al-Aqsa ဗလီမှာ အစ္စရေးနဲ့ ပါလစ္စတိုင်းတွေ ပဋိပက္ခဖြစ်ဆဲ

ဂျေရုဆလင် မြို့ဟောင်းမှာ ပါလစ္စတိုင်းသား တစ်ယောက်က လောင်ကျွမ်းနေတဲ့ ကားတာယာကို ကန်ထုတ်နေစဉ် (Credit: Reuters)
 ဂျေရုဆလင်မြို့မှာရှိတဲ့ ​al-Aqsa ​ဗလီကျောင်းမှာ ​အစ္စရေးရဲတွေနဲ့ ​ပါလစ္စတိုင်း ​လူငယ်တွေအကြား ​သုံးရက်မြောက် ​ပဋိပက္ခ ​ဆက်ဖြစ်နေကြပါတယ်။

ကျောက်ခဲတွေနဲ့ ​ပစ်ပေါက်နေကြတဲ့ ​ပါလစ္စတိုင်း ​လူငယ်တွေကို ​အစ္စရေးရဲက ​မျက်ရည်ယိုဗုံးတွေ၊ ​လူကို ​ဓာတ်လိုက်ပြီး ​ခွေလဲသွားအောင် ​လုပ်နိုင်တဲ့ ​stun ​ဗုံးတွေကို ​အသုံးပြုပြီး ​နှိမ်နင်းနေပါတယ်။

မျက်နှာကို ​ဖုံးအုပ်ထားတဲ့ ​လူငယ်တွေဟာ ​သူတို့ကိုယ် ​သူတို့ ​ဗလီကျောင်းထဲမှာ ​ပိတ်ချပြီး ​တိုက်ခိုက်နေတာ ​ဖြစ်ပါတယ်။

အဲဒီကျောင်းတော်ဟာ ​အစ္စလာမ် ​ဘာသာအတွက် ​တတိယမြောက် ​အမြင့်မြတ်ဆုံးသော ​နေရာ ​ဖြစ်သလို ​ဂျူးတွေ ​အထွဋ်အမြတ်ထားရာ ​နေရာလည်း ​ဖြစ်ပါတယ်။

ပါလစ္စတိုင်းတွေက ​ဂျူးလူမျိုးတွေရဲ့ ​နှစ်သစ်ကူးမှာ ​အနှောင့်အယှက်တွေ ​ပေးဖို့ ​စီစဉ်တဲ့အတွက် ​လုပ်ဆောင်ရတာလို့ ​အစ္စရေးဘက်က ​ပြောပါတယ်။

ပါလစ္စတိုင်းသားတွေကတော့ ​အဲဒီလို ​သန့်ရှင်းတဲ့ ​နေရာမှာ ​ဂျူးလူမျိုးတွေ ​တဖြေးဖြေး ​လာရောက်မှု ​များတာက ​မွတ်စလင်ဘာသာရေး ​ထိန်းချုပ်မှုကို ​လျော့ပါးစေတယ်လို့ ​ပြောပါတယ်။

ဂျေရုဆလင် ​အရှေ့ပိုင်းကို ​အစ္စရေးတွေက ​၁၉၆၇ ​ခုနှစ်မှာ ​သိမ်းပိုက်ပြီးတဲ့နောက် ​အဲဒီနေရာကို ​အစ္စရေးတွေက ​သိမ်းပိုက်လိုက်သလို ​West ​Bank ​ဒေသကိုလည်း ​သိမ်းပိုက်လိုက်တာ ​ဖြစ်ပါတယ်။

ဒီပဋိပက္ခအပေါ် ​စိုးရိမ်မကင်းမှု ​ဖြစ်ရတယ်လို့ ​ကုလသမဂ္ဂ ​အထွေထွေ ​အတွင်းရေးမှူး ​ဘန်ကီမွန်းက ​ပြောလိုက်ပါတယ်။

ဂျော်ဒန်ဘုရင် ​Abdullah ​ကတော့ ​အစ္စရေးတွေရဲ့ ​လုပ်ရပ်က ​ရန်စသလို ​ဖြစ်နေတယ်ဆိုပြီး ​အစ္စရေးကို ​အပြစ်တင်လိုက်ပါတယ်။

ဒီအတိုင်း ​ဆက်ဖြစ်နေမယ်ဆိုရင် ​ဂျော်ဒန်ကလည်း ​တစ်ခုခု ​လုပ်ဆောင်ရလိမ့်မယ်လို့ ​သတိပေးလိုက်ပါတယ်။

ပါလစ္စတိုင်း ​သမ္မတကလည်း ​အစ္စရေးရဲ့ ​လုပ်ရပ်ကို ​ရှုတ်ချခဲ့ပါတယ်။

နှစ်ဖက်အကြား ​ပဋိပက္ခကြောင့် ​အစ္စရေးရဲ ​ငါးယောက် ​ဒဏ်ရာရပြီး ​ပါလစ္စတိုင်းသား ​၂၅ ​ယောက် ​ဒဏ်ရာရခဲ့သလို ​လူငယ်နှစ်ယောက်လည်း ​ဖမ်းဆီးခံခဲ့ရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
al-Aqsa ဗလီမှာ အစ္စရေးနဲ့ ပါလစ္စတိုင်းတွေ ပဋိပက္ခဖြစ်ဆဲ  al-Aqsa ဗလီမှာ အစ္စရေးနဲ့ ပါလစ္စတိုင်းတွေ ပဋိပက္ခဖြစ်ဆဲ Reviewed by THITHTOOLWIN on 11:26 Rating: 5
Powered by Blogger.