ရှက်တက်ကြပါစေ...


ပြီးခဲ့တဲ့ရက်ကပဲ ရန်ကုန်မှာနေတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ကား ညပိုင်းတိုက်ခန်းရှေ့လမ်းပေါ်မှာ ရပ်ထားရာမှ ကားရဲ့ရှေ့ကာဘာ ဖြုတ်အခိုး ခံခဲ့ရပါတယ်။ ရန်ကုန်မှာ ကိုယ်ပိုင်ခြံဝန်းနဲ့ မနေနိုင်တဲ့သူတွေ အတွက်တော့ ဒီလိုအဖြစ်အပျက်တွေက အဆန်းမဟုတ်တော့ပါဘူး။ ကားတင်သွင်းတဲ့သူတွေတောာင် လုံခြုံရေးအပြည့်ရှိတဲ့ ဆိပ်ကမ်းရောက်တာနဲ့ အနည်းနဲ့ အများဆိုသလို ဖြုတ်အခိုး ခံရကြတာပါပဲ။

ကိုယ်တိုင်မတွေ့ကြုံဘူးတောင် ဒီအဖြစ်မျိုးတွေက နေ့စဉ်ဆိုသလို ကြားဖူးကြားမှာပါ။ အခုမိတ်ဆွေဖြုတ်အခိုးခံရတဲ့ ကားပစ္စည်းကလည်း အသစ်ဝယ်လို့ မရပါဘူးတဲ့။ အဲ့ဒါနဲ့ဘယ်လို လုပ်ရမလဲဆိုပြီး အသိမိတ်ဆွေတွေစုံစမ်းကြည့်တော့ ဘာမှမပူနဲ့ နေ့လယ်ပိုင်းလောက်ကြရင် တာမွေအခွန်လွတ်ဈေး သွားရှာလိုက် ခင်ဗျားပစ္စည်းပြန်ရလိမ့်မယ်ဆိုပြီး အကြံပေးကြပါတယ်။ မိတ်ဆွေများရဲ့ လမ်းညွန်မှုအတိုင်း နောက်နေ့ နေ့လည်ပိုင်းလောက် တာမွေအခွန်လွတ်ဈေးသွားရှာတာ မိမိပျောက်သွားတဲ့ ပစ္စည်း အစစ်အမှန်ကို ရခဲ့ပါတယ်တဲ့ခင်ဗျာ။

ဒီလိုအဖြစ်မျိုးကို ရန်ကုန်မန်းလေးမှာနေတဲ့ ကားပိုင်ရှင်ဆိုင်ကယ်ပိုင်ရှင်တွေ အများစုကြုံဘူးကြမှာပါ။ ပျောက်တိုင်း ကားပစ္စည်းအဟောင်းတန်းမှာ ပြန်ရှာဝယ်တက်ကြရပါတယ်။ ထူးဆန်းတာက ကိုယ့်ပစ္စည်းကို ပြန်ပြီးငွေပေးပြန်ဝယ်နေရတာပါပဲ။ ဒီလိုကားပစ္စည်းတွေကို မကြာခဏ ဘာလို့အခိုးခံနေရတာလဲ။ အဖြေကတော့ ရဲတပ်ဖွဲ့ရဲ့ အားနည်းချက်ကြောင့်ဖြစ်သလို အဓိက အကြောင်းအရာကတော့ ခိုးရာပါ ပစ္စည်းလက်ခံပြီး ပြန်လည်ရောင်းချပေးတဲ့ ဈေးကွက် ရှိနေလို့ပဲဖြစ်ပါတယ်။ ရန်ကုန်တာမွေအခွန်လွတ်ဈေးတို့ မန်းလေးက ကြက်တန်းတို့ဟာ ခိုးရာပါပစ္စည်းလက်ခံတဲ့ ဈေးကွက်အလား ဖြစ်နေပါတယ်။ ဒါအားလုံးသိနေတဲ့ကိစ္စဖြစ်ပေမယ့် သက်ဆိုင်ရာက အရေးယူတားဆီးမှုမရှိပဲ ဒီနေ့ထိတိုင် တည်ရှိနေပါတယ်။ ဒီဆိုင်တွေကသာ ခိုးရာပါပစ္စည်းတွေကို လက်မခံဘူးဆိုရင် ကားပစ္စည်းဖြုတ်ခိုးတဲ့သူခိုးတွေလည်းေ ပျာက်သွားမှာဖြစ်သလို အခုလိုယာဉ်ပိုင်ရှင်တွေ ကားပစ္စည်းဖြုတ်အခိုးခံရတဲ့ ဒုက္ခတွေ့ကြုံရမှာ မဟုတ်တော့ပါဘူး။ အခုတော့ ဒီဆိုင်ပိုင်ရှင်တွေဟာသူခိုးတွေခိုးဖို့ အားပေးအားမြှောက် ပြုနေကြသလိုဖြစ်မနေဘူးလားလို့ စဉ်းစားမိပါတယ်။

အဲ့ဒီအကြောင်းကို စဉ်းစားရင် ကျွန်တော်တို့မြန်မာလူမှုအဖွဲ့အစည်းရဲ့ လွဲမှားနေတဲ့ကိစ္စလေးတွေကို ဆက်စပ်တွေးမိပါတော့တယ် ။ ကျွန်တော်တို့ဗုဒ္ဓဘာသာမှာ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာစောင့်ထိမ်းရမယ်လို့ ဘုရားဟောခဲ့ပါတယ်။ ထိုငါးပါးသီလထဲမှာ သူများပစ္စည်းဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြင်ပါ၏ဆိုတဲ့အချက် ပါပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေဟာ သူတပါးပစ္စည်းခိုးယူတဲ့ သူတွေကို အားပေးအားမြှောက်ပြုခြင်း အထင်ကြီးနေချင်း ကိုယ်တိုင်ကျူးလွန်ဖို့အားထုတ်မိနေခြင်းဆိုတဲ့ စိတ်တွေဖြစ်ပေါ်နေတာကျွန်တော်တို့တွေ သတိမထားမိကြဘူး ဖြစ်နေပါတယ်။

ကျွန်တော်ငယ်ငယ်က ကျွန်တော်သူငယ်ချင်းရဲ့အဖေကို အထင်ကြီးပြီး သူ့လိုဖြစ်ချင်ခဲ့ဘူးပါတယ်။ ကျွန်တော်သူငယ်ချင်းရဲ့ အဖေက ဓာတ်ဆီဆိုင်တစ်ခုမှာ အရာရှိတစ်ဦးပါ။ သိတဲ့အတိုင်းပဲ အဲ့အချိန်က
အနိမ့်ဆုံးဝန်ထမ်းဖြစ်တဲ့ပန့်ကိုင်တောင် တိုက်နှစ်လုံးသုံးလုံးနဲ့ မယားငယ် ၂ ယောက်လောက်အနည်းဆုံးထားတဲ့အချိန်ဆိုတော့ သူငယ်ချင်းမိသားစုက တော်တော်လေးချမ်းသာကြပါတယ်။ေ ငွကိုရေလိုသုံးနိုင်တယ်လို့တောင်ပြောနိုင်တဲ့အဆင့်ပါ။ သူတို့အိမ်ကိုသွားတိုင်း သူတို့မိသားစုကို အားကျနေမိတယ်။ ငါတို့အဖေလည်း သူတို့အဖေလိုဖြစ်ရင်ကောင်းမှာပဲလို့ ကြိတ်စိတ်ကူးမိတာအမှန်ပါ။ သူငယ်ချင်းအဖေက သူခိုးကြီးလို့မမြင်မိပဲ အထင်ကြီးနေမိပါတယ်။

ကျွန်တော်ဘွဲ့ရတော့ နိုင်ငံခြားသွားဖို့ စီစဉ်နေတဲ့အချိန်မျာ ကျွန်တော်သူငယ်ချင်းတွေထဲက သူငယ်ချင်းတယောက်က အကောက်အခွန်ဦးစီးဌာနထဲ ၀င်သွားပါတယ်။ အဲ့ဌာနမှာ အလုပ်ရရေးအတွက် သူငယ်ချင်းဟာ အဲ့ခေတ်က ငွေ သိန်း ၃၀ ကန်တော့ခဲ့ရပါတယ်။ ဒါတောင် သူ့တို့အမျိုးတော်စပ်တဲ့ အထက်လူကြီးရှိလို့ပါ။ ပိုက်ဆံတက်နိုင်တိုင်း လူတိုင်းဝင်လို့မရပါဘူး။ တစ်ယောက်ကတော့ ရေနံရုံးမှာဝင်သွားပါတယ်။ သူလည်း
တော်တော်လေးကန်တော့ရပါတယ်။ ကျွန်တော့်တောင် နိုင်ငံခြားသွားမယ့်အစား ဓာတ်ဆီဆိုင်မှာ ပန့်ကိုင်လုပ်မလားတဲ့ ၂၅ သိန်းလောက်တော့ ကန်တော့ရမယ်တဲ့။ ဒါပေမယ့်မပူနဲ့ ၆ လ ၁ နှစ်ဆိုမင်းအရင်းကြေပြီတဲ့။

ထားပါတော့ဗျာ အခုလိုအဖြစ်မျိုးတွေ စာဖတ်သူတွေ အများကြီးကြုံဖူးကြားဖူးမှာပါ။ ခုချိန်ထိလည်း ဒီလိုဌာနတွေမှာ အလုပ်ရဖို့ နည်းမျိုးစုံနဲ့ကြိုးစားနေကြဆဲပါ။ လူအများစုဟာ ကျွန်တော့်သူငယ်ချင်းတွေလိုပဲ ကညန၊ စည်ပင်၊ အကောက်အခွန်၊ ရေနံ၊ သစ်တော၊ လ၀က စသော ဌာနတွေမှာ ငွေကြေးအများကြီးအကုန်ကျခံပြီး ဘာကြောင့် အလုပ်လုပ်ချင်နေကြတာလဲ။ သေချာတာကတော့ သူတို့တွေဟာ အဲ့အလုပ်တွေကို စိတ်ဝင်စားလွန်းလို့ လုပ်ချင်လွန်းလို့တော့ မဟုတ်တာသေချာပါတယ်။ ဒါဆိုဘာကြောင့်လဲ ရှင်းရှင်းလေးပါ ဘေးပေါက်ငွေများများရလို့ များများခိုးရလို့ဆိုတာ အသေအချာပါပဲ။ လူဆယ်ယောက်မှာ ၉ ယောက်လောက်က ဒီလိုဌာနမျိုးတွေမှာ အလုပ်လုပ်ချင်ကြလိမ့်မယ်ဆိုရင်မှားမယ်မထင်ပါဘူး။ ယခုစာဖတ်သူမိတ်ဆွေကိုယ်တိုင် ယခုအချိန်မှာအလုပ်ဝင်ရမယ်ဆိုရင်ကျောင်းဆရာအလုပ်လုပ်မလား၊ အကောက်အခွန်တို့၊ လ၀က
တို့မှာအလုပ်လုပ်ချင်လားပြန်လည်ဆန်းစစ်ကြည့်ပေါ့။

ကျွန်တော်တို့ဟာ ထိုကဲ့သို့ လာတ်လာဘဘေးပေါက်များများရတဲ့ ဌာနများမှ ၀န်ထမ်းများကို အထင်ကြီးအားကျနေကြ ကိုယ်တိုင်လည်း သူတို့လိုဖြစ်ချင်နေကြပါတယ်။ ကိုယ်မိတ်ဆွေတွေရဲ့ မိဘများက အဲ့လိုဌာနမျိုးက လူကြီးဆိုရင် ဟာ မင်းတို့မိဘက မိုက်တယ်နော်ဆိုပြီး အားကျနေတက်ကြပါတယ်။ ဘယ်သူမှ မင်းတို့မိဘတွေက အကျင့်မကောင်းတဲ့သူတွေ ပြည်သူ့ဘဏ္ဍတွေကို ခိုးနေတဲ့ သူခိုးတွေလို့ မပြောကြပါဘူး။ ပြောဖို့နေနေသာသာ သူတို့နဲ့ ခင်မင်ခွင့်ရဖို့တောင် နည်းမျိုးစုံနဲ့ ကြိုးစားနေကြတော့ တာပါပဲ။ ယိုသူကလည်းမရှက်တော့သလို မြင်သူကလည်း ရှက်စရာလို့ မယူဆတော့ပါဘူး။

ဒီလိုနဲ့ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ အရှက်အကြောက် မရှိကြတော့ပဲ မဟုတ်တာ လုပ်နေရတာကို ဂုဏ်ယူစရာအဖြစ် မြင်နေကြပါတော့တယ်။ မိဘကမဟုတ်တာ လုပ်နေလဲ မိဘကိုယ်တိုင်ကလည်း ရှက်ရကောင်းမှန်းမသိသလို သားသမီးကလည်း ရှက်ရကောင်းမှန်း မသိတဲ့အပြင် ဂုဏ်တောင်ယူနေကြပါသေးတယ်။
ထို့အတူ သားသမီးက အကျင့်ပျက်နေတာ ခိုးနေတာတွေကိုလည်း မိဘတွေကလည်း ၀မ်းသာအားရဂုဏ်ယူနေကြတာ တွေ့မြင်နေရပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ အကျင့်ပြက်ခြစားမှု ဘာဘ်ပေးလာတ်ယူမှုဆိုတဲ့ကိစ္စဟာ နှစ်ပေါင်းများစွာ မပျောက်ကွယ်ဘဲ အမြစ်တွယ်ရှင်သန်နေတာပဲ ဖြစ်ပါတယ်။ အာရှပစိဖိတ်ဒေသတွင်းနိုင်ငံတွေထဲမှာ အကျင့်ပျက်ခြစားမှု ထိပ်ဆုံးသုံးနိုင်ငံထဲမှာ ကျွန်တော်တို့နိုင်ငံ ပါဝင်ပါတယ်။
စဉ်းစားကြည့်ပေါ့ အကျင့်မကောင်းတဲ့သူ အပေါများဆုံး သူခိုးအများဆုံး တိုင်းပြည်လို့ပြောလိုက်တာနဲ့ အတူတူပါပဲ။ ရှက်တက်မယ်ဆိုရင် အင်မတန်ရှက်စရာကောင်းတဲ့ ကိစ္စတွေပါပဲ။

ဒါပေမယ့် ရှက်ကြလားဆိုတော့ မရှက်ကြတဲ့အပြင် အကျင့်ပျက်ခြစားခွင့်ရတဲ့ ဌာနမှာ အလုပ်လုပ်နေရတာကိုပဲ ဂုဏ်ယူနေကြတာပါပဲ။ ဟုတ်မဟုတ်စဉ်းစားကြည့်ပေါ့။ ဒီနေ့ ပြည်ထဲရေးဝန်ကြီးဌာနကိုပဲကြည့်ပါ။ ရှေ့တန်းတပ်ရင်းတို့ လေ့ကျင့်ရေးကြောင်းတို့မှာထက် အရပ်ဘက် အုပ်ချုပ်ရေးမှာ နေချင်ကြတဲ့သူ ပိုများပါလိမ့်မယ်။ ပညာရေးတို့ ကျန်းမာရေးဌာနက ၀န်ထမ်းတွေဟာလည်း နယ်စပ်ဒေသ ကျေးလက်ဒေသတွေထက် ရန်ကုန်မန်းလေးလိုမြို့ကြီးတွေမှာပဲ တာဝန်ထမ်းတောင်ချင်ကြတာ ပိုများပါတယ်။ ဒါက ဥပမာပြောပြတာပါ။ ၀န်ကြီးဌာနတိုင်းမှာ အဲ့လိုပါပဲ။ နေရာကောင်းတဲ့နေရာပဲ အလုပ်လုပ်ချင်ကြတာပါ။ နေရာကောင်းဆိုတာကတော့ လာတ်လာဘ ဘေးပေါက်များများရတဲ့ နေရာကိုပြောတာပါ။

ကျွန်တော်တို့နိုင်ငံမှာ အစိုးရ၀န်ထမ်းအများစုဟာ ၀န်ထမ်းဖြစ်ပြီဆိုတာနဲ့ နေရာကောင်းရရှိရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးစားကြတယ်ဆိုတာ ငြင်းလို့မရတဲ့အချက်ပါ။ ထိပ်ဆုံးကနေ အောက်ခြေအဆင့်အထိ အများစုဟာ အကျင့်ပျက်ခြစားနေကြပါတယ်။ ဒါ့ကြောင့် တိုင်းပြည်ဘဏ္ဍာငွေတွေဟာ ဇီးသီးဘန်းမှောက်သလိုပဲ
ဟိုလူတဆုပ် ဒီလူတဆုပ်နဲ့ ၀ိုင်းယူလိုက်ကြတော့ အပေါ်ကတသိန်းချပေးလိုက်ရင် အဆင့်ဆင့်စားလိုက်ကြတာ အောက်ဆုံးရောက်တော့ တထောင်လောက်ပဲ ကျန်ပါတော့တယ်။ အကျင့်ပျက်ခြစားမှုရှိမရှိဆိုတာ ဒီနေ့ မြန်မာနိုင်ငံရဲ့ ထိပ်ပိုင်းခေါင်းဆောင်များရဲ့ သူတို့ပိုင်ဆိုင်မှုစည်းစိမ်များကို ကိုစစ်ဆေးကြည့်လိုက်ပါ။ သူတို့ရရှိတဲ့လစာနဲ့ သူတို့ပိုင်ဆိုင်မှုတွေ ချိန်ထိုးကြည့်တာနဲ့ အရှင်းကြီးတွေ့မြင်ရမှာပါ။

မြန်မာနိုင်ငံရဲ့ဝန်ကြီးတွေအားလုံး ယနေ့ထိ တကျပ်တပြားမှ လာဘ်မစားဘူးပဲ တိုင်းပြည်နဲ့ ပြည်သူအတွက် စေတနာသက်သက်နဲ့ တာဝန်ထမ်းဆောင်နေပါတယ်ဆိုတဲ့ ၀န်ကြီးရှိရင် ကျွန်တော်ဆီခေါ်ခဲ့ပါ။ ဂျာနယ်မှာမျက်နှာဖုံးတင်ပြီး တိုင်းသိပြည်သိ ဂုဏ်ပြုပေးချင်ပါတယ်။ တကယ်ပြောတာပါ။ ရှိရင်ဆက်သွယ်လိုက်ပါ။

ထို့အတူ မြန်မာနိုင်ငံရဲ့ထိပ်တန်းခရိုနီသူဌေးတွေကိုလည်း သူတို့ပိုင်ဆိုင်မှုတွေကို စစ်ဆေးကြည့်လိုက်ပါ။ မိမိအသိပညာ အတက်ပညာနဲ့ နည်းမှန်လမ်းမှန်ကြိုးစားပြီး ချမ်းသာလာတဲ့သူ ဘယ်နှစ်ရောက်ရှိလဲဆိုတာ။
ပြည်သူတွေက စားစရာမရှိဖြစ်နေကြတဲ့အချိန်မှာ သူတို့တွေက တိုင်းပြည်ရဲ့ပိုင်ဆိုင်မှုတွေကို မတရားရယူထားပြီး ထားစရာမရှိအောင်ချမ်းသာနေကြတာ ရှက်ရကောင်းမှန်းမသိကြပါဘူး။ သူတို့မလို့ မျက်နှာမပူဗျာ။ သူတို့အားလုံးသာ အရှက်တရား အကြောက်တရား ရှိကြမယ်ဆိုရင် ဒီနေ့ တိုင်းပြည်အခြေအနေ ဒီလောက်ထိ ဆင်းရဲစရာမရှိဘူးလို့ ပြောရဲပါတယ်။

ဒီနေ့တိုင်းပြည်ဆင်းရဲ့တွင်းက မရုန်းထွက်နိုင်သေးတာဟာ အာဏာရှင်နဲ့ အပေါင်းအပါ ခရိုနီလူတစ်စုရဲ့ အကျင့်ပျက်လာဘ်စားမှု တိုင်းပြည်ပိုင်ဆိုင်မှုတွေကို မတရား ရယူထားမှုတွေကလည်း အဓိကအချက် အနေနဲ့ပါဝင်ပါတယ် ။ ဘာကြောင့် ဒီအကျင့်ဆိုးကြီးကနှစ်ပေါင်းများစွာ အမြစ်တွယ်နေရသလဲဆိုတော့
ကိုယ်တိုင်လုပ်နေတဲ့တဲ့သူတွေကလည်း ရှက်ရကြောက်ရကောင်းမှန်း မသိသလို ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကလည်း လက်ခံအားပေးနေမှုကြောင့်ပဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေ ဘာလို့ဖြစ်ပေါ်ရသလဲဆိုတော့ တိုင်းပြည်ရဲ့အခြေအနေကြောင့်ပဲဖြစ်ပါတယ်။
တိုင်းပြည်တည်ငြိမ်မှုမရှိတဲ့နိုင်ငံတခုမှာ မဟုတ်တာ မမှန်တာလုပ်တဲ့သူတွေက ရှေ့တန်းရောက်နေတက်ပြီး အသိပညာရှင် အတက်ပညာရှင် လူမှန်တွေက နောက်တန်းရောက်နေတက်ကြတာ ဓမ္မတာပါပဲ။ ဒီလိုအခြေအနေဟာ အချိန်ကြာမြင့်လာတော့ လူငယ်တွေဟာ အတုခိုးမှားလာပါတော့တယ်။ မဟုတ်တာကို အဟုတ်ထင်နေကြတယ်။ အမှားကို အမှန်လို့ထင်လာကြတယ်။ ရှက်စရာကို ရှက်ရကောင်းမှန်းမသိကြတော့ဘူး။ ဒီနေ့ ကျွန်တော်တို့နိုင်ငံရဲ့လူငယ်အများစုက ပညာကိုကြိုးစားသင်ဖို့ စိတ်မပါကြတော့ဘူး။ နည်းမှန်လမ်းမှန်နဲ့ ကြီးပွားတိုးတက်အောင် ကြိုးစားဖို့ထက် ဂွင်တို့ လမ်းကြောင်းတို့ပဲရှာကြတော့တယ်။ မဟုတ်တာလုပ်နေတဲ့သူတွေကို အားကြအထင်ကြီးလာပြီး ကိုယ်တိုင်လည်း လုပ်ဖို့ အားထုတ်လာကြပါတော့တယ်။

ဒီလိုနဲ့ပဲမုန့်လုံးစက္ကူကပ် လုံးခြားလိုက်ပြီး တိုင်းပြည်က ဖွတ်သထက်ညစ်လာပါတော့တယ်။ အပြစ်လုပ်နေတဲ့သူတွေကလည်း ရှက်ရကောင်းမှန်းမသိတော့။ တိုးတိုးပြီးမျက်နှာပြောင်တိုက် မိုက်နေကြတော့တယ်။ ဒီနေ့တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေ၊ ခရိုနီသူဌေးတွေရဲ့ လုပ်ရပ်များ ပြောစကားများဟာ ရှက်ရကြောက်ရ ကောင်းမှန်းကို မသိဖြစ်နေတာတွေ့ မြင်ရမှာပါ။ သူတို့အတွက် ရှက်နည်းသင်တန်းတောင် ပေးရမလိုဖြစ်နေပါတော့တယ်။

ကျွန်တော်တို့နိုင်ငံဆင်းရဲတွင်းကရုန်းထွက်နိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေအလယ်မှာ မျက်နှာပန်းလှဖို့ ကျွန်တော်တို့ လူ့လောကပတ်ဝန်းကျင်ကောင်းမွန်ဖို့အတွက် မဟုတ်တာလုပ်တာကို ရှက်ရကြောက်ရမှန်းသိဖို့လိုအပ်သလို ပတ်ဝန်ကျင်းအသိုင်းအ၀ိုင်းကလည်း မဟုတ်တာမမှန်တာလုပ်တာကို လက်ခံအားမပေးပဲ ၀ိုင်းကြဉ်ပေးကြရပါမယ်။
ရှက်တက်ကြပါစေ . . .

- ကျော်ကြီး(MDY)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ရှက်တက်ကြပါစေ... ရှက်တက်ကြပါစေ... Reviewed by THITHTOOLWIN on 05:57 Rating: 5
Powered by Blogger.