"ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်" ဆောင်ပုဒ်အောက်တွင် "အစ်ကိုကြီး-ညီလေး" ဆက်ဆံရေးမှာ ပြို ကျပျက်စီးသွားပြီဖြစ်သော်လည်း "တပ်မတော်သည်သာ အမိ၊ တပ်မတော်သည်သာ အဖ" ဆိုသည့် ဆောင်ပုဒ်မှာ ရုတ်ချည်းတဖန် ပြန်လည် အသက်ဝင်လာ


  ရွေးကောက်ပွဲ မတိုင်မီတွင် ထိပ်တန်း နိုင်ငံရေး ပဲ့ကိုင်သူများ အကြား အာဏာလွန်ဆဲမှု တစ်ခုအဖြစ် ပါတီဌာနချုပ်ကို ဦးသိန်းစိန်ကို ထောက်ခံ သည့် USDP ပါတီ ထိပ်တန်းခေါင်းဆောင်အချို့ က ရုတ်တရက် စီးနှင်း ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ အာဏာရပါတီ USDP ၏ ခေါင်းဆောင် သူရဦးရွှေမန်းမှာ ရာထူးမှ ဖယ်ရှားခံခဲ့ရသည်ဟု ပါတီတာဝန်ရှိသူတစ်ဦးက ကြာသပတေးနေ့တွင် ပြောဆို လိုက်ပါသည်။

ယခင် စစ်အစိုးရအုပ်ချုပ်ခဲ့သည့် နိုင်ငံတွင် ဆယ်စုနှစ်များ ကြာပြီးနောက် လွတ်လပ်မှုနှင့် တရားမျှတမှု အရှိဆုံးဖြစ်မည်ဟု ကြော်ငြာ ထားသည့် နိုဝင်ဘာလ ရွေးကောက်ပွဲများတွင် အကြိတ်အနယ် ၀င်ရောက် ယှဉ်ပြိုင်ရန် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က အားခဲထားသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဗဟိုချက်ကျသည့် ကဏ္ဍများတွင် ပါဝင် လှုပ်ရှားရန် ယူနီဖောင်းချွတ်ခဲ့ကြသည့် ယခင် ဗိုလ်ချုပ်ကြီးဟောင်းများဖြစ်ကြသူ ဦးရွှေမန်းနှင့် သမ္မတ ဦးသိန်းစိန်တို့ အကြား သဘောထားမတိုက်ဆိုင်မှုများ ရှိနေကြောင်း ကောလဟာလများသည် မကြာသေးမီလများတွင် ထွက်ပေါ်လာခဲ့သည်။
အဆိုပါ ပြုပြင်ပြောင်းလဲမှုများ၏ အတိမ်အနက်အပေါ် စိုးရိမ်မှုများက မကြာသေးမီ လများအတွင်း ဖြစ်ပေါ်လာခဲ့သည်။

သို့သော် လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အတွက် နောက်ဆုံး လျှောက်လွှာတင်ရက် မတိုင်မီ တစ်ရက်အလိုတွင် ဖြစ်ပွားခဲ့သည်က နိုင်ငံရေးလောက တစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့သည်။

နေပြည်တော်ရှိ USDP အခြေစိုက်ရုံးသို့ လုံခြုံရေး တပ်ဖွဲ့ဝင်ရောက်ခဲ့ပြီး နိုင်ငံရေး ဇာတ်ကွက်တစ်ခု၏ ညတစ်ညကုန်ဆုံးပြီးနောက် လွှတ်တော် ဥက္ကဌလည်းဖြစ်သည့် ဦးရွှေမန်းသည် အချိုးအကွေ့ အာဏာ လွန်ဆွဲပွဲတွင် အဓိကပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့သည်။

ဦးရွှေမန်းအား သူ၏ ပါတီရာထူးမှ ဖယ်ရှားရန် ဦးသိန်းစိန်က သဘောတူ ခဲ့သည်ဟု သမ္မတရုံးမှ ဦးဇော်ဌေးက AFP ကို ပြောကြား သွားခဲ့သည်။
”ဒါက ပါတီတွင်း ခေါင်းဆောင်ပိုင်းကိစ္စသက်သက်ပါ။ စိုးရိမ်စရာအကြောင်း
မရှိပါဘူး။” ဟု ဦးရွှေမန်း အထိန်းသိမ်းခံထားရကြောင်း ကောလဟာလများ ကို သူက ချေပပြောဆိုသွားခဲ့သည်။

ပြည်သူလူထုတည်ငြိမ်အေးချမ်းရေးအတွက် အစိုးရက လုပ်ဆောင်နေကြောင်း အသေးစိတ် အကြောင်းအချက်များ မပါရှိဘဲ သူက ပြောဆို သွားခဲ့သည်။

ဗုဒ္ဓဟူးညနောင်းပိုင်းတွင် ရဲတပ်ဖွဲ့က စီးနင်းခဲ့ပြီးနောက် အစောပိုင်းတွင် မိမိ ဖခင်ဖြစ်သူ၏ နေပြည်တော်ရှိ နေအိမ်ကို လုံခြုံရေး အစောင့်အကြပ်များ ၀န်းရံထားခဲ့သည်ဟု ဦးရွှေမန်း၏ သားဖြစ်သူက AFP ကို ပြောဆိုထားသည်။
”လက်နက်ကိုင်တပ်ဖွဲ့တွေက နိုင်ငံရေးပါတီတစ်ခုကို ဒီလိုပုံစံမျိုး ထိန်းချုပ် တယ်ဆိုတာ ထူးဆန်းပါတယ်။” ဟု ဦးတိုးနိုင်မန်းက ရန်ကုန်ရှိ အဆက်အသွယ်များမှတဆင့် အခြေအနေကို စောင့်ကြည့်နေကြောင်း ဆိုသည်။

အကြောင်းရင်းမှာ ဦးသိန်းစိန်အပေါ် သစ္စာခံသည့် ကိုယ်စားလှယ်လောင်း များကို ထောက်ခံပေးရန် ဦးရွှေမန်းက ဆန့်ကျင်ခဲ့ကြောင်းနှင့် အာဏာကြီးမား သည့် တပ်မတော်မှ ပါတီသို့ ကူးပြောင်း ရွေးကောက်ခံ လိုသည့် အရာရှိကြီးများကို ပါတီတွင်း တင်သွင်းမှုအလုံးစုံကို လက်မခံ ခဲ့ကြောင်း ယူဆဖွယ်ရာများလည်း ရှိနေသည်။

ရွေးကောက်ပွဲတွင် ပါတီအတွက် ရပ်တည်ယှဉ်ပြိုင်မည့် အစိုးရအဖွဲ့ ၀န်ကြီးများနှင့် တပ်မတော်အရာရှိများထံမှာ လျှောက်လွှာ ၁၀၀ ကျော် ခန့်ကို ပါတီက ရရှိခဲ့ပြီး ဖြစ်သည်ဟု USDP ပါတီဝင် ဦးအောင်ကိုက ဗုဒ္ဓဟူးနေ့ တွင် AFP ကို ပြောကြားသွားခဲ့သည်။

ဒီမိုကရေစီရေးအတွက် နှစ်များစွာ လှုပ်ရှားမှုကြောင့် ယခင် စစ်အစိုးရ လက်ထက်တွင် စူးတစ်ချောင်းပမာ ဖြစ်ခဲ့သည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမဦးဆောင်သည့် NLD ပါတီသည် လာမည့် ရွေးကောက်ပွဲများတွင် အောင်ပွဲများ အခိုင်အမာ ရရှိရန် အခြေအနေ အခိုင်အမာ ရရှိပြီး ဖြစ်သည်။

စစ်တပ်၏ နိုင်ငံရေးအာဏာကို လျှော့ချလို သည့် အခြေခံဥပဒေ ဆိုင်ရာ ငြင်းခုံမှုများ အပါအ၀င် သော့ချက်ကျ သည့် ကိစ္စရပ်များတွင်လည်း အာဏာလက်မလွတ်လိုသည့် စစ်တပ်ကို အတိုက်အခံ ပြုလုပ်သည့် နေရာ တွင် ဒေါ်အောင်ဆန်းစုကြည်က ရှိနေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲ အတူလုပ်ကိုင်ဆောင်ရွက်မည် ဆိုသည့်
စိတ်ကူးကို ကြိုဆိုကြောင်း ဦးရွှေမန်းက လူသိရှင်ကြား ထုတ်ဖော်ပြောဆို ထားပြီးဖြစ်သည်။

အမည်မဖော်လိုသည့် USDP ပါတီဝင်၏ သတင်းရင်းမြစ်အရ အစီအစဉ်မှာ ဦးရွှေမန်းအား ပါတီခေါင်းဆောင်အဖြစ်မှ ဖယ်ရှားရန်နှင့် ပါတီ ဖွဲ့စည်းပုံ အသစ် ပြုလုပ်ရန် ဖြစ်သည်ဟု သူယုံကြည်ကြောင်း အစောပိုင်းက AFP ကို ပြောကြားသွားခဲ့သည်။

”ဒီလိုမျိုးဖြစ်မယ်လို့ မထင်ထားမိခဲ့ဘူး။ ပါတီအတွင်းမှာ သဘောထား မတိုက်ဆိုင်မှုအချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါလောက်ပါဘဲ။ အခုဟာက ပါတီအတွက်ကော၊ တိုင်းပြည်ရဲ့ အနာဂတ်အတွက်ပါ မကောင်းဘူး။”ဟု အဆိုပါ အရင်းအမြစ်က ဆိုသည်။

ယခင် စစ်အာဏာရှင်ဟောင်း၏ လွှမ်းမိုးမှု ရှိနေဆဲ ဗိုလ်ချုပ်ကြီး များ၏ ထောက်ခံမှုကို မည်သူက ရရှိလိမ့်မည် ဆိုသည်နှင့်ပတ်သက်၍ ကာလကြာရှည် အားပြိုင်နေမှုအကြောင်း ပုံမှန်အားဖြင့် ငြီးငွေ့ဖွယ် ရှိသည့်
နိုင်ငံမြို့တော် နေပြည်တော်တွင် အသံကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

တပ်မတော်သားများထံမှ လွှတ်တော်ကိုယ်စားလှယ်များထံ အာဏာ လွှဲပြောင်းနိုင်ရေးတွင် ယခင် စစ်အစိုးရအဖွဲ့ဝင်များအတွက် USDP ပါတီက အဓိကမောင်းနှင်ရေး ယာဉ်တစ်ခုဖြစ်ခဲ့သည်။

”သတင်းစာရွက်တွေပေါ် တင်ခဲတဲ့ USDP ပါတီအတွင်း ကြီးထွားလာတဲ့ တင်းမာမှုတွေ၊ ပြိုင်ဆိုင်မှုတွေ အဆုံးသတ် သွားပါပြီ။” ဟု သမိုင်းပညာရှင်နှင့် စာရေးဆရာ ဦးသန့်မြင့်ဦးက ပြောဆိုထားခြင်းဖြစ်သည်။

”ရွေးကောက်ပွဲပြဇာတ်မှာ အခန်းတစ်ခန်း ပြီးဆုံးသွားတာပါ။ နောက်ထပ် စိတ်လှုပ်ရှားစရာတွေ တွေ့မြင်ရဦးမယ်လို့ ကျွန်တော်သေချာပေါက် ပြောနိုင်ပါတယ်။”

ပါတီတွင်းရှိ ဦးသိန်းစိန်ကို ထောက်ခံသူများက ဦးရွှေမန်း၏ ဂိုဏ်းခွဲဆောင်ရွက်မှု ကို ဆန့်ကျင်ရန် သဘောတူညီချက် ရရှိပြီးနောက် ဗုဒ္ဓဟူးနေ့ ညနောင်းပိုင်းအချိန်တွင် လုံခြုံရေးတပ်ဖွဲ့များကို USDP ရုံးများ တွင် ကြိုတင်နေရာချထားခဲ့သည်။

ဦးရွှေမန်းနေရာတွင် USDP ဒုတိယဥက္ကဌဦးဌေးဦးက အစားထိုး ခဲ့ပြီး ဦးမောင်မောင်သိန်းနေရာတွင် သမ္မရုံးဝန်ကြီး ဦးတင်နိုင်သိန်း က နေရာယူ ခဲ့သည်။ ၂ ဦးလုံးမှာ ဦးသိန်းစိန်နှင့် နီးစပ်သူများဖြစ်ကြသည်။

ရာစုနှစ်ဝက်ကျော်အတွင်း အလွတ်လပ်ဆုံး ရွေးကောက်ပွဲများ ပြုလုပ်ရန် ကြေငြာထားရာ ပြောင်းလဲလွယ်သည့် နိုင်ငံရေးအခြေအနေများကို ဖယ်ရှားမှုက ထင်ဟပ်ပြနေသည်။ ယခင်စစ်ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သည့် သူရဦးရွှေမန်းသည် တချိန်က စစ်အစိုးရအဖွဲ့အတွင်း အဆင့် ၃ နေရာတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး ဦးသိန်းစိန်မှာ နံပါတ် ၄ နေရာကိုသာ ရရှိခဲ့သည်။

သို့သော် ဦးရွှေမန်းသည် စစ်အစိုးရလက်ထက်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ်ကျော် နေထိုင်ခဲ့ရသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဆက်ဆံရေး တည်ဆောက်ခြင်းဖြင့် စစ်တပ်အတွင်းရှိ ရဲဘောက် ရဲဘက်ဟောင်းများကို ကျောခိုင်းခဲ့သည်ဟု နိုင်ငံရေး လေ့လာသူများက ပြော ဆိုနေကြသည်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ဖြစ်သည့် ဦးရွှေမန်း သည် စစ်တပ်က အရပ်သာရေးရာကိစအရပ်ရပ်တွင် ကြီးမားစွာ လွှမ်းမိုးနေမှုကို ကန့်သတ်မည့် ငြင်းခုံမှုများ ခွင့်ပြုခြင်းဖြင့် အခြား သြဇာကြီးမားသည့်
အရာရှိများကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့သည်ဟု ၄င်းတို့က ဆိုသည်။

လာမည့်ရွေးကောက်ပွဲတွင် USDP ကိုယ်စားလှယ် အဖြစ် စစ်တပ်အရာရှိ ၁၅၉ ဦးထဲမှ ၃ ပုံ ၁ ပုံကိုသာ ရွေးချယ်ခဲ့ခြင်းအပေါ် ဦးရွှေမန်း အုပ်စုအား ၂၄ နာရီအတွင် ဖယ်ရှားခဲ့ရန် ကြံစည် ခဲ့ခြင်း ဖြစ်မည် ဟု ယူဆလျက်ရှိသည်။

မဲပေးသူများ မဟုတ်ဘဲ လွှတ်တော် ကိုယ်စားလှယ်များ ကသာ သမ္မတကို ရွေးခြယ်မည်ဖြစ်သောကြောင့် ဥပဒေပြုရေး ရွေးကောက်ပွဲသည် ထပ်ဆင့် အရေးကြီးနေသည်။ ဦးသိန်းစိန်က ရွေးကောက်ပွဲ မ၀င်ဟု ဆိုသော်လည်း ၄င်းအား တပ်နှင့် ပါတီ ပူးပေါင်းပြီး သမ္မတအဖြစ် ထောက်ခံအရွေးခံရရေးကို ကြိုးပမ်းအားထုတ်လျက်ရှိသည်။

ဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုရရှိရန် ကြိုးစားခဲ့ခြင်းက သူ၏ နိုင်ငံရေးကြံမ္မာကို သူကိုယ်တိုင် ဖန်တီးလိုက်ခြင်း ဖြစ်သူဟု အမည်မဖော်လိုသည့် လက်ရှိဗဟိုကော်မတီဝင်တစ်ဦး က AFP သတင်းသို့ ပြောကြားခဲ့သည်။

Ref - Jakatar Post၊ AFP

The Ladies News Journal
https://www.facebook.com/News.TheLadies
"ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်" ဆောင်ပုဒ်အောက်တွင် "အစ်ကိုကြီး-ညီလေး" ဆက်ဆံရေးမှာ ပြို ကျပျက်စီးသွားပြီဖြစ်သော်လည်း "တပ်မတော်သည်သာ အမိ၊ တပ်မတော်သည်သာ အဖ" ဆိုသည့် ဆောင်ပုဒ်မှာ ရုတ်ချည်းတဖန် ပြန်လည် အသက်ဝင်လာ   "ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်" ဆောင်ပုဒ်အောက်တွင် "အစ်ကိုကြီး-ညီလေး" ဆက်ဆံရေးမှာ ပြို ကျပျက်စီးသွားပြီဖြစ်သော်လည်း "တပ်မတော်သည်သာ အမိ၊ တပ်မတော်သည်သာ အဖ" ဆိုသည့် ဆောင်ပုဒ်မှာ ရုတ်ချည်းတဖန် ပြန်လည် အသက်ဝင်လာ Reviewed by သစ်ထူးလွင် on 22:08 Rating: 5
Powered by Blogger.