၈၈ GS ရေဘေးသင့် ကျန်းမာရေး လုပ်ငန်း ဆရာဝန် ရဖို့ခက်ခဲနေ

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက နယ်လှည့်ဆေးကုသရေး ရေယာဉ်နဲ့ ရေဘေးသင့်ဒေသတွေမှာ လိုက်လံဆေးကုသပေးနေစဉ်။ Photo: The 88 Generation Peace and Open Society( Facebook )
ဧရာဝတီတိုင်းဒေသကြီးက ရေဘေးသင့်ဒေသတွေဖြစ်တဲ့ ဟင်္သာတမြို့နယ်နဲ့ အင်္ဂပူ မြို့နယ်တွေမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက နယ်လှည့်ဆေးကုသရေး ရေယာဉ်နဲ့ လိုက်လံဆေးကုသပေးနေရာမှာ ဆရာဝန်ရရှိရေး အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

လိုက်ပါနိုင်တဲ့ ဆရာဝန်တွေ မရှိရင်တော့ အဲဒီအစီအစဉ်ကို ဖျက်သိမ်းရမယ့် အခြေအနေရှိနေတယ်လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ နယ်လှည့် ဆေးကုသရေးအစီစဉ် တာဝန်ခံ ကိုသက်ဇော် က ပြောပါတယ်။

"ဆရာဝန်ကရဖို့အရမ်းခက်ခဲလာပါတယ်၊ ဆရာဝန်တစ်ယောက်လိုက်ကူဖို့အတွက် သူတို့က အချိန်အနည်းဆုံး ၄ ရက်က ၅ ရက်ထိပေးရပါတယ်၊ အချိန်အဲ့လိုပေး ဖို့အတွက် တချို့ဆရာဝန်တွေက အဆင်မပြေဘူးခင်ဗျ၊ အချိန် ၂ ရက်လောက်ဘဲ ဆရာဝန်အများစုကအားကြတာ၊ အဲ့တော့ဆရာဝန်ခက်ခဲလာတယ်၊ ဆရာဝန်တွေမလိုက်နိုင် ရင်တော့ ရပ်စဲရမှာဘဲလေ၊ ကျနော်တို့မှာ အဲ့ဆရာဝန်တွေကို ပိုက်ဆံပေးပြီး ငှားဖို့တော့အခြေအနေမပေးဘူး"

အဲဒီအစီအစဉ်ကို သြဂုတ်လ ၁၆ ရက်က စတင်ခဲ့တာဖြစ်ပြီး ဟင်္သာတမြို့နယ်ထဲက ကျေးရွာ ၁၀ ရွာကို ကုသပေးခဲ့ပြီး သြဂုတ်လ ၂၁ ရက်နေ့ကနေ အခုချိန်အထိ အင်္ဂပူမြို့နယ်က ကျေးရွာတွေမှာ ဆေးကုသပေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျွဲ ၊ နွားတွေ အရေးပေါ်ဆေးကုသဖို့ လိုအပ်တဲ့အတွက်လည်း သြဂုတ်လ ၁၉ ရက်နေ့က စပြီး တိရစ္ဆာန် ကုသရေးဆရာဝန်တွေနဲ့ ဟင်္သာတမြို့နယ် က ကျေးရွာတွေကို လိုက်လံကုသပေးနေပါတယ်။

အင်္ဂပူမြို့နယ်ပြီးရင် သာပေါင်းမြို့နယ်ကို သွားရောက်မှာဖြစ်ပြီး နောက်ထပ် ဆေးကုဖို့ လိုအပ်တဲ့ ရေဘေးသင့်နေရာတွေ ကိုလည်း သွားရောက်ကူညီဖို့ စီစဉ် ထားတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
၈၈ GS ရေဘေးသင့် ကျန်းမာရေး လုပ်ငန်း ဆရာဝန် ရဖို့ခက်ခဲနေ ၈၈ GS ရေဘေးသင့် ကျန်းမာရေး လုပ်ငန်း ဆရာဝန် ရဖို့ခက်ခဲနေ Reviewed by THITHTOOLWIN on 07:38 Rating: 5
Powered by Blogger.