ချင်းပြည်နယ်တွင် တံတားများ ပြိုကျပျက်စီး


      မိုး အဆက်မပြတ် ရွာသွန်းမှုများကြောင့် ချင်းပြည်နယ်တွင် တံတား စုစုပေါင်း(၅၀)ခန့် ပြိုကျ ပျက်စီးနေကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

       ချင်းပြည်နယ်တွင် ဇူလိုင်လ (၂၅) နေ့မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ရွာချင်းဆက် တံတားများနှင့် မြို့ချင်းဆက် တံတားများစွာ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

        “ဟားခါးနဲ့ ဂန့်ဂေါဘက်က တံတားလည်း ပျက်ကျတာ ရှိတယ်။ မြို့တိုင်းလိုလိုမှာ ရှိတဲ့ ရွာချင်းဆက် လမ်းတံတားတွေလည်း ပျက်စီးကုန်ပြီ။ အခုအစိုးရ လက်ထက်မှာ လုပ်ခဲ့တဲ့ ဟာတွေလည်း အများကြီး ပါသွားတယ်”ဟု ချင်းပြည်နယ် အစိုးရ အဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးနန်ဇမုန်က The Messenger Media သို့ ပြောသည်။

         ချင်းပြည်နယ်တွင် ရေကြီးမှုများနှင့် အတူ အိမ်ခြေများ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် လမ်းပန်း ဆက်သွယ်မှု ပြတ်တောက် နေသောကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများအား မြို့ပေါ် ရပ်ကွက်များတွင်သာ လုပ်ဆောင်နေရကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့် လမ်းများတစ်ရွာနှင့် တစ်ရွာ ပြန်လည် သွားလာနိုင်ရေး အတွက် ပြည်နယ်အစိုးရမှ ဆောင်ရွက်နေကြောင်း ၎င်းက ဆက်ပြောသည်။

       “သွားရေး လာရေးက ဘယ်မှ သွားလို့ မရတော့ဘူး။ မြို့ချင်း အဆက်အသွယ် ပြတ်တောက်နေတယ်။ ဟားခါး ဆိုရင် ဂန့်ဂေါဘက်၊ မန္တလေး၊ ကလေးဘက် ထွက်တဲ့ လမ်းလည်း ပြတ်တောက်နေတယ်။ ဘယ်လိုမှ ထွက်လို့မရ ၀င်လို့လည်း မရ ဒုက္ခရောက်နေတယ်”ဟု ဟားခါး ဒေသခံ ဦးရွှေဟိန်းက ပြောသည်။

        လက်ရှိ ချင်းပြည်နယ်တွင် မိုးအဆက် မပြတ် ရွာသွန်းမှုများကြောင့် အိမ်ခြေ (၂၀၀)ကျော်ခန့် ပြိုကျ ပျက်စီးနေပြီး အိမ်ထောင်စု(၁၀၀၀)ကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးထားရကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။

        ယခင်က ချင်းပြည်နယ်တွင် ဆန်တစ်အိတ်လျှင် သုံးသောင်းကျပ်ဖြင့် ရောင်းချရာမှ ယခု ဆန်တစ်အိတ်လျှင် ခြောက်သောင်းကျပ်ဖြင့် ရောင်းချနေပြီး စားနပ်ရိက္ခာအတွက် အခက်ခဲများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

The Messenger Media
http://www.messengerdaily.com/
ချင်းပြည်နယ်တွင် တံတားများ ပြိုကျပျက်စီး   ချင်းပြည်နယ်တွင် တံတားများ ပြိုကျပျက်စီး Reviewed by THITHTOOLWIN on 05:11 Rating: 5
Powered by Blogger.