ဂိုဏ်းဂဏ တိုက်ပွဲအပြီး ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် တစ်သားတည်း တကယ်ဖြစ်သွားပြီလား – လင်းထိုက်(Y.I.T)


  လက်ရှိအခြေအနေအရ ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံ အသစ်သည် ဂိုဏ်းဂဏကွဲပြားမှုကို ဖယ်ရှားလိုက်နိုင်ပြီး ပါတီနှင့်တပ်မတော် တစ်သားတည်း ဖြစ်စေမည့် အခင်းအကျင်း အသစ်ကို ပုံဖော်လိုက်သည်ဟု သုံးသပ်နိုင် …

ယခုအပတ်အတွင်း မြန်မာ့နိုင်ငံရေးလောက၌ ရေပန်းအစားဆုံး သတင်းတစ်ပုဒ်မှာ အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း ပါတီဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် သတင်းဖြစ်သည်။ ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အတူ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း၊ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် သူရ ဦးအောင်ကို၊ ဦးအောင်သိန်းလင်း၊ ဦးအောင်ကြည်၊ ဦးမောင်ရှိန်၊ ဦးဇော်မြင့်ဖေနှင့် ဦးမောင်ပါတို့ပါ တာဝန်မှ ဖယ်ရှားခံရပြီး သာမန်ပါတီဝင် အဆင့်သို့ လျှော့ကျသွားခဲ့သည်။

သြဂုတ်လ ၁၂ ရက်တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ ကြိုဆိုနှုတ်ဆက်ပွဲ အခမ်းအနားသို့ ပါတီ၏ ပူးတွဲ ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်ခဲ့သေးပြီး ထိုအခမ်းအနားအပြီးညတွင် ရှုပ်ထွေးမှုများ ပေါ်ပေါက်ကာ ရဲအင်အားများ အသုံးပြု၍ ပါတီတွင်း ခေါင်းဆောင်မှု ပြောင်းလဲရေးအတွက် အစည်းအဝေးကို ညတွင်းချင်း ပြုလုပ်၍ ထိုအစည်းအဝေးသို့ သူရဦးရွှေမန်းနှင့် အတွင်းရေးမှူး ဦးမောင်မောင်သိမ်းတို့ တက်ရောက်ခွင့် မရခဲ့ဟု သတင်းရပ်ကွက်များက ဆိုပါသည်။ ထို့နောက် နောက်တစ်ရက် သြဂုတ်လ ၁၃ ရက်တွင် ပြည်ခိုင်ဖြိုးပါတီ၏ ခေါင်းဆောင်ပိုင်း အပြောင်းအလဲကို တရားဝင်ထုတ်ပြန် ကြေညာပြီး ပူးတွဲဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌအဖြစ် ဦးဌေးဦး ဖြစ်လာပါသည်။

ပါတီတွင်းဥက္ကဋ္ဌတစ်ဦးအား ပါတီစည်းမျဉ်းအတိုင်း ဖယ်ရှားသည်ဟု လက်ရှိပါတီ၏ ဖွဲ့စည်းပုံ အသစ်အရ ခေါင်းဆောင်ပိုင်းများက ဆိုသည့်အတွက် ပါတီတွင်းဖယ်ရှားမှု ကိစ္စအား ပါတီပြုပြင်ပြောင်းလဲရေးဟု ဆိုဖွယ်ရာ ရှိသော်လည်း ဖယ်ရှားပုံ ဖယ်ရှားနည်းကား ယခင်အာဏာပိုင် လက်ထက်နှင့် ဆင်တူယိုးမှား သဏ္ဌာန်ဖြစ်၍ နိုင်ငံရေးရပ်ဝန်းနှင့် နိုင်ငံတကာကပါ နိုင်ငံ၏ ဒီမိုကရက်တစ်နည်းကျ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ထိခိုက်မည်ကို စိုးရိမ်ပူပန်လျက်ရှိကြသည်။

အမေရိကန် အထက်လွှတ်တော်အမတ် Mitch Mc Conell က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် အခြားနိုင်ငံရေး ပါတီများကဲ့သို့ ပါတီခေါင်းဆောင်ပိုင်းကို ပြောင်းလဲရွေးချယ်ခွင့် ရှိသည်မှန်သော် လည်း ပါတီ၏ တာဝန်ရှိသူတစ်ဦးကို ရာထူးတာဝန်မှ ဖယ်ရှားရန်အတွက် နိုင်ငံတော် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်လာခြင်းသည် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအရ ““အထူးပဲ စိုးရိမ်စရာ ဖြစ်နေတယ်””ဟု ထုတ်ပြန် ကြေညာ ခဲ့သည်။

သတင်းဌာနတို့၏ ထုတ်ပြန်ချက်အရ သူရဦးရွှေမန်းအား ပါတီဥက္ကဋ္ဌ ရာထူးမှဖယ်ရှားစဉ် သြဂုတ် ၁၂ရက် ည ၁၀ နာရီကျော်တွင် နေပြည်တော် ပါတီရုံးချုပ်ဝင်းသို့ ရဲတပ်ဖွဲ့အင်အား ၂၀၀ ခန့်အထိ အသုံးပြုပြီး လုံခြုံရေး ရယူခဲ့သည်ဟု ဆိုသည်။

ကုလသမဂ္ဂကလည်း အာဏာရကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌတာဝန်မှ သူရဦးရွှေမန်းကို ဖယ်ရှားကာ ဒုဥက္ကဋ္ဌ ဦးဌေးဦးနှင့် အစားထိုးခဲ့ခြင်းနှင့် ပတ်သက်၍ ဥပဒေနှင့် ကိုက်ညီဖို့၊ လာမည့်ရွေးကောက်ပွဲကို မထိခိုက်စေဖို့ရန် တိုက်တွန်းခဲ့သည်။

ဤတွင် မေးစရာမေးခွန်းတစ်ခု ပေါ်လာသည်မှာ အာဏာရ ကြံ့ခိုင်ရေးပါတီ မဟုတ်ဘဲ လက်ရှိပါတီပေါင်း ၈၀ ခန့်မှ ပါတီတစ်ခုခုက ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ပြုလုပ်လိုလျှင် အာဏာရပါတီကြီးကဲ့သို့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအား ခေါ်ယူအသုံးပြုခွင့် ရှိသလားဟူသော မေးခွန်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များသည် ကာချုပ်က ခန့်အပ်သော ပြည်ထဲရေး ၀န်ကြီးဌာနလက် အောက်မှဖြစ်သည်။ ဤအတွက် လက်ရှိ အသစ်ပြင်ဆင် ဖွဲ့စည်းလိုက်သော ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်ကြား အဆက်အစပ် ပတ်သက်မှုမှာ ရုပ်လုံးပေါ်လာသည် ဟုပင်ဆိုရမည်။

ဒီမိုကရေစီစနစ်သစ်သို့ သွားမည်ဟု ကြွေးကြော်ထားသော အာဏာပိုင်များအနေဖြင့် ပါတီ၊ အစိုးရနှင့် တပ်မတော်တို့အား ကဏ္ဍများ မရောထွေးဘဲ သီးခြားလုပ်ငန်း တာဝန်များ အသီးသီး ထမ်းဆောင်ခြင်းဖြင့် ပြည်သူနှင့် နိုင်ငံတကာ၏ စိုးရိမ်မှုရေချိန်အား လျှော့ချသင့်သည်။

ဖြတ်သန်းခဲ့သော နိုင်ငံရေး အခင်းအကျင်းအရ အစိုးရနှင့် တပ်မတော်က သဘောထားတူညီပြီး လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လွှတ်တော်တွင်း ပွတ်တိုက်ခဲ့မှုများကို ထောက်ချင့်၍ သူရဦးရွှေမန်းအား ပါတီဥက္ကဋ္ဌ နေရာမှ ဖယ်ရှားလိုက်ခြင်းသည် ပါတီတွင်း၌ အစိုးရအဖွဲ့ခေါင်းဆောင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သမ္မတ ဦးသိန်းစိန်နှင့် နောက်လိုက်များ ပါတီတွင်းကြီးစိုး သွားသည်ဟု ဆိုရချေမည်။ အသစ် ပြန်လည်ဖွဲ့စည်း လိုက်သော ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ နေရာတွင် သမ္မတ ဦးသိန်းစိန်နှင့် နီးစပ်သော ပါတီဝင်များ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးဟောင်း၊ ဒုဝန်ကြီးဟောင်းများနှင့် တပ်မတော် ခေါင်းဆောင်ဟောင်းများ ပါဝင်လာခြင်းကို သုံးသပ်လျှင် ပြည်ခိုင်ဖြိုးပါတီ၏ အသွင်အပြင်သည် ပုံသဏ္ဌာန်အသစ် ဖြစ်လာ၍ မြန်မာ့ နိုင်ငံရေး အနာဂတ်အတွက် အရေးကြီးသော ကိစ္စတစ်ရပ်အဖြစ် နိုင်ငံရေး အကဲခတ်သူများက သုံးသပ်ကြခြင်း ဖြစ်သည်။

ယခင်ပြည်ခိုင်ဖြိုး ပါတီသည် ပူးတွဲဥက္ကဋ္ဌ သူရဦးရွှေမန်း အုပ်စုက အင်အားတောင့်တင်းသည့် ပုံစံမျိုးဖြစ်၍ အစိုးရအဖွဲ့မှ ရွေးကောက်ပွဲဝင်မည့် သမ္မတအပါအ၀င် ၀န်ကြီးများနှင့် တပ်မတော်မှ ခေါင်းဆောင်ပိုင်းများ၏ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်နေရာ သတ်မှတ်မှု၊ ရွေးချယ်မှုများကို ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း စိတ်ကြိုက် ပြုလုပ်နိုင်ခဲ့သည်။ သြဂုတ်လ ၁၂ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ယခုရာထူးမှ ဖယ်ရှားခံရသော ပါတီ အထွေထွေ အတွင်းရေးမှူးဟောင်း ဦးမောင်မောင်သိမ်းက လာမည့် ရွေးကောက်ပွဲ၌ သမ္မတ ဦးသိန်းစိန် နှင့် ဒုသမ္မတ ဦးဉာဏ်ထွန်းတို့ ရွေးကောက်ပွဲ မ၀င်တော့ဟု အတည်ပြုပြောဆိုခဲ့သည်။

ထိုမတိုင်မီ ဇူလိုင် ၂၉ ရက်က နီကီအေးရှားရီဗျူး သတင်းဌာနနှင့် အင်တာဗျူး၌ သမ္မတဦးသိန်းစိန်က နောက်ထပ် သမ္မတသက်တမ်းကို ထမ်းဆောင်လိုကြောင်း ထုတ်ဖော်ပြောဆိုပြီး မြန်မာနိုင်ငံ၏ လက်ရှိတည်ဆဲ အခြေခံဥပဒေအရ သမ္မတတာဝန် ထမ်းဆောင်ဖို့ ဆန္ဒရှိသူ တစ်ယောက်အနေဖြင့် ရွေးကောက်ပွဲမ၀င်ဘဲနဲ့ လည်း သမ္မတ ဖြစ်နိုင်သည်ဟု အဆိုပါ သတင်းဌာနအား ရှင်းပြခဲ့ဖူးသည်။

သူရဦးရွှေမန်းဦးဆောင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီသည် တပ်မတော်မှ အဆိုပြုလာသော ကိုယ်စားလှယ်လောင်း ၁၄၃ ဦးအနက်မှ ၅၉ ဦးသာ လက်ခံခဲ့သည်။ ထို့ပြင် အစိုးရအဖွဲ့မှ အဆိုပြုလာသော ကိုယ်စားလှယ်လောင်း ၅၅ ဦးတွင်လည်း ၄၆ ဦးကိုသာ လက်ခံခဲ့သည်။ ဤအချက်သည်လည်း သူရဦးရွှေမန်း ဦးဆောင်သော ပါတီသည် တပ်မတော်နှင့် အစိုးရအဖွဲ့အား လွှမ်းမိုးသည်ဟု တပ်မတော်နှင့် အစိုးရဘက်မှ ယူဆစရာ အကြောင်းတစ်ချက် ဖြစ်နိုင်ပေသည်။

လွန်ခဲ့သော လပိုင်းက တပ်မတော်၏ ကန့်ကွက်မဲများကြောင့် မအောင်မမြင်ဖြစ်ခဲ့သော အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှု၌ တပ်မတော်နှင့် သူရဦးရွှေမန်းတို့၏ ထိခတ်မှုများ၊ ပုဒ်မ ၆၀(ဂ) ကဲ့သို့ အစိုးရအဖွဲ့ အကျပ်ရိုက်စေမည့် ပုဒ်မများ ပါတီမှ တင်သွင်းလာခြင်းများက ယခုဂိုဏ်းဂဏ တိုက်ပွဲ၏ အခြေခံအ ကြောင်းအချက်များ ဖြစ်နိုင်ပါသည်။ ပုဒ်မ ၄၃၆အား အခိုင်အမာ ကာကွယ်မည်ဟု မကြာခဏ ပြောကြားလေ့ရှိသည့် တပ်မတော်နှင့် ပုဒ်မ ၄၃၆ အား ဖွဲ့စည်းပုံ အရသာ ပြင်ဆင်ချင်လျှင် ရကြောင်း ပြောကြားသည့် သမ္မတ ဦးသိန်းစိန်တို့သည် သူရဦးရွှေမန်း ဦးဆောင် တင်သွင်းသော ဖွဲ့စည်းပုံပြင်ဆင်ချက် မူကြမ်းနှင့် ပတ်သက်၍ သဘောထား ကွဲလွဲပုံရသည်ဟု နိုင်ငံရေးရပ်ဝန်းက သုံးသပ်ကြသည်။

လက်ရှိအခြေအနေအရ ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံ အသစ်သည် ဂိုဏ်းဂဏကွဲပြားမှုကို ဖယ်ရှားလိုက်နိုင်ပြီး ပါတီနှင့် တပ်မတော် တစ်သားတည်း ဖြစ်စေမည့် အခင်းအကျင်း အသစ်ကို ပုံဖော်လိုက်သည်ဟု သုံးသပ်နိုင် သည်။ သူရ ဦးရွှေမန်းသည်လည်း သမ္မတလောင်း ဖြစ်နိုင်ဖွယ်ရာ မမြင်တော့ချေ။ ထို့အတွက် တပ်မတော် အစုအဖွဲ့မှ တိုက်ရိုက် တင်သွင်းသော ဒုသမ္မတ (သမ္မတလောင်း)အား တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အကူအညီဖြင့် ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ခံအမတ်များနှင့် မိတ်ဖက်ပါတီများမှ ရွေးကောက်ခံ အမတ်များက ပုံအောမဲပေး၍ သမ္မတ ဖြစ်ရေး ရည်မှန်းချက် ဖြစ်လာမည်ဟု သုံးသပ်ရသည်။ ယခင် အခြေအနေအရမူ ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲ၌ လုံလောက်သော မဲရာခိုင်နှုန်း (၃၄ ရာခိုင်နှုန်း)အနိုင် ရလျှင် သမ္မတလောင်း ဖြစ်လာနိုင်ချေရှိသည့် သူရဦးရွှေမန်းနှင့် တပ်မတော်အစုအဖွဲ့မှ သမ္မတလောင်းတို့ အားပြိုင် ကြမည့် အနေအထားဖြစ်သည်။ ယခုအခြေအနေအရမူ တပ်မတော်အစုအဖွဲ့မှ သမ္မတလောင်း သမ္မတ ဖြစ်ရေးသာ ဦးတည် လာနိုင်ဖွယ်ရှိသည်။ ထို့အတွက် အသစ်ဖွဲ့စည်းလိုက်သော ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် တပ်မတော် ၂၅ ရာခိုင်နှုန်း အကူအညီဖြင့် ပြည်ခိုင်ဖြိုးနှင့် တပ်မတော်မှ တစ်ဦးဦး သမ္မတ ဖြစ်ရေးအတွက် ရွေးကောက်ပွဲ၏ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း မဲရာခိုင်နှုန်း ၃၄ ရာခိုင်နှုန်း အနိုင်ရရေး အစွမ်းကုန် ကြိုးစားလာနိုင်ပါသည်။ ၃၄ ရာခိုင်နှုန်း မပြည့်လျှင် Plan B အနေဖြင့် ရွေးကောက်ပွဲ နိုင်ခြေရှိသော တိုင်းရင်းသားပါတီများနှင့် ပါတီအချို့အား မိတ်ဖက် မဟာမိတ်ပြုရေးဗျူဟာ ခင်းကျင်းထားနိုင် ပါကြောင်း သုံးသပ် လိုက်ရပါသည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
ဂိုဏ်းဂဏ တိုက်ပွဲအပြီး ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် တစ်သားတည်း တကယ်ဖြစ်သွားပြီလား – လင်းထိုက်(Y.I.T)   ဂိုဏ်းဂဏ တိုက်ပွဲအပြီး ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် တစ်သားတည်း တကယ်ဖြစ်သွားပြီလား – လင်းထိုက်(Y.I.T) Reviewed by THITHTOOLWIN on 12:16 Rating: 5
Powered by Blogger.