ဆိုင်ကယ်ဖြင့် ဆွဲကြိုး ဖြတ်ပြေးသဖြင့် လူသေဆုံးမှု ဖမ်းမိ


မန္တလေး

            ဆိုင်ကယ်စီးပြီး ဆွဲကြိုး ဖြတ်ပြေးသောကြောင့် လူသေဆုံးခဲ့ရမှု အတွက် တရားခံများကို နှစ်လကြာ စုံစမ်းပြီးနောက် ဖမ်းမိပြီဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

          ပြည်ကြီး တံခွန်မြို့နယ်တွင် ဇွန်လ (၁၉) ရက်နေ့ ညနေပိုင်းအချိန် ဈေးရောင်းရန် သွားသော မ…. (၂၅) နှစ်၏ ဆွဲကြိုးအား အမည်မသိ အမျိုးသားနှစ်ဦး မောင်းနှင်သော ဆိုင်ကယ်က လုယူထွက်ပြေးသွားရာမှ မ….မှာ ဆိုင်ကယ် လဲကျ၍ သေဆုံး သွားခဲ့သည်။

          အဆိုပါ အမှုနှင့် ပတ်သက်ပြီး မြို့မစခန်း (ပြည်ကြီး တံခွန်)(ပ)၃၃၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၉၂/၃၀၄-က အရ အမှုဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။

          ရဲအုပ် ရန်နိုင်ဝင်းနှင့် အဖွဲ့သည် တရားခံ ဖမ်းဆီးရမိရေးနှင့် ပတ်သက်၍ စုံစမ်းခဲ့ရာ ယခုလ (၉) ရက်နေ့တွင် မသင်္ကာ တရားခံ ကို..... (၂၀) နှစ်အား ဖမ်းဆီးစစ်ဆေးခဲ့သည်။

          ''ပိုက်ဆံတွေ အရမ်းသုံးနေတာ မသင်္ကာလို့ ခေါ်ယူ စစ်ဆေးကြည့်တာ အခုလ (၉) ရက်နေ့ ကတည်းက စစ်ဆေးတာ။ ဒါပေမဲ့ သူတို့ လုပ်ပါတယ်ဆိုတာ ၀န်ခံတာက မနေ့ကမှ ၀န်ခံတာပါ။ စုစုပေါင်း တရားခံ ငါးဦးပေါ့၊ အခု လောလောဆယ်လေးဦး ဖမ်းမိထားတယ်။ တစ်ဦးကတော့ လွတ်နေသေးတယ် '' ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

          ၎င်းတို့ ငါးဦးသည် သေဆုံးခဲ့သူ မောင်းနှင်သည့် ဆိုင်ကယ်အား ဘေးချင်း ယှဉ်လိုက်ပါလာပြီး ဆွဲကြိုးအား လုယူခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။ ၎င်းတို့သည် ရရှိသောဆွဲကြိုးအား ကံသာယာ မြို့သစ်နေတွင် နေထိုင်သူ မ..... ထံ၌ (၃၅၀၀၀၀) ကျပ်ဖြင့် ရောင်းချခဲ့ပြီး ငါးဦးခွဲဝေ သုံးစွဲခဲ့ကြောင်း ၎င်းတို့ ပြောပြချက်အရ  သိရသည်။

          အမှုမှတရားခံများ ဖြစ်သော ကောင်းဇော်ထိုက် (၁၅) နှစ်အား ယခုလ (၁၉) ရက်နေ့တွင် လည်းကောင်း၊ ကိုကိုသင်း (၂၀) နှစ်အား ယခုလ (၂၀) ရက်နေ့တွင် လည်းကောင်း၊ ရဲနောင် (၂၂) နှစ်အား ယခုလ (၂၁) ရက်နေ့တွင် လည်းကောင်း၊ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

          အမှုနှင့် ပတ်သက်၍ သက်သေခံ ရွှေရည် (၁၅) ပဲ ရွှေအလေးချိန် (၁၁) ပဲ ငါးရွေးခန့်ရှိ ရွှေရည် ကျိုထားသော ရွှေဖြတ်စ နှစ်စနှင့် ပြစ်မှုကျူးလွန်စဉ် စီးနင်း အသုံးပြုခဲ့သော ဆိုင်ကယ် တစ်စီးတို့အား သိမ်းဆည်း ရမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။

          အဆိုပါ အမှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိသော တရားခံ လေးဦးအား ထပ်မံစစ်ဆေးလျက် ရှိပြီး ပြည်ကြီးတံခွန် ရဲစခန်းတွင် ဖမ်းဆီးထားကာ ကျန်တရားခံ ဇင်မင်းထက်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

T.Y.D.N
The Messenger Media
http://messengernewsjournal.com

ဆိုင်ကယ်ဖြင့် ဆွဲကြိုး ဖြတ်ပြေးသဖြင့် လူသေဆုံးမှု ဖမ်းမိ   ဆိုင်ကယ်ဖြင့် ဆွဲကြိုး ဖြတ်ပြေးသဖြင့် လူသေဆုံးမှု ဖမ်းမိ Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.