လူသိနည်းတဲ့ ဘုရင်မ အဲလိဇဘက်အကြောင်း ၁၀ ခု

အဲလိဇဘက် ဘုရင်မ (Credit: Reuters) 
 ဗြိတိန်နိုင်ငံက ဘုရင်မ အဲလိဇဘက်ဟာ လန်ဒန်စံတော်ချိန် ဗုဒ္ဓဟူးည ၅ နာရီခွဲမှာ ဗြိတိန်နိုင်ငံရဲ့ နန်းသက်တမ်း အရှည်ဆုံး ဘုရင်မအဖြစ် စံချိန်သစ် တင်ခဲ့ပါတယ်။

နန်းတက်တဲ့ သက်တမ်းက ၆၃ နှစ် ၇ လကျော်သွားတာ ဖြစ်ပြီး အရင်တုန်းကတော့ အဲဒီ စံချိန်ကို ဘုရင်မ အဖွားရဲ့ အဖွားတော်စပ်တဲ့ ဗစ်တိုးရီးယား ဘုရင်မက ရရှိခဲ့တာ ဖြစ်ပါတယ်။

နန်းသက် စံချိန်ချိုးတာကို အသိအမှတ်ပြုတဲ့အနေနဲ့ တော်ဝင်အလံတွေ၊ ပန်းအလှဆင်တာတွေ၊ ဘုရားကျောင်း ခေါင်းလောင်းထိုးတာတွေနဲ့ ဂုဏ်ပြုကြပါတယ်။

သတင်း မီဒီယာတွေမှာလည်း ဘုရင်မ အဲလိဇဘက်ရဲ့ အကြောင်းတွေကို အများကြီး ပြောဆိုနေကြပြီး အဲဒီအထဲက လူသိနည်းတဲ့ ဘုရင်မအကြောင်း ၁၀ ခုကို အေဘီစီက ရေးသားထားပါတယ်။ အဲဒါတွေကတော့ ဘုရင်မအနေနဲ့

၁ - ဘယ်နိုင်ငံကိုပဲ သွားသွား နိုင်ငံကူး လက်မှတ်မလိုခြင်း
၂ - ခရီးသွားတဲ့အခါ ဝမ်းပျက်မှာကို စိုးရိမ်လို့ ပင်လယ်စာကို ဘယ်တော့မှ မစားခြင်း
၃ - Malvern သောက်ရေသန့်ကိုသုံးပြီး လက်ဖက်ရည်ကို ညနေ ၅ နာရီမှာ သောက်ခြင်း
၎ - အိမ်သာထိုင်ခိုင်ကို သွားတဲ့နေရာ မသယ်ခြင်း၊ သူ့ရဲ့သား မင်းသားချာလ်စ်ကတော့ သွားတဲ့နေရာမှာ အိမ်သာထိုင်ခုံ သယ်လေ့ရှိတယ်လို့ သိရပါတယ်။
၅ - ညစာစားပြီးတဲ့အခါ ပူစီနံအရသာ ချောကလက်ကို စားလေ့ရှိခြင်း
၆ - သူ့ရဲ့ ခင်ပွန်းသည် ဖြစ်လာမယ့်သူနဲ့ ပထမဆုံး အတူတူ အလည်သွားတုန်းက Oklahoma ဆိုတဲ့ ပြဇာတ်ကို ကြည့်ခဲ့ခြင်း
၇ - လေးနှစ်ပြည့်မွေးနေ့တုန်းက ဗြိတိန်မှာ ထွက်တဲ့ သစ်အမျိုးအစား ၅၀ နဲ့ ထုလုပ်ထားတဲ့ သစ်သားတုံး ကစားစရာတွေကို လက်ဆောင်ရခဲ့ခြင်း
၈ - ဘုရင်မရဲ့ ဦးလေး မင်းသား John ဟာ ကျန်းမာရေးအခြေအနေကြောင့် ပြည်သူတွေ မတွေ့အောင် အဖွက်ခံခဲ့ရခြင်း
၉ - ၁၉၅၄ ခုနှစ်တုန်းက သြစတြေးလျကို လာလည်တုန်း ခင်ပွန်းသည်နဲ့ စိတ်ဆိုးလို့ တင်းနစ်ဖိနပ်နဲ့ ခင်ပွန်းသည်ကို ပစ်ပေါက်ခဲ့ခြင်း
၁၀ - လေတိုက်တဲ့အခါ စကတ်တွေ လန်ထွက်ပြီး အရှက်ကွဲတာမျိုး မဖြစ်အောင် စကတ်ပိတ်သားတွေကို ရွှေကြိုးတွေနဲ့ လေးအောင်ချိတ်ဆွဲထားခြင်းပဲ ဖြစ်ပါတယ်။

တချို့ တော်ဝင် မိသားစုကို မကြိုက်တဲ့ လူတွေကတော့ ဘုရင်မအတွက် ပြုလုပ်ပေးတဲ့ ဂုဏ်ပြုပွဲတွေကို ဝေဖန်ကြပေမယ့် တချို့ကတော့ ဘုရင်မအနေနဲ့ ဗြိတိန်နိုင်ငံကို အကောင်းမွန်ဆုံး အလုပ်အကြွေး ပြုသူ ဖြစ်တယ်လို့ မြင်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
လူသိနည်းတဲ့ ဘုရင်မ အဲလိဇဘက်အကြောင်း ၁၀ ခု  လူသိနည်းတဲ့ ဘုရင်မ အဲလိဇဘက်အကြောင်း ၁၀ ခု Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.