“အထနှေးသော အစိုးရ၊ ခြေမြန်လက်မြန် အစိုးရ”


 ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ထွက်ခွာခဲ့သည့် မြန်မာများ၊ ကိုယ့်တိုင်းပြည်သို့ ခေတ္တခဏပြန်လာကြသည်။ တချို့လည်း အပြီးပြန်လာကြ သည်။ အင်္ဂလန်သို့ ထွက်သွားသည့် မိတ်ဆွေတယောက် ခေတ္တ ပြန်လာစဉ်
''အပြီး ပြန်မလာတော့ဘူးလား''ဟု မေးမြန်းမိပါသည်။

သူက သူ့ခင်ပွန်းကျန်းမာရေးကိုငဲ့၍ ပြန်မလာတော့ဟု ပြန်ဖြေပါသည်။
''မြန်မာပြည်မှာလည်း ပုဂ္ဂလိကအထူးကုဆေးရုံတွေ အများကြီးရှိနေပြီ''ဟု ကျွန်မက ထပ်ကွန့်လိုက်ရာ မိတ်ဆွေ က ရှင်းပြပါသည်။
တနေ့ နံနက်တွင် သူက မီးဖိုထဲ၌ ချက်ပြုတ်နေစဉ် သူ့ခင်ပွန်း လမ်းလျှောက်ထွက်သွားသည်ကို သိလိုက်သည်။ ဟင်းချက်နေစဉ် အရေးပေါ်လူနာတင်ကား သူတို့အိမ်ရှေ့လာရပ်သဖြင့် အိမ်မှားရပ်သည်ထင်ပြီး ဟင်းချက် နေရာမှ သူအိမ်ရှေ့သို့ ထွက်လာသည်။ အရေးပေါ်လူနာတင်ယာဉ်ပေါ်မှ လူများက သည်အိမ်လိပ်စာဖြင့် ခေါ်ထားကြောင်း ပြန်ပြောသည်။ အရေးပေါ် ၁၉၉ ကို ခေါ်ထားသည့် ဖုန်းနံပါတ်က သူ့ခင်ပွန်းဖုန်းနံပါတ်။

သူ့စိတ်တွင် ခင်ပွန်းဖြစ်သူ လမ်းလျှောက်ထွက်နေဆဲဟုထင်နေသည်။ ဖိနပ်ချွတ်တွင် ခင်ပွန်းဖိနပ်တွေ့မှ သူ အိပ်ခန်းထဲပြေးဝင်ကြည့်တော့ သူ့ခင်ပွန်း အိပ်ခန်းထဲတွင် သတိလစ်နေသည်။ သို့ဖြင့် အရေးပေါ် လူနာတင် ယာဉ်ပေါ် သတိလစ်နေသော ခင်ပွန်းကိုတင်ပြီး သူပါလိုက်ခဲ့ရတော့သည်။
ဆေးရုံရောက်တော့ အရေးပေါ်အ၀င်ဝတွင် တာဝန်ကျဆရာဝန်နှင့် သူနာပြုများက အဆင်သင့် စောင့်ကြိုနေ သည်။ အရေးပေါ်ကုသမှု ချက်ချင်းဆောင်ရွက်ပေးသည်။ သူ့ခင်ပွန်းမှာ ဒုတိယအကြိမ် နှလုံးရောဂါ (Second Heart Attack)၏ တိုက်ခိုက်မှုကိုခံရခြင်းဖြစ်သည်။ ဆရာဝန်က နောက်ထပ် ငါးမိနစ်နောက်ကျပါက အသက် ဆုံးရှုံးမည်။ အချိန်မီရောက်လာ၍ ကံကောင်းသည်ဟုပြော၏။ သည်ဖြစ်ရပ်ကြောင့် သူတို့မိသားစု မြန်မာပြည်သို့ အပြီးပြန်ရန် မူလစိတ်ကူးကို ဖျက်သိမ်းလိုက်ရသည်ဟု ပြန်ရှင်းပြပါသည်။

မိတ်ဆွေ၏စကားဆုံးသော် ကျွန်မ နှုတ်ဆိတ်သွားပါသည်။ ကိုယ်တွေ့ကြုံဖူးသည်က ရပ်ကွက်နှင့် မလှမ်းမကမ်း တွင် မီးလောင်စဉ် ၁၉၉ ကို ခေါ်ဖူးသည်။ ကိုင်မည့်သူမရှိ။
အကယ်၍ မိတ်ဆွေ၏ခင်ပွန်းသည်ကဲ့သို့ ရုတ်တရက် နှလုံးရောဂါခံစားရသူအတွက် အရေးပေါ်ကားခေါ်၍ ရောက်လာသည်ထားဦး။ ယနေ့ ရန်ကုန်လမ်းပိတ်ပုံနှင့် အရေးပေါ်လူနာတင်ကားကို လမ်းပေးရကောင်းမှန်း မသိသော မြန်မာပြည်မှယာဉ်မောင်းများနှင့် လမ်းပေးရကောင်းမှန်းသိလျှင်ပင် ရှောင်ပေးစရာလမ်းမရှိသော လက်ရှိရန်ကုန်အခြေအနေကြောင့် နှလုံးရောဂါသည်ခမျာ လူနာတင်ယာဉ်ပေါ်၌ပင် အသက်ထွက်ဖွယ် ကြုံရနိုင် ပါသည်။

''လူတိုင်းကို ကားစီးစေချင်သည့်စေတနာပါ''ဟု ကားတင်သွင်းခွင့်နှင့်ပတ်သက်၍ ဖြေလျော့စဉ်က သမ္မတကြီး ဦးသိန်းစိန်သည် အလွယ်ပြောနိုင်ခဲ့ပါသည်။ သို့သော် ရန်ကုန်တွင် ယာဉ်ကြောများကျပ်၍ ဒုက္ခရောက်ကြသော အခါ သမ္မတက ၃ လအတွင်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းစေဟု အမိန့်ပေးသော်လည်း ၃ လ သုံးပြန်ကြာ ခဲ့ပြီးသည်ထိ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို မဖြေရှင်းနိုင်ပေ။

၂၀၁၅ ဇူလိုင်လဆန်းကတည်းက တချို့ဒေသများတွင် မိုးသည်းထန်စွာရွာခဲ့သည်။ မှတ်မှတ်ရရ မေလထဲတွင် စစ်ကိုင်းတိုင်းက မြောင်မြို့နယ်၌ မိုးသည်းထန်စွာရွာ၍ ရှင် ၅၀၀ ရှင်ပြုပွဲမဏ္ဍပ်များ ရေထဲမျောကုန်သည်။ ထိုပွဲသို့ တက်ရောက်မည့်အစီအစဉ်ကို ဦးသိန်းစိန်ဖျက်လိုက်ရသည်။ ဇူလိုင်လဆန်းမှစ၍ မြန်မာတပြည်လုံး မိုးများလာချိန်တွင် ရေလွှမ်းမိုးသည့် ရေဘေးဒုက္ခကို စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ရွာတချို့ စတင်ခံစားရတော့ သည်။

ကောလင်းမြို့ ရေလွှမ်းခံရပုံများ ဖေ့စ်ဘုတ်တွင် တပုံပြီးတပုံတက်လာသည်။ ထုံးစံအတိုင်း အစိုးရ၏ ရေဘေး ကယ်ဆယ်စောင့်ရှောက်မှုက နောက်ကျပြီး ကိုယ်ထူကိုယ်ထ ပရဟိတအဖွဲ့များ ကောလင်းသို့ ပြေးလွှားကယ် ဆယ်ကြရသည်။ ဇူလိုင် ၁၉ ရက်နောက်ပိုင်း နေ့စဉ်ရက်ဆက် မိုးရွာသဖြင့် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တွင်းရှိ နေရာဒေသအတော်များများ ရေဘေးဒုက္ခကြုံကြရသည်။

၂၇-၇-၂၀၁၅ ရက်နေ့တွင် မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က လက်ရှိမိုးလေ၀သ အခြေအနေကိုရှင်းပြ ပြီး တပြည်လုံးအတိုင်းအတာအနေဖြင့် အရေးပေါ်အခြေအနေကြေညာသင့်ကြောင်း၊ သူ၏ဖေ့စ်ဘုတ်စာမျက်နှာ တွင် ရေးသားခဲ့သည်။

အစိုးရကား အရေးပေါ်အခြေအနေမကြေညာ။ ထိုအချိန်တွင် ရေဘေးသင့်နေရာဒေသများသို့ သွားရောက်ကူညီ သည့်သူများ၊ အဖွဲ့များကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်များအား ဦးစွာတင်ပြခွင့်တောင်းရမည်ဆိုသော သတင်းများထွက်လာသည်။ ဆက်လက်ရွာသွန်းသောမိုးကြောင့် ဦးထွန်းလွင်၏ကြေညာချက်ထွက်ပြီး ရက်ပိုင်း အတွင်း တိုင်းနှင့်ပြည်နယ် ၁၁ ထိ ရေလွှမ်းမိုးမှုဒဏ်ခံနေရပြီဖြစ်သည်။

စင်စစ် မိမိတာဝန်ယူအုပ်ချုပ်နေသည့်နေရာဒေသတွင် သဘာဝဘေးအန္တရာယ် ကျရောက်ပါက ကူညီကယ် ဆယ်ရန် တာဝန်အရှိဆုံးအဖွဲ့အစည်းသည် ထိုဒေသ၏အာဏာပိုင်များဖြစ်သည်။ ရေလွှမ်းမိုးသည်ကို တာဝန်ရှိ သူများက ကူညီကယ်ဆယ်ရန် နှောင့်နှေးချိန်တွင် မနေနိုင်သူများက အပြေးအလွှားလာပြီး ကယ်ဆယ်ကူညီ ခြင်းအပေါ် ကျေးဇူးပင်တင်စရာကောင်းပေသည်။ အရေးပေါ်အခြေအနေ၌ပင် မိမိကိုယ်တိုင်က ကရုဏာမေတ္တာ ထား၍ မြန်မြန်ဆန်ဆန် တာဝန်မယူရုံသာမက ကြိုးနီစနစ်ကို ပြန်ထုတ်ပြပြီး ခွင့်ပြုမိန့်တောင်းခိုင်းသည်မှာ အလွန်ညံ့ဖျင်းသော စီမံအုပ်ချုပ်မှုဖြစ်ရုံသာမက လူစိတ်ကင်းသည့် စီမံခန့်ခွဲမှုဖြစ်သည်။

သည်တွင် ၂၀၀၈ မေလက ဖြစ်ပေါ်ခဲ့သော နာဂစ်မုန်တိုင်းကို ပြန်သတိရရပါသည်။ နာဂစ်ဒဏ်ခံရသော နေရာ ဒေသများသို့ နအဖအစိုးရက ကယ်ဆယ်ရေးမလုပ်ဆောင်မီ ပုဂ္ဂလိကများ၊ ပုဂ္ဂလိကလူမှုရေးအသင်းအဖွဲ့များ က ချက်ချင်းသွားရောက်ကူညီကြသည်။ ထိုပုဂ္ဂိုလ်များ၊ အဖွဲ့များသည် သက်ဆိုင်ရာဒေသအာဏာပိုင်များ၏ တားဆီးခြင်းခံရသူက ခံကြရသည်။ ဖမ်းဆီးထောင်ချခံသူများက ထောင်ကျခံခဲ့ကြရသည်။

လူသိန်းချီသေ၊ သိန်းချီပျောက်ဆုံးပြီး နေစရာ၊ စားစရာ ဘာမှမရှိသော နာဂစ်ဒဏ်ခံရသူများအား နအဖအစိုးရ ၏ မည်သည့်ထိပ်တန်းခေါင်းဆောင်မှ သွားရောက်ကြည့်ရှုခြင်းမရှိ။ နာဂစ်နှင့်ရက်ပိုင်း မျှခြားပြီး တရုတ်တွင် မြေ ငလျင်ပြင်းစွာလှုပ်သည်။ ငလျင်ဒဏ်ခံ လူထုထံတရုတ်ဝန်ကြီးချုပ်ဝမ်ကြားပေါင်နှင့် ကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်းရောက် သွားသည်။
ငလျင်ဒဏ်ခံ တရုတ်လူထုထံ ၀မ်ကြားပေါင်သွားပြီး နောက်တရက်လား၊ နှစ်ရက်လားတွင်မှ ထိုစဉ်က မြန်မာ နအဖ၏၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် နာဂစ်ဒဏ်ခံ လူထုထံဆင်းလာသည်။

ဝမ်ကြားပေါင်တရုတ်လူထုနှင့် နီးကပ်ထဲဝင်စွာသွားလာနေပုံ၊ မျက်နှာတွင် စိတ်ထိခိုက်ပုံမျိုး၊ ဗိုလ်ချုပ်ကြီးသိန်းစိန်တွင် ဘာမျှမတွေ့ရ။
နာဂစ်ဒဏ်ခံလူထုက မတ်တတ်ရပ်စီတန်းနေကြပြီး ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်အဖွဲ့က ထိုသူများရှေ့မှ ဖြတ် လျှောက်သည့်ပုံများကိုသာ မြင်ရသည်။ စက်ရုပ်မျက်နှာနင့်တူသော ဗိုလ်ချုပ်ကြီးသိန်းစိန်မျက်နှာပေါ်တွင် ၀မ်ကြားပေါင်မျက်နှာတွင် တွေ့ရသော စိတ်မကောင်းဖြစ်မှု၊ ၀မ်းနည်း ခံစားရမှုမျိုး ဘာမျှမတွေ့ရ။
နိုင်ငံတကာမှ အကူအညီလေယာဉ်များ၊ သင်္ဘောများကို နအဖက လက်မခံသဖြင့် ကမ္ဘာနှင့် နအဖ အချီအချ စကားပြောနေကြစဉ် တရုတ်တွင် နိုင်ငံတကာမှ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့်လေယာဉ်များ ဥဒဟိုဝင်ထွက်နေပြီ။
တရုတ်ငလျင်သည် မြန်မာနာဂစ်ထက် နောက်ကျသော်လည်း နိုင်ငံတကာ၏ကူညီထောက်ပံ့မှုကို ငလျင်ဒဏ်ခံ တရုတ်လူထုက ဦးစွာခံစားရသည်။ တရုတ်လူထုထက်နောက်ကျပြီးမှ မြန်မာနိုင်ငံ၏ နာဂစ်ဒဏ်ခံပြည်သူများ နိုင်ငံတကာက ပေးပို့သည့်ကူညီထောင်ပံ့မှုကို ခံစားကြရသည်။

သိန်းချီသော ပြည်သူလူထု သေရေးရှင်ရေးဘေးဒုက္ခကြုံရချိန်တွင် မိမိကိုယ်တိုင်က ကယ်ဆယ်စောင့်ရှောက်ရန် အထနှေးသော မြန်မာအစိုးရသည် ကချင်ပြည်နယ်ရှိ ရေခဲတောင်တတောင်ပေါ်တွင် ရဟတ်ယာဉ် စက်ချို့ယွင်း ပြီး သောင်တင်နေသော ဦးတေဇနှင့်အဖွဲ့(စုစုပေါင်း လူလေး၊ ငါးယောက်)ကို ကယ်တင်ရန် ဆုံးဖြတ်ပုံက မြန်ဆန်လှသည်ဟု သူတို့နှင့် နီးစပ်သူတချို့က ဆိုသည်။
နအဖနှင့်နီးစပ်သူတချို့က ဦးတေဇနှင့်အဖွဲ့ကိုကယ်ရန် ဗိုလ်ချုပ်ကြီးမောင်အေးကိုယ်တိုင် ထိုင်းမှကယ်ဆယ် ရေးအဖွဲ့တဖွဲ့ကို လှမ်းပြီးငှားရမ်းသည်။ ထိုင်းက လက်မခံသဖြင့် နီပေါမှကယ်ဆယ်ရေးအဖွဲ့ကို ငှားခဲ့ရသည် ဆို၏။ ထိုနီးစပ်သူက ဆက်ပြောသည်မှာ နာဂစ်ကြောင့် ဘယ်သူသေသေ၊ ထိုသေဆုံးသူများက သူတို့၏ စီးပွားဘက်မဟုတ်။ ဦးတေဇသေ၍မဖြစ်။ ဦးတေဇသည် ထိတ်တန်းစစ်ဗိုလ်များအတွက် တာဝန်ခံစီးပွားရှာပေး နေရသူဟု ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ ပြည်သူ့ဆေးရုံများသို့ သွားသောလူနာမှန်သမျှ ဂွမ်းက အစ၊ ဆေးအလယ်၊ လက်တွန်းလှည်းခ၊ ဆရာဝန်၊ သူနာပြုကန်တော့ကြေးအဆုံး ငွေထုတ်သုံးကြရသည်။ ငွေမတတ်နိုင်သော လူနာများက ပြင်ပဆေးဆိုင်များမှ စပ်ဆေးများ ၀ယ်သောက်ကြသည်။ ငွေတတ်နိုင်သူများ က ပြည်ပသို့ထွက်၍ ဆေးကုကြသည်။

၂၀၁၂ တွင် ရန်ကုန်ဆေးရုံကြီးသို့ လူနာသတင်းပေးသွားသည့် ဒေါ်အောင်ဆန်းစုကြည်က ညစ်ပတ်စုတ်ပြတ် နေသော ရန်ကုန်ဆေးရုံကြီးကို မျက်ဝါးထင်ထင်တွေ့ရရာမှ ပြည်ပအကူအညီဖြင့် ရန်ကုန်ဆေးရုံကြီး ပြန်လည် ပြုပြင်ရေး စတင်ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို မမြင်ရတော့ဘဲ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ၀င်ရောက်လုပ်ဆောင်သည်ကိုတွေ့ရ၏။ ထို့နောက် အစိုးရက ဆေးရုံမှာ အသုံးစရိတ် နည်းနည်းတိုးပေးလာသည်။ ဆေးရုံတက်လျှင် ယခင်လောက် ငွေမထုတ်ရတော့ဟု ကြားရသည်။
ဇူလိုင် ၉ ရက်နေ့တွင် ပြည်ခိုင်ဖြိုးပါတီ၏ အတိုင်ပင်ခံဗဟိုအဖွဲ့ဝင် ဦးအောင်သောင်း၏ ကျန်းမာရေးမသက်သာ သောကြောင့် လေယာဉ်စင်းလုံးငှားကာ စင်ကာပူဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ထိုဆေးရုံသည် ဒီပဲယင်းလုပ်ကြံမှု တွင် တာဝန်ယူခဲ့ရသည်ဟု စွပ်စွဲခံရသည့် ဗိုလ်ချုပ်ကြီးစိုးဝင်း တက်ရောက်ခဲ့သော ဆေးရုံဟုဆိုကြသည်။
ထိုဆေးရုံတွင် ဦးအောင်သောင်းအတွက် လူနာခန်းကို မည်သို့ယူကြောင်း မသိရသော်လည်း ဗိုလ်ချုပ်ကြီးစိုးဝင်း ဆေးရုံတက်စဉ်က သူ့ကိုထားသည့်အခန်းရှိရာ အဆောက်တခုလုံးကို ငှားခဲ့သည်ဆို၏။

ဆေးရုံထဲ စင်ကာပူ ရောက်မြန်မာများ ၀င်ပြီးသတင်းထောက်လှမ်းမည်ကိုစိုးရိမ်၍လည်းကောင်း၊ ဒီပဲယင်းလုပ်ကြံမှုအတွက် ၀င် ရောက်လက်စားချေမည်ကို စိုးရိမ်၍လည်းကောင်း တဆောင်လုံးငှားခြင်းဖြစ်သည်ဟု စင်ကာပူရောက် မြန်မာ များက ပြောကြားသည်။

ဦးအောင်သောင်းအတွက် အသွား၊ အပြန် လေယာဉ်စင်းလုံးငှားခ၊ ဗိုလ်ချုပ်ကြီးစိုးဝင်းအတွက် လူနာတယောက် အခန်းမဟုတ်ဘဲ၊ တဆောင်လုံးငှားခကို မည်သည့်ငွေဖြင့်သုံးကြောင်း မြန်မာလူထုမသိရပေ။ နိုင်ငံတော် ဘတ်ဂျက်မှ ကျခံသည်လော။ သူတို့၏ ကြွယ်ဝလှသော ကိုယ်ပိုင်ငွေဖြင့် ကျခံခြင်းလော။ မည်သည့်မြန်မာ လူထုမျှ မသိကြပေ။

နိုင်ငံတော်ဘတ်ဂျက်ဖြင့် သုံးစွဲသည်ဆိုပါက လူထုအတွက် ကျန်းမာရေးအသုံးစရိတ်ပေးရန် တွန့်တိုအထနှေး လုသော မြန်မာအစိုးရသည် မြန်မာလူထုက မနှစ်မြို့သော ဦးအောင်သောင်းတယောက်အတွက် ဗိုလ်ချုပ်ကြီး စိုးဝင်းတယောက်အတွက်မူ လက်သွက်တာဝန်ကျေလှသည်ဟု ဆိုရပေမည်။
မြောက်ကိုရီးယားထဲခိုးဝင်သည့် အမေရိကန်နိုင်ငံသားကို မြောက်ကိုရီးယားက ပြစ်ဒဏ်ပြင်းစွာချမှတ်သည်။ ထိုအခါ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာကိုယ်တိုင် မြောက်ကိုရီးယားသို့သွားပြီး မြောက်ကိုရီးယား အစိုးရနှင့် ညှိနှိုင်းကာ ပြစ်ဒဏ်ကျအမေရိကန်နိုင်ငံသားကို ပြန်ထုတ်ယူသည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ဝင်းထဲသို့ ၀င်ရောက်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံရသော ဂျွန်ယက်တောကို အမေရိကန်လွှတ်တော်အမတ်တဦးရောက်လာပြီး ပြန်လည်ခေါ်ထုတ်သွားသည်။

လွန်ခဲ့သော လေးနှစ်ခန့်က မူးယစ်ဆေးဝါးမှု၊ တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်မှုဖြင့် မြန်မာနိုင်ငံသား နော်ခမ်းကို တရုတ်က ရုံးတင်စစ်ဆေးခဲ့သည်။ လူမဆန်သောနည်းများဖြင့် နော်ခမ်းကို စစ်ဆေးပုံများကို တရုတ်ရုပ်/သံက ထုတ်လွှင့်ပြခဲ့သည်။ ထို့နောက် နော်ခမ်းကို သေဒဏ်စီရင်လိုက်သည်။
နော်ခမ်းက မြန်မာအစိုးရကိုလည်း ဝေစုပေးခဲ့ရသည်ဟု အတည်မပြုနိုင်သော သတင်းများကဆိုသည်။ မြန်မာ အစိုးရသည် မိမိနိုင်ငံသား နော်ခမ်းအား လူမဆန်သောနည်းလမ်းများသုံး၍ အမှုစစ်ဆေးသော တရုတ်အစိုးရ ကို ကန့်ကွက်စကားတခွန်းပင် မပြောဝံ့ခဲ့။ နော်ခမ်းကို ကယ်ထုတ်ရန်ကား စိုးစဉ်းမျှပင် တာဝန်ရှိသည်ဟု ခံယူပုံ မပေါ်။

၂၀၁၄ အောက်တိုဘာလထဲတွင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားနှစ်ဦး ဗြိတိန်စုံတွဲသတ်မှုဖြင့် ဖမ်းဆီးခံရ သည်။ မြန်မာနှစ်ဦးသည် တရားခံအစစ်ဟုတ်သည်၊ မဟုတ်ဘူး ငြင်းခုံသံများ ဆူညံလာစဉ် ထိုင်းနိုင်ငံရှိ မြန်မာလူမှုအဖွဲ့အစည်းများက ယင်းမြန်မာနှစ်ဦး လွတ်ရာလွတ်ကြောင်း ကြိုးစားကြသည်။ မြန်မာအစိုးရက နောက်ပိုင်းတွင် အနည်းအကျဉ်း ၀င်ရောက်ပြောဆိုသော်လည်း ထိရောက်သည့်အကာအကွယ်ပေးမှု ဘာမျှမရှိ။ အဆိုပါမြန်မာနှစ်ဦး ယခုထိ ထိုင်းနိုင်ငံတွင် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။

မြန်မာနိုင်ငံအတွင်းသို့ လှေစီးဘင်္ဂါလီများ ခိုးဝင်လာသောအခါ အုတ်အော်သောင်းတင်းသတင်းများက ဖော်ပြ ကြသည်။ နေ့စဉ်နှင့်အမျှ မြန်မာနိုင်ငံထဲဝင်၍ စိုက်ပျိုးကြ၊ ရွှေခိုးတူးကြ၊ သစ်ခိုးထုတ်ကြ၊ မြန်မာမိန်းကလေး များယူကြသော တရုတ်များကို မည်သည့်ဂျာနယ်၊ သတင်းစာကမျှ အုတ်အော်သောင်းတင်းသတင်းမရေးရဲကြ။

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်က ဖိတ်ကြားမှုအား လက်တုံ့ပြန်ခြင်းဟု လူထုက စကားတင်းဆိုသည့် စီရင် ချက် မြန်မာအစိုးရထံမှ ထူးခြားစွာပေါ်ထွက်လာသည်။ ယင်းကား သစ်ခိုးထုတ်သည့် တရုတ် ၁၅၃ ဦးကို တသက်တကျွန်း အပြစ်ဒဏ်ချလိုက်ခြင်းပင်။

စင်စစ် သစ်ခိုးထုတ်မှုသည် တသက်တကျွန်းပြစ်ဒဏ်ချလောက်သည့် အမှုမဟုတ်ပေ။ သည်စီရင်ချက်က မြန်မာ့ တရားစီရင်ရေးကို အစိုးရစိတ်ကြိုက် ခြယ်လှယ်နေကြောင်း သိသာစေသည်။ မြန်မာလူထုက ဦးသိန်းစိန်အစိုးရ တရုတ်ကို မကြောက်တော့ဟု ၀မ်းသာကျေနပ်ခြင်း မွန်းမတည့်မီ တရုတ်က သူ့နိုင်ငံသားများကိုစီရင်သည့် ပြစ်ဒဏ် ပြင်းထန်ကြောင်း၊ သူ့နိုင်ငံသားများကိုပြန်လွှတ်ပေးရန် တရားဝင်တောင်းဆိုမှု ပေါ်ထွက်လာသည်။

သို့ဖြင့် တသက်တကျွန်းဒဏ်ကျနေသော ရွှေတရုတ်များ ၈ ရက် ထောင်ကျပြီးနောက် ပြန်လွတ်မြောက်သွားကြ သည်။ ရွှေတရုတ်များကို သီးသန့်လွှတ်ပေးလျှင် ရာဇဣနြေ္ဒပျက်သောကြောင့် မြန်မာအကျဉ်းသားများကိုပါ ရောနှောလျက် ၆၆၉၆ ယောက် လွှတ်ပေးလိုက်ရသည်။

လွတ်မြောက်လာသော အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသားတချို့၊ မီဒီယာသမားတချို့နှင့် ဗိုလ်ခင်ညွန့်တပည့် ထောက်လှမ်းရေးဟောင်းများပါလာခြင်းကို လူထုက၀မ်းသာသော်လည်း ကျန်လွတ်မြောက် လာသူအများစုက ခိုးဆိုးများဖြစ်ကြသည်။

''၂၀၁၅ ရွေးကောက်ပွဲနီးတော့ ခိုး-ဆိုးတွေကို ထုတ်ပေးရတာ သူတို့လုပ်နေကြပဲ။ မူးယစ်ဆေးခြောက် တကျပ် သားတွေ့တဲ့ ရဲတိုက် ထောင်နှစ်နှစ်ကျပေမယ့် စိတ်ကြွဆေးကားတစီးတိုက်စာမိတော့ ပိုင်ရှင်မဲ့ဖြစ်သွားတာပဲ''

''လက်ပံတောင်းတောင်ကိစ္စနဲ့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြလို့ နေမျိုးဇင်တို့၊ နော်အုံးလှတို့ ထောင်လေးနှစ်ကျ ပေမယ့် သစ်ခိုးထုတ်တဲ့ တရုတ်တွေ တသက်တကျွန်းအစား ၈ ရက်ပဲခံရတာ။ အလွန်ရှော်တဲ့ ငါတို့အစိုးရရဲ့ မှောက်ချီလှန်ချီလုပ်ရဲတဲ့သတ္တိ''ဆိုသော ဝေဖန်သံများက ထောင်ဗူးဝတွင်စောင့်နေသော လူအများကြားတွင် ကြားခဲ့ရသော တယောက်တပေါက် စကားသံများပါ။

သြော် ကျွန်မတို့ မြန်မာအစိုးရကား အခြေအနေနှင့် အချိန်အခါကိုလိုက်ပြီး လုပ်ပုံကိုင်ပုံနှေးသည့်အခါ လွန်စွာ နှေးသော်လည်း မြန်သည့်အခါ ကျည်ဆန်ရထားနှယ် မြန်တတ်ပါပေတကား။

ခင်နှင်းဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

“အထနှေးသော အစိုးရ၊ ခြေမြန်လက်မြန် အစိုးရ”   “အထနှေးသော အစိုးရ၊ ခြေမြန်လက်မြန် အစိုးရ” Reviewed by သစ်ထူးလွင် on 04:48 Rating: 5
Powered by Blogger.