နစ်မြုပ်လုဆဲဆဲ သင်္ဘောကြီးပေါ်က အာဏာကစားကွက်များ


  တိုက်တန်းနစ်သင်္ဘောကြီးနစ်မြုပ်သော နောက်ဆုံးအချိန်တွင် သင်္ဘောပေါ်တွင် ၀ရုန်းသုန်းကားဖြစ်နေသည့် ကြားမှ အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများကိုကယ်တင်ရန် သင်္ဘောကပ္ပတိန်သည် စနစ် တကျကြိုးပမ်းသွားတာကို Titanic ရုပ်ရှင်ထဲမှာ ကြည့်ရဖူးသည်။ အချို့ကလည်း ကိုယ့်အသက်ရှင်ရင်ပြီးစတမ်း စိတ်ဓာတ်ဖြင့် ကလေးများ၊ အမျိုးသမီးများကို ကျော်ဖြတ်တက်ကာ အသက်ကယ်လှေထဲသို့ဇွတ်အဓမ္မတိုးခွေ့ဝင်ရောက်ကြတာလည်း တွေ့ရသည်။

မြန်မာနိုင်ငံတွင်လည်း ရာစုတ၀က်ခန့် ကိုင်တွယ်မောင်းနှင်ခဲ့ သော အာဏာဟူသည့်သင်္ဘောကြီး နစ်လုနစ်စဉ် လက်လွှတ်ရဆဲအခိုက်၌ ၀ရုန်းသုန်းကား အခြေအနေတရပ် သြဂုတ်လ ၁၂ ရက်နေ့ညက နေပြည်တော်တွင် ဖြစ်ပွားခဲ့ပါသည်။

အာဏာရပါတီကြီးတခုကို ညကြီးအချိန် မတော် ရဲအင်အားများသုံး၍ ၀င်ကြထွက်ကြ မွှေကြနှောက်ကြခြင်းမှာ ပါတီခေါင်းဆောင် ပြောင်းလဲရေးအစည်း အဝေးလား၊ ရဲကွန်မန်ဒိုတပ်ဖွဲ့ ကမ်းတက်စစ်ဆင်ရေးလားဟု ထင်ယောင်မှားမိပါသည်။ အားလုံးသိကြသည့် အတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းကို ပါတီ ခေါင်းဆောင်နေရာမှ ဖြုတ်ချကာ ဦးဌေးဦးနှင့် အစားထိုးလိုက်ပါသည်။

ဦးရွှေမန်းနှင့်အတူ မူလကြံ့ခိုင်ရေးပါတီဗဟို ကော်မတီဝင် ၁၂ ဦးကိုလည်း ထိပ်တန်းခေါင်းဆောင်အဖြစ်မှ သာမန်ပါတီဝင်အဖြစ်သို့ ရာထူးမှလျှော့ချလိုက်ပါသည်။ လျှော့ချခံရ သူထဲတွင် ဒီမိုကရေစီဖော်ဆောင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် တက်ကြွစွာ ဆောင်ရွက်ခဲ့ သော သူရဦးအောင်ကိုလိုလူများလည်း ပါဝင်ပါသည်။ ပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း လည်း ပါဝင်ပါသည်။ ပါတီခေါင်းဆောင်ရွေးချယ်ပွဲကို ပါတီညီလာခံကျင်းပ၍ ဒီမိုကရေစီနည်းကျ ဆောင်ရွက်ရ မည်ဖြစ်သော်လည်း ယခုကဲ့သို့ ညကြီးမင်းကြီး ရဲအင်အားတွေ ဘာတွေနှင့် ပါတီဌာနချုပ်ကို ပိတ်ဆို့ထားပြီး ခေါင်းဆောင်အပြောင်းအလဲ ကြေညာသည်မှာ ပါတီတွင်း အာဏာသိမ်းပွဲနှင့်တူနေကြောင်း ထောက်ပြသူများ လည်းရှိပါသည်။

ပါတီဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးသည် သူတို့ရာထူး ပြုတ်သည်ကိုပင် ကြိုမသိရဘဲ သူများပြောမှ သိရကြောင်းလည်းသိရ၏။ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းဆိုလျှင် ပါတီရုံးသို့ လာစရာမလိုတော့ကြောင်း လှမ်းဖုန်းဆက်မှသိရသည်ဆို၏။ ချစ်လျှင် လည်းသူတို့၊ မုန်းလျှင်လည်း သူတို့ပါ တကား။ ဤကိစ္စများသည် ဘာကြောင့် ဖြစ်ရသနည်း၊ ဘယ်သူ့အကျိုးအတွက်ဖြစ်ရသနည်းဆိုသည်ကို ပြန်လှန် စဉ်းစားဖို့ လိုမည်ဖြစ်သည်။

ဘာ့ကြောင့်ဖြစ်ရသနည်းဟူမူ အကြောင်းအမျိုးမျိုးရှိသော်လည်း အဓိကပြဿနာမှာ တပ်မတော်နှင့် ဦးသိန်းစိန် အစိုးရ၏ မှန်းချက်နှင့်နှမ်းထွက် ကိုက်ညီရေးမဟာဗျူဟာတွင် ဦးရွှေမန်းသည် ဖီလာကန့်လန့်ဖြစ်လာသော ကြောင့်ဖြစ်သည်။ ဦးသိန်းစိန်နှင့် ဦးမင်းအောင်လှိုင်(သိန်း/ မင်းအုပ်စု)၏ရည်မှန်းချက်မှာ တပ်မတော်က နိုင်ငံ ကိုဆက်လက်အုပ်ချုပ်ရေးဖြစ်သည်။

နောင်တက်လာမည့်အစိုးရအဆက်ဆက်တွင် တပ်မတော်က တင်မြှောက် သော ဗိုလ်ချုပ်ဟောင်းများသမ္မတဖြစ်ရေးသည် သိန်းမင်းအုပ်စု၏ရည်မှန်းချက်မဟာဗျူဟာဖြစ်သည်။ ထိုဗျူဟာ ကို အကောင်အထည်ဖော်ရာတွင် ဦးရွှေမန်းသည် သူတို့ပုံသွင်းသလိုမကဘဲ ဇာတ်လမ်းဇာတ်ကွက်အသစ်တခု တီထွင်ပြီး ကပြလာသည်ကို သိန်းမင်းအုပ်စုသည် အတော်မကျေနပ်ချက်များ ဖြစ်ပေါ်နေ၏။
၂၀၁၀ ရွေးကောက်ပွဲလို နောက်ထပ် ၂၀၁၅ တွင် အောင်နိုင်ရန် မလွယ်တော့သောအချိန်တွင် တပ်မတော်နှင့် ဦးသိန်းစိန်အစိုးရထိပ်တန်းခေါင်းဆောင်များသည် အရပ်သားသမ္မတတယောက် ပေါ်လာမည်ကို အတော်ပင် စိတ်အနှောင့်အယှက်ဖြစ်နေပုံရသည်။

အရပ်သားတယောက်၏ဦးဆောင်မှုကို တပ်မတော်ခေါင်းဆောင်များက မနာခံချင်သည်မှာ ထုတ်ဖော်မပြောသော်လည်း သူတို့တုံ့ပြန်မှုများတွင်မြင်နိုင်၏။ ထို့ကြောင့် တပ်မတော် အင်အားစုနှင့် တပ်မတော်ဗိုလ်ချုပ်ဟောင်းများပါဝင်သော လက်ရှိအစိုးရ၏မူဝါဒမှာ လာမည့်ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ဟောင်းတယောက် (သို့မဟုတ် လက်ရှိတပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တယောက်) သမ္မတဖြစ်လာ ရေးဖြစ်သည် ဘယ်သူဖြစ်နိုင်သနည်း။ ယုတ္တိဗေဒအရတွက်သောအခါ ကြံ့ခိုင်ရေးပါတီသည် ၂၀၁၅ တွင် အခြေ အနေမကောင်းနိုင်တာကို သူတို့သိသည်။ အစိုးရဖွဲ့နိုင်သည်အထိ၊ သမ္မတ လောင်းတဦးတင်မြှောက်နိုင်သည် အထိ လွှတ်တော်အမတ်အရေအတွက် ရွေးချယ်ခံရဖို့မလွယ်သည်ကို သူတို့သိပြီးဖြစ်မည်။ သို့သော် အစွဲ အလမ်းကြီးလွန်းသော ထိုအဖွဲ့သည် သူတို့အဖွဲ့မှလူ သမ္မတဖြစ်ရေးကို တဆင့်ချင်း စနစ်တကျလုပ်ဆောင် လာတော့သည်။

သမ္မတဖြစ်ရန်လွှတ်တော်ထဲတွင် ထောက်ခံမှုအားအကောင်းဆုံးဖြစ်မည့် ဒေါ်အောင်ဆန်း စုကြည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)ဖြင့် ချည်နှောင်လိုက်သည်။ သမ္မတဖြစ်ရေးလမ်းကြောင်းမှ တယောက်ရှင်းသွားပေပြီ။ နောက်ထပ်လမ်းကြောင်းကားရှင်းသည်။ ရွေးကောက်ပွဲခံအမတ်များလမ်းကြောင်းမှ သမ္မတလောင်းတင်သွင်းဖို့ မလွယ်ခဲ့လျှင် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ကိန်းသေရထားသော တပ်မတော် သားအစုအဖွဲ့ထဲမှ ရွေးချယ်ပေးရမည့်သမ္မတလောင်းတဦး ခွဲတမ်းရထားသည်မဟုတ်ပါလား။ ထိုနေရာကို (ဆိုကြပါစို့) ဦးသိန်းစိန်အား အမည်တင်သွင်းလိုက်မည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဟိုနေရာ ဒီနေရာ ကွက်ကျားအနိုင်ရကောင်းရလာနိုင်သော ကြံ့ခိုင်ရေးအမတ်များ၏ထောက်ခံမဲထပ်ပေါင်းလိုက်မည်။ မဲမလောက် သေးလျှင် လွှတ်တော်ထဲတွင် ကိုယ့်ဘက်ပါလာနိုင်သော တိုင်းရင်းသားအမတ်များ၊ တသီးပုဂ္ဂလအမတ်များကို မငြင်းနိုင်လောက်သော အခွင့်အရေးများပေးပြီး စည်းရုံးမည်။

ပါတီငယ်များကို မက်လုံးပေး၍စည်းရုံးမည်။ ဒါဆိုလျှင် လွှတ်တော်ထဲ၌ အမတ်အရေအတွက် ၂၆ ရာခိုင်နှုန်းလောက်ရလျှင်ပင် တပ်မတော်၏မူသေ ၂၅ ရာခိုင်နှုန်းနှင့်ပေါင်းလျှင် ၅၁ ရာခိုင်နှုန်းထောက်ခံမဲရကာ တပ်မတော်မှတင်မြှောက်သော ကိုယ်စားလှယ်သည် သမ္မတတက်ဖြစ်လာနိုင်သည်။ အရပ်သားကို အလေးပြုစရာမလိုတော့၊ သမ္မတကြီး ခေါ်စရာမလိုတော့၊ အမိန့် နာခံစရာမလိုတော့။ ဦးသိန်းစိန် (သို့မဟုတ်) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုအမည်စာရင်းတင်သွင်းလိုက် လျှင် နောက်တက်မည့်သမ္မတဖြစ်လာနိုင်သည်။ ဒါသည် သိန်းမင်းအုပ်စုက လိုလားသော ကစားကွက်ဖြစ် သည်။ ခက်သည်က ထိုကစားကွက်ကိုကြိုမြင်ပြီး လိုက်ဖျက်နေသည်က သူရဦးရွှေမန်းဖြစ်နေသည်။ ဦးရွှေမန်း သည် တပ်မတော်ကတင်မြှောက်လာသော သမ္မတလောင်းကို လွှတ်တော်တွင် ကြံ့ခိုင်ရေးအမတ်များဝိုင်းဝန်း ထောက်ခံဖို့ထက် သူကိုယ်တိုင်သမ္မတလောင်းဖြစ်ဖို့ ရည်မှန်းထားကြောင်း တရားဝင်ထုတ်ဖော်ပြောပြီးဖြစ် သည်။ သူ့ကို ပြည်ခိုင်ဖြိုးပါတီမှ သမ္မလောင်းအဖြစ် ရွေးချယ်ထားပြီးဖြစ်သည့်သဘောမျိုးလည်း အင်တာဗျူး တခုတွင် တရားဝင်ပြောကြားခဲ့ပြီးဖြစ်သည်။ ကြံ့ခိုင်ရေးပါတီသည်သာ ဦရွှေမန်းသမ္မတဖြစ်ရေးကို မဲပေးခဲ့မည် ဆိုလျှင် ၂၅ ရာခိုင်နှုန်းအဖွဲ့ကတင်သောသမ္မတလောင်းသည် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်သော အခါ ဘယ်လိုမှနိုင်နိုင်မည်မဟုတ်တော့ချေ။ ကြံ့ခိုင်ရေးပါတီက ဦးရွှေမန်းကို မဲပေးမည်၊ NLD က သူတို့တင် သောလူကို မဲပေးမည်ဆိုလျှင် တပ်မတော်ကတင်သွင်းသော ကိုယ်စားလှယ်မှာ လုံလောက်သောမဲမရတော့ဘဲ NLD တင်သောလူမှာ သမ္မတဖြစ်သွားနိုင်သည်။ ဒါက သိန်းမင်းအုပ်စု၏ အဓိကစိုးရိမ်ချက်ဖြစ်သည်။ ထိုအချိန် တွင် ဦးရွှေမန်း၏သြဇာအာဏာသည် လွှတ်တော်ထဲတွင်လည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီတွင်လည်းကောင်း တဖြည်းဖြည်းကြီးထွားလာသည်။

ရပ်တန့်၍မရလောက်အောင် ဖြစ်လာသည်။ နိုင်ငံတကာမှာရော၊ ပြည်တွင်းမှာ ရော အတော်ကျော်ကြားလာသည် (ဗိုလ်ချုပ်ခင်ညွန့် ရာထူးမှ မပြုတ်ခင်က အခြေအနေမျိုး ဖြစ်နေသည်)။
ထိုအချက်များအပြင် ဦးရွှေမန်းကို တပ်မတော်မှ မကျေနပ်သော ပုဂ္ဂိုလ်ရေးအကြောင်းများလည်း ရှိသေးသည်။ ပထမဆုံးအချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ကို ၂၀၁၂ တွင် လွှတ်တော်နှစ်ရပ်မှ အရည်အချင်းပျက်ယွင်းကြောင်း စွပ်စွဲပြစ်တင်၍ ရာထူးမှ ထွက်ခွာစေမှုဖြစ်သည်။ ဗိုလ်ချုပ်သိန်းစိုးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရာထူး တာဝန်ယူခဲ့သူဖြစ်ရာ ဦးရွှေမန်းတို့ လွှတ်တော်အမတ် များ လွှတ်တော်ထဲရောက်ဖို့ဗိုလ်ချုပ်သိန်းစိုးမှာဖားစီးငါးစီးဆောင်ရွက်ခဲ့သူဖြစ်သဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခါမှ ခုံရုံးဥက္ကဋ္ဌဖြစ်နေသူ ဦးသိန်းစိုးကို ရာထူးမှ စွပ်စွဲပြစ်တင်ဖြုတ်ချခြင်းသည် တပ်မတော်သားချင်း သစ္စာ စောင့်သိမှုမရှိခြင်း၊ ကျေးဇူးကန်းခြင်းဟု တပ်ဘက်မှယူဆခဲ့ပါသည်။ ထို့နောက် သိန်းမင်းအုပ်စုနှင့် ဦးရွှေမန်း အုပ်စုသည် မကြာခဏထိပ်တိုက်ရင်ဆိုင်တွေ့ကြပါသည်။ ဦးသိန်းစိန် သမ္မသက်တမ်း နောက်ထပ်တကြိမ်ဆက်လက်တာဝန်မထမ်းဆောင်တော့ဘူးဟု ဦးရွှေမန်းကပြောရာ ထိုကိစ္စကို ကာယကံရှင်မှပြောမည်ဖြစ် ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်၏။ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းသောကော်မတီများသည် ပြည် ထောင်စုအဆင့်ဖြစ်သည်ဆိုသော အယူအဆကို ဦးရွှေမန်းနှင့် ဦးသိန်းစိန်တို့ သဘောထားကွဲကြပါသည်။ ထုံးစံ အတိုင်း၂၅ရာခိုင်နှုန်းသည်ဦးသိန်းစိန်ဘက်မှရပ်တည်ကာ ပြည်ခိုင်ဖြိုးလွှတ်တော်အမတ်များသည် သူရဦးရွှေ မန်းဘက်မှ ရပ်တည်ကြပါသည်။ ဒေါက်တာဆိတ်ဖွားကိစ္စတွင်လည်း လွှတ်တော်နှင့်အစိုးရ အငြိုးထားကြပြန်ပါ သည်။ တပ်မတော်သားများသည် လွှတ်တော်ထဲတွင် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း တခုခုမလုပ်ဘဲ ထိုင်နေ သောကြောင့် အုပ်စုလိုက်ထိုသို့ တုံဏှိဘာဝေလုပ်နေပါက ဥက္ကဋ္ဌတယောက်အနေဖြင့် လွှတ်တော်ထဲမှ မောင်းထုတ်၍ရသည်ဟု တပ်မတော်သားကိုယ်စားလှယ်များကို ဦးရွှေမန်းက သတိပေးဖူးပါသည်။

၎င်းအပြင် မကြာသေးခင်ကလည်း တပ်မတော်သားအချို့ကိုရည်စူး၍ အချို့ကိုယ်စားလှယ်များမှာ လွှတ်တော်ထဲလာထိုင် နေသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို သေသေချာချာဖတ်ရှုလေ့လာမှု အားနည်းသည်ဟု လူသိရှင်ကြား ဝေဖန်ခဲ့ပါသည်။ ထိုသို့ ဝေဖန်မှုများကို တပ်မတော်ကိုယ်စားလှယ်များက မနှစ်သက်ပါ။ အကြီးမားဆုံးအချက် မှာ မကြာသေးခင်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒမဲခွဲရာတွင် တပ်မတော်သားများ ကန့်ကွက်ဆန္ဒမဲပေးခြင်းကို ပြည်သူလူထုက အမြင်မကြည်မလင်ဖြစ်ခဲ့ရာတွင်ဦးရွှေမန်းတို့ကထိုသို့ဖြစ်အောင်လုပ်ဆောင်ခဲ့သည်ဟု တပ်ဘက်မှ စိတ်ကွက်ပါသည်။

တပ်နှင့်ပြည်သူ တသီးတခြားစီဖြစ်အောင် သူရဦရွှေမန်းက အကွက်ဆင်ခဲ့ သည်ဟု ၂၅ ရာခိုင်နှုန်းတို့ဘက်မှ ခံစားခဲ့ရဟန်တူပါသည်။ ထိုထက်ပိုမိုသော ထိုးနှက်ချက်လည်း ရှိသေး၏။
လက်ရှိကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၁၆ တွင် အသက် ၆၀ ပြည့်ကာ တပ်မှသက်ပြည့်ပင်စင်ယူရတော့မည်ဖြစ်သည်။ သို့သော်သမ္မတကြီးဦးသိန်းစိန်သည်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နောက်ထပ်သုံးနှစ်ခန့် လက်ရှိရာထူးတွင်ဆက်ရှိစေရန် ၀န်ထမ်းများအားလုံး ၆၃ နှစ်မှ ပင်စင်ယူရမည်ဆိုသော အမိန့်ကို ထုတ်ပြန်ရန်စီစဉ်နေသည်ဟု ကောလာဟလသတင်းများ ထွက်ပေါ်လာပါသည်။ ထိုသတင်းသည် မှန်မမှန်မသိသော်လည်း ဦးရွှေမန်းခေါင်းဆောင်သော ပြည်ထောင်စုလွှတ်တော်က ၂၀၁၅ ဇူလိုင်လ ၈ရက်နေ့ကကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ နိုင်ငံ့ဝန်ထမ်းများ အသက် ၆၀ ပြည့်သည့်နေ့တွင် အငြိမ်းစားယူသည့်စနစ်ကို ယခုကျင့်သုံးနေသည့်ပုံစံအတိုင်းဆက်လက်ထားရှိရန် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကိုတင်သွင်းအတည်ပြုခဲ့ပါသည်။

သိန်းမင်းဂိုဏ်းကို ထိပ်တိုက် ကဏ္ဍကောစလုပ်လိုက်ခြင်းလည်းဖြစ်ပါပေ၏။
ထို့ကြောင့်လည်း ဦးရွှေမန်းအပေါ်ဦးသိန်းစိန်နှင့် တပ်မတော်ထိပ်တန်းခေါင်းဆောင်များသည် အမြင်မကြည် မလင်ဖြစ်နေခဲ့သည်မှာ ကြာပြီတူဟန်ရှိ၏။
နိုင်ငံရေးအရ အရေးကြီးသောအချက်လည်းရှိသေး၏။ အထက်က ဖော်ပြခဲ့သည့်အတိုင်း တပ်မတော်သည် အာဏာကိုဆက်ထိန်းထားရေးမူဝါဒအရ လွှတ်တော်ကိုထိန်းချုပ်ရန် တပ်မတော်မှအရာရှိကြီးများကို အငြိမ်းစား ယူစေပြီး ကြံ့ခိုင်ရေးပါတီမှ ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်စေ၏။ ထိုသို့တပ်မှ အစုလိုက်အပြိုလိုက် နုတ်ထွက်ပြီးပြောင်းလာသော်လည်း ဦးရွှေမန်းဥက္ကဋ္ဌဖြစ်နေသော ပြည်ခိုင်ဖြိုးပါတီသည် တပ်မှ ဘောင်းဘီချွတ် လာသူအားလုံးကို ရွေးကောက်ပွဲတွင် အမတ်လောင်းအဖြစ် လက်ခံသည်မဟုတ်ချေ။ သမ္မတဦးသိန်းစိန်၏ ညာလက်ရုံး ဘယ်လက်ရုံးဖြစ်သော သမ္မတရုံးဝန်ကြီးဦးစိုးသိန်းနှင့် ဦးအောင်မင်းကိုပင် ပြည်ခိုင်ဖြိုးပါတီက ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် လက်မခံပယ်ချခဲ့ခြင်းသည် သိန်းမင်းဂိုဏ်းကို ဒေါသထွက်စေခဲ့ သည်။

ဦးရွှေမန်းသည် ထိုမျှမက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလွှတ်တော်ထဲတွင် ဆွေးနွေးစဉ်က သမ္မတ အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် ရွေးကောက်ပွဲမဲဆွယ်ရာတွင် ပါတီကိုယ်စားပြု၍ မဲဆွယ်ခြင်းမပြုရ (ကိုယ့်အတွက်ပဲ မဲဆွယ်ခွင့်ရှိကာ ပါတီကို ဦးရွှေမန်းပဲ ထိန်းချုပ်ထားမည့်) ပြင်ဆင်ချက်တခုကို ထည့်သွင်းခဲ့ သည်။ ထိုပြင်ဆင်ချက်ကို တပ်မတော်ကိုယ်စားလှယ်များက လက်မခံပယ်ချခဲ့၏။
ပြည်ခိုင်ဖြိုးပါတီတွင် ပါတီထိပ်တန်းခေါင်းဆောင်ရာထူး၌ ဦးသိန်းစိန်ကို ထောက်ခံသူနှင့် ဦးရွှေမန်းကိုထောက်ခံ သူအဖွဲ့အစဉ်အားပြိုင်လာခဲ့သည်မှာ ကြာချေပြီ။ ဦးအောင်သောင်း၊ ဦးအောင်သိန်းလင်း၊ သူရဦးအောင်ကို၊ ဦးမောင်မောင်သိမ်း စသောသူများသည် ဦးရွှေမန်းကို ထောက်ခံသူများဖြစ်ဟန်ရှိသည်။ ထို့ကြောင့် သြဇာ ကြီးမားသော ဦးအောင်သောင်းအလွန်ကာလတွင် ဦးရွှေမန်းဂိုဏ်းသားများမှာ အားနည်းသွားခြင်းဖြစ်သည်။ ထိုအချက်ကိုအခွင့်ကောင်းယူ၍ သိန်းမင်းအုပ်စုက ပါတီတွင်းသို့ တပ်မတော်ဗိုလ်ချုပ်များစွာကို ဒီနေ့စစ်တပ်မှ ထွက် မနက်ဖြန်ကြံ့ခိုင်ရေးပါတီတွင်ဗဟိုကော်မတီဖြစ်ဆိုသောအကွက်ကို ဖော်ခဲ့ကြခြင်းဖြစ်သည်။ ညကြီး မင်းကြီး လူ ၁၂ ယောက်ကို အာဏာမှ ဖြုတ်ချခဲ့ခြင်းဖြစ်သည်။

ဤကိစ္စသည် ဤတွင်မပြီး နောက်ဆက်တွဲကိစ္စများလာလိမ့်ဦးမည်ဟု ခန့်မှန်းရသည်။ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်တဦးကို လွှတ်တော်ဥက္ကဋ္ဌမှ ခွင့်ပြုချက်မရှိဘဲ ရာဇ၀တ်မှုဖြင့်ဖြစ်စေ၊ တရားမမှုဖြင့်ဖြစ်စေ ဖမ်းဆီးပိုင်ခွင့်မရှိချေ။ ဦးရွှေမန်းသည် သာမန်လွှတ်တော်ကိုယ်စားလှယ်ပင်မဟုတ်၊ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယကဖြစ်သည်။ ထို့ကြောင့် ဦးရွှေမန်းခွင့်မပြုဘဲ ဦးရွှေမန်းအပါ အ၀င် လွှတ်တော်ကိုယ်စားလှယ်များကို ရဲတပ်ဖွဲ့သည် မည်သည့်အကြောင်းနှင့်မှ ဖမ်းဆီးခွင့်မရှိပေ။ ဦးရွှေမန်း သည် လွှတ်တော်က ပေးသောအကာအကွယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးသော အကာအကွယ်ကို အပြည့် အ၀ရရှိနေပါ၏။ ဦရွှေမန်းလွှတ်တော်အမတ်မဟုတ်တော့လျှင်တော့ အစိုးရသည် ဦးဆန်းဆင့်တုန်းကလို စွပ်စွဲ ချက်များစွာဖြင့် ဥပဒေကြောင်းအရ လုပ်ကောင်းလုပ်လာနိုင်ပါ၏။ ထို့ကြောင့် တိုက်တိုက်ဆိုင်ဆိုင်ပင်ဦးရွှေမန်းကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌရာထူးမှ လျှောကျပြီး နောက်တရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ် တော်ကိုယ်စားလှယ်များကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဥပဒေကို အမြန်ဆုံးအတည်ပြုပေးပါရန် တောင်းဆို စာတစောင်ကို လွှတ်တော်သို့ အချိန်ကိုက်ပေးပို့ခဲ့ပေ၏။ ထိုထက်တိုက်ဆိုင်သည်မှာ ဇမ္ဗူသီရိလွှတ်တော်မဲ ဆန္ဒနယ်မှ တပ်မတော်သားအချို့က ဦးရွှေမန်းအား လွှတ်တော်ကိုယ်စားလှယ်ရာထူးမှ ပြန်ရုပ်သိမ်းပေးပါရန် ရွေးကောက်ပွဲကော်မရှင်သို့လက်မှတ်ရေးထိုးတောင်းဆိုသောစာများ ရောက်နှင့်နေခြင်းဖြစ်သည်။ တပ်မတော် သားဆိုသည်မှာ အထက်ကအမိန့်မပေးဘဲ ဤကဲ့သို့ကြီးလေးသောကိစ္စများတွင် ကိုယ့်သဘောနှင့်ကိုယ် လက်မှတ်ထိုးခွင့်ရှိသူများမဟုတ်ရာ(၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးသော ဗိုလ်မှူးကျော်စွာဝင်း ထောင်ကျသည် ကိုရှုပါ) တပ်မတော်သားများ၏ လက်မှတ်ရေးထိုးမှုသည် ကာကွယ်ရေးဦးစီးချုပ်ဆန္ဒမပါဘဲ ဖြစ်နိုင်ခြေမရှိ သလောက်နည်းလှ၏။ ထို့ကြောင့် မြင်နေရသောအကွက်မှာ ဦးရွှေမန်းအား အကာအကွယ်ပေးထားသော လွှတ် တော်ကိုယ်စားလှယ်ရာထူးမှ အရင်ဆုံးပြန်လည်ရုပ်သိမ်းရန် လုံ့လပြုနေသည်ကို တွေ့ရပေသည်။

လွှတ်တော် ကိုယ်စားလှယ်မဖြစ်တော့ကာမှ ရေထဲကငါးကို ကုန်းပေါ်တင်လိုက်သလို အခြားအရာများကိုဆက်လက် ဆောင် ရွက်မည့်အကွက်ဖြစ်သည်။ ဦရွှေမန်းသည်လည်း စဉ်းစားတတ်သူတယောက်ဖြစ်ရာ ကိုယ့်သေတွင်းကိုယ်တူး မည့်ဥပဒေကို သုံးလသာသက်တမ်းကျန်တော့သော လွှတ်တော်တွင် အတည်ပြုပေးပါ့မလားဆိုတာ စဉ်းစား စရာဖြစ်သည်။
အာဏာဆိုသော သင်္ဘောကြီးလှိုင်းပုတ်ခံရသောအခါ သင်္ဘောသားများသည် ကြံရာမရ လွတ်ကွက်လှည့်ကွက် များကို တီထွင်လာတတ်ကြသည်မှာ ဓမ္မတာဖြစ်သည်။ ယခုလည်း မြန်မာနိုင်ငံတွင် သက်ဆိုင်ရာ ပြည်ခိုင်ဖြိုး ပါတီသာမက အခြားပါတီများနှင့် တနိုင်ငံလုံးကို သိမ့်သိမ့်တုန်သွားစေသော ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် အမှု ဆောင် ၁၂ ဦး ညဥ့်သန်းခေါင်ယံအချိန်တွင် ရာထူးမှဖြုတ်ခံရသောသတင်းသည် လူတိုင်းစိတ်ဝင်စားသောကိစ္စ ဖြစ်သည်။

ဘာကြောင့် ထိုသို့လုပ်ကြသလဲ၊ NLD နှင့် ပူးပေါင်းလို့လား၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ နီးစပ် သောဆက်ဆံရေးရှိလို့လား၊ သူတို့ပြောသလို ကြီးလေးသောတာဝန်ကြီးကို ထမ်းနေရလို့ စေတနာဗရပွဖြင့် အနားပေးခြင်းလော၊ တိုင်းပြည်အတွက် လိုလို့လုပ်နေခြင်းဖြစ်သလောဟု တွေးမိကြမည်ဖြစ်သော်လည်း အမှန် စင်စစ်မှာ တိုင်းပြည်ကောင်းကျိုးချမ်းသာနှင့်လည်းမဆိုင်၊ ဒီမိုကရေစီအရေးနှင့်လည်းမပတ်သက်၊ ဆင်းရဲသား တို့၏ အကျိုးစီးပွားလည်းမဟုတ်၊ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းအတွက် ၀ါယမစိုက်ခြင်းလည်းမမည်၊ အကယ်စင်စစ် တပ်မတော်မှဆင်းသက်လာသော မျိုးရိုးစဉ်ဆက်သည်သာ ဘိုးစဉ်ဘောင်ဆက် အာဏာလက် ဆင့်ကမ်းကာ ပိုင်ပိုင်နိုင်နိုင်အုပ်ချုပ်သွားနိုင်ရေးအတွက် အုပ်ချုပ်ရေးအကြီးအကဲ(သမ္မတ) ရွေးချယ်ရေးလမ်း ကြောင်းတွင် ရှုပ်နေတာတွေကိုရှင်းကာကြိုတင်ခတ်ကွင်းပြင်ခြင်းဖြစ်ပါကြောင်း။ ပြည်သူလူထုသည်မျက်စိမလည်ဘဲဒီမိုကရေစီဘက်တော်သားများကိုသာ ထောက်ခံမဲပေးကြရမည်ဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နစ်မြုပ်လုဆဲဆဲ သင်္ဘောကြီးပေါ်က အာဏာကစားကွက်များ   နစ်မြုပ်လုဆဲဆဲ သင်္ဘောကြီးပေါ်က အာဏာကစားကွက်များ Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.