ရွေးကောက်ပွဲမဝင်ဘူးလို့ ဦးသိန်းစိန် မပြောဆိုသေးကြောင်း သမ္မတရုံးညွှန်မှူး ပြော

 သမ္မတဦးသိန်းစိန်နဲ့ စစ်တွေမြို့ခံတွေ သြဂုတ်လ ၆ ရက်နေ့က တွေ့ဆုံကြစဉ်။ Photo: Min Thein Aung/RFA
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေနဲ့ ရွေးကောက်ပွဲ မဝင်ဘူးလို့ တရားဝင် ပြောဆိုမထားကြောင်း သမ္မတရုံး က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ လာမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်တော့ဘူးလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် ဦးသိမ်းဆွေ က ဗုဒ္ဓဟူးနေ့ က ပြောကြားခဲ့ပါတယ်။

တပ်မတော် က အငြိမ်းစားယူပြီး ပြည်ခိုင်ဖြိုးပါတီကနေ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကို ကြိုဆိုတဲ့ နေပြည်တော် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ ဦးသိမ်းဆွေ က ပြောကြားခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို RFA က မနေ့ကမေးမြန်းခဲ့ရာမှာ အခုလို ဖြေကြားခဲ့ပါတယ်။

"အဲ့ဒါကတော့ နဂိုမူလ ကြံ့ခိုင်ရေးပါတီက ထုတ်ပြန်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းတွေ သူတို့တင်ြပချက်တွေ အများအားဖြင့် ပြောင်းလဲ မပြောင်းလဲကတော့ များများစားစားတော့ရှိမှာ မဟုတ်ဘူး"

ရိုက်တာသတင်းတစ်ပုဒ်မှာတော့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သမ္မတအနေနဲ့ ရွေးကောက်ပွဲမဝင်ဘူး၊ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် မကြိုးစားဘူးလို့ လူသိရှင်ကြား တရားဝင် ပြောဆိုမထားကြောင်းပြော ကြားခဲ့တယ်လို့ ဖေါ်ပြပါတယ်။ ဒါ့ပြင် သမ္မတကြီး ဦးသိန်းစိန်ရဲ့ ကျန်းမာရေးကောင်းမွန်နေတယ်လို့လည်း ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့တယ်လို့လည်း ဖေါ်ပြပါတယ်။

လက်ရှိဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတဟာ ရွေးချယ်တင်မြှောက်ခံရသူထဲက ဖြစ်စရာမလိုတဲ့အတွက် သမ္မတ ဦးသိန်းစိန်ဟာ ရွေးကောက်ပွဲအပြီး နောက်သက်တမ်းမှာ တာဝန်ထမ်းဆောင်လိုတယ်ဆိုရင် တပ်မတော်သား အစုအဖွဲ့က ရွေးချယ်ပေးလိုက်တဲ့ ဒုတိယသမ္မတကနေတဆင့် သမ္မတဖြစ်နိုင်တယ်လို့လည်း လေ့လာသူတွေ က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရွေးကောက်ပွဲမဝင်ဘူးလို့ ဦးသိန်းစိန် မပြောဆိုသေးကြောင်း သမ္မတရုံးညွှန်မှူး ပြော  ရွေးကောက်ပွဲမဝင်ဘူးလို့ ဦးသိန်းစိန် မပြောဆိုသေးကြောင်း သမ္မတရုံးညွှန်မှူး ပြော Reviewed by သစ်ထူးလွင် on 09:45 Rating: 5
Powered by Blogger.