မုံရွာမြို့နယ် တောင်ပုံတာရိုး တာဘောင်ကျိုးပေါက်

 မုံရွာမြို့နယ် တောင်ပုံတာရိုး တာဘောင်ကျိုးပေါက်မှုအား (၂)ပတ်အတွင်း အမြန်ပြုပြင် မည်ဖြစ်ကြောင်းသိရ
 မုံရွာ ဩဂုတ် ၎

 ချင်းတွင်းမြစ်ရေသည် ယခုနှစ်မိုးရာသီတွင် (၁၃)နှစ်တာကာလအတွင်း အမြင့်ဆုံးရေအမှတ်အဖြစ် ဩဂုတ်လ(၂) ရက်နေ့ ညနေ(၅)နာရီချိန်တွင် မုံရွာမြို့တွင် စိုးရိမ်ရေမှတ်(၁၀၀၀)စင်တီမီတာ အထက် ကျော်လွန်ပြီး (၁၁၃၅) စင်တီမီ တာသို့ ရောက်ရှိလျက်ရှိကာ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ရေ ကာကွယ်ရေးတာ (တောင်ပိုင်း)ရှိ တောင်ပုံ(၅) ပေါက်တွဲ ရေတံခါးအနီးရှိ တာတွင် ဩဂုတ်လ(၂)ရက်နေ့ နံနက်ပိုင်းက ထူးပေါက်စတင်ဖြစ်ပေါ်လာခဲ့ပြီး နေ့လည် (၁၁)ခွဲ ခန့်တွင် တာဘောင်ရိုးမှာ အလျား(၃၀)ပေ အကျယ် (၂၀)ပေနှင့် အမြင့်(၁၅)ပေခန့် ကျိုးပေါက်ခဲ့ကာ ရေတံခါး ၏ Retaining Wall အရှည်ပေ(၅၀)ခန့် ကျိုးပေါက်ခဲ့သည်။

ထိုရေများမှာ တောင်ပုံချောင်းမှတစ်ဆင့် ချောင်းဦးမြို့နယ် ပေါက်အင်းသို့ ရေများ ဝင်ရောက်လျက်ရှိသည်။ ယင်းဆည်ဘောင်တာရိုး ရေတိုက်စားမှုအား ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစောမြင့်ဦး၊ တိုင်းဒေသကြီး ဆည်မြောင်းညွှန်မှူး၊ တိုင်းဒေသကြီးဆက်သွယ် ရေးမန်နေဂျာ၊ စစ်ကိုင်းတိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့မှူး ဦးစီးအင်အား (၄၀)ဦး၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၊ ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ သဲအိတ်များ ထပ်မံချထားခြင်း၊ မျောတိုင်များ ရိုက်ခြင်း၊ သစ်ပင်သစ်ကိုင်းများအား ကာရံခြင်းစသည့် ဆည်တာ ဘောင် ထပ်မံကျိုးကျမှု မရှိစေရေးအတွက် ပြန်လည်တားဆီး စီမံ ဆောင်ရွက်လျက် ရှိသည်။

တာဘောင်ကျိုးကျမှုကြောင့် ထနောင်းတောကျေးရွာ အောက်ရှိ ပုရစ်ကုန်း၊ တောင်ပုံကျေးရွာရှိ ဒေသခံပြည်သူများ ရေဘေးအန္တရာယ်မှ ကင်းလွတ်စေရေးနှင့် လူနှင့်ကျွဲ ၊ နွား တိရစာဆန်များ ရွှေ့ပြောင်းရေး ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ဩဂုတ်လ(၂)ရက်နေ့ ညနေ(၃)နာရီအချိန် ပေါက်အင်းအတွင်း ရေဝင်ရောက် မှုမှာ (၂၁၉)ပေဖြစ်ပြီး ပေါက်အင်း၏ ပုံမှန်ရေသိုလှောင်နိုင်သည့် ရေအမှတ်(၂၂၀)ပေ၊ အကျယ်(၂၁၀၀)ဧကရှိပြီး (၂၂၄)ပေအထိ ရေများ သိုလှောင် နိုင်မည် ဖြစ်သော်လည်း (၂၂၄)ပေအထိ သိုလှောင်ပါက ချောင်းဥိးမြို့ နယ် တောကျောင်းကြီးအုပ်စု၊ တောကျောင်း ကြီးကျေးရွာ၊ ပေါက်အင်းကျေးရွာ၊ ရွာထင်ကျေးရွာ၊ မကျီးခွ ကျေးရွာအုပ်စု မကျီးခွကျေးရွာ၊ မင်းခေါင်ကျေးရွာ၊ မင်းတည်ကျေးရွာနှင့် မြောင်မြို့နယ် မကျီးဘုတ်ကျေးရွာအုပ် စုတို့ ရေဝင်ရောက်နိုင်သည့်အပြင် ချောင်းဦး-ပခုက္ကူ လမ်းမအပေါ်သို့ ရေများ ဖြတ်ကျော်စီးဆင်းနိုင်ကြောင်းနှင့် ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကြိုတင်သတိပေးထား ရှိပြီးဖြစ်ကြောင်းသိရသည်။

အဆိုပါ တာဘောင်အား ပြည်ထောင်စုအစိုးရ၏ လမ်းညွှန်မှု ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆည်မြောင်းဦးစီးဌာနမှ ကျွမ်းကျင် ပညာရှင်များ၊ တပ်ရင်းတပ်ဖွဲ့ များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည် သူများ၊ လူမှုကူညီရေးအသင်းအ ဖွဲ့များနှင့် အလှူရှင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များက (၂)ပတ်အတွင်း အပြီး ပြန်လည်ပြင်ဆင်သွား မည်ဖြစ်ကြောင်းနှင့် အဆိုပါ တာဘောင်ကျိုးပေါက် မှုကြောင့် ရေဝင်နိုင်သည့် ကျေးရွာများအား သက်ဆိုင်ရာမှ ကြိုတင်သတိပေး ချက် ထုတ်ပြန်ထားပြီးဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများမှ အချိန်နှင့် တစ်ပြေးညီ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(တိုင်းဒေသကြီးပြန်/ဆက်)

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မုံရွာမြို့နယ် တောင်ပုံတာရိုး တာဘောင်ကျိုးပေါက်  မုံရွာမြို့နယ် တောင်ပုံတာရိုး တာဘောင်ကျိုးပေါက် Reviewed by THITHTOOLWIN on 16:58 Rating: 5
Powered by Blogger.