ရဲစခန်းထောက်ခံစာ အတုပြုလုပ်သုံးစွဲသူများ ဖမ်းမိ

 ရဲစခန်းထောက်ခံစာ အတုပြုလုပ်သုံးစွဲသူများကို ဖော်ထုတ်အရေးယူ
ရန်ကုန်၊ သြဂုတ် ၁၇

၁၆.၈.၂၀၁၅ ရက်နေ့ ၁၇၅၀ အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဝေဘာဂီနယ်မြေ ရဲစခန်း၏ ပြစ်မှု ကင်းရှင်ကြောင်း ထောက်ခံစာများကို အတုပြုလုပ်ကာ တစ်စောင်လျှင် ငွေကျပ် ၁၅၀၀ ဖြင့် ရောင်းချ နေကြောင်း သတင်းရရှိသည့် မြောက်ဥက္ကလာပ မြို့နယ်၊ (ဌ)ရပ်ကွက်ရှိ ဦးကျော်စိုးရင်၊ (၅၇)နှစ်၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ ဝေဘာဂီနယ်မြေရဲစခန်း တံဆိပ်တုံးအတုနှင့် စခန်းမှူးတံဆိပ်တုံး အတုတို့အား သုံးစွဲထားပြီး ဒုရဲအုပ်အရာရှိ တစ်ဦး၏ လက်မှတ်အတု ရေးထိုး ထားသော ရက်စွဲမပါသည့် ရဲစခန်း ထောက်ခံစာ(၉)ရွက်နှင့် ငွေကျပ်(၁၅၀၀)တို့ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့ပါသည်။

ယင်းသို့ ရဲစခန်းထောက်ခံစာ အတုများ ပြုလုပ်သုံးစွဲသူ ဦးကျော်စိုးရင်နှင့် ပတ်သက်ဆက်နွယ်သူများကို ဝေဘာဂီနယ်မြေရဲစခန်း (ပ)၃၉၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈/၁၁၄ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး စစ်ဆေးဖော်ထုတ်ခဲ့သည်။


စစ်ဆေးချက်များအရ ဦးကျော်စိုးရင်သည် အဆိုပါတွေ့ရှိသည့် ရဲစခန်း ထောက်ခံစာများကို မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်နေ ဦးငွေလှ (၆၇)နှစ်ထံမှ တစ်စောင်လျှင်ငွေကျပ် (၈၀၀)နှုန်းဖြင့်ရယူခဲ့ကြောင်း၊ ဦးငွေလှမှလည်း မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်း ရပ်ကွက်နေ ဦးခင်မောင်ဦး၊ (၆၄)နှစ်ထံမှ တစ်စောင်လျှင်ငွေကျပ်(၄၀၀)နှုန်းဖြင့် ရယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး ဦးခင်မောင်ဦးထံမှ ဝေဘာဂီရဲစခန်း တံဆိပ်တုံး(၁)ခု၊ စခန်းမှူးတံဆိပ်တုံး(၁)ခု၊ ဒုရဲအုပ်အရာရှိတစ်ဦး၏ လက်မှတ်အတုထိုးထားသော ရဲစခန်းထောက်ခံချက်(၃)စောင်နှင့် အပေါင်စာရွက် ပျောက်ဆုံးကြောင်း ထောက်ခံချက်(၁)စောင်၊ အင့်ပက်(၁)ခုတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပါသည်။

ယင်းသို့ ပေါ်ပေါက်ချက်များအရ ဦးကျော်စိုးရင်ပါ(၃)ဦးအား အမှုဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ရဲစခန်းထောက်ခံစာ အတုပြုလုပ်သုံးစွဲသူများ ဖမ်းမိ   ရဲစခန်းထောက်ခံစာ အတုပြုလုပ်သုံးစွဲသူများ ဖမ်းမိ Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.