် ​သေဆုံးမှုတွေ ​ပိုများလာရသလဲ ​ဆိုတာ ​မသိရသေးပေမယ့် ​၂၀၁၁ ​နောက်ပိုင်း ​ကားတွေ ​ပိုများလာတာတွေ၊ ​ကားဟောင်းများပြားတာတွေ၊ ​ကားမောင်းမကျွမ်းကျင်တာတွေနဲ့ ​လမ်းတွေကြောင့် ​ဖြစ်နိုင်တယ်လို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ​ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ​ဒီကိစ္စကို ​ကိုယ်တွယ်ဖြေရှင်းသင့်တယ်လို့ ​ယူဆတာကြောင့် ​မြန်မာအာဏာပိုင်တွေနဲ့ ​စကားပြောဆိုတာတွေ၊ ​ဘယ်နေရာမှာ ​မတော်တဆမှု ​အများဆုံး ​ဖြစ်ရသလဲ ​ဆိုတာတွေကို ​လေ့လာရမယ်လို့ ​ပြောပါတယ်။

ကလေးငယ်တွေကိုလည်း ​လမ်းဖြတ်ကူးတဲ့ ​ပညာပေးလုပ်ငန်းတွေ ​လုပ်ရမှာ ​ဖြစ်ပြီး ​အထူးသဖြင့် ​ရန်ကုန် ​မန္တလေး ​ကားလမ်းမ ​တလျှောက်မှာ ​နေထိုင်တဲ့ ​ကလေးတွေကို ​ပညာပေးရမယ်လို့ ​ပြောပါတယ်။

လွန်ခဲ့တဲ့ ​သုံးပါတ်အတွင်း ​လမ်းမတော်တဆမှုကြောင့် ​သေဆုံးတဲ့ ​ဦးရေဟာ ​ရေကြီးမှုကြောင့် ​သေဆုံးတဲ့ ​ဦးရေထက် ​များပြားပေမယ့် ​ဒီကိစ္စကို ​နိုင်ငံရေး ​သမားတွေက ​ဖြေရှင်းဖို့ ​သိပ်စိတ်မဝင်စားဘူးလို့လည်း ​မြန်မာနိုင်ငံက ​လမ်းအန္တရာယ်ကင်းရှင်းရေး ​လှုပ်ရှားသမားတစ်ဦးက ​Frontier ​သတင်းကို ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မြန်မာရဲ့ လမ်းမတော်တဆမှုက ဒုတိယ အဆိုးဝါးဆုံးဖြစ်   မြန်မာရဲ့ လမ်းမတော်တဆမှုက ဒုတိယ အဆိုးဝါးဆုံးဖြစ် Reviewed by THITHTOOLWIN on 19:07 Rating: 5
Powered by Blogger.