ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာစာရင်းကောက်မည်

 လှေစီးဒုက္ခသည် ၃ဝဝ ရာကျော်ကို ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်မှာ ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်။ Photo: Khin Maung Soe/RFA
 မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့မေလကစတင်ကာ ကယ်တင်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လှေစီးဒုက္ခသည် ၁၅၉ ဦးကို တနင်္လာနေ့က ပြန်လွှဲပြောင်းပေးလိုက်ပြီလို့ ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကျန်ရှိနေသေးတဲ့ လှေစီးဒုက္ခသည် ၂၃၀ ကို လက်ခံဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး အမြန်ဆုံးလွှဲပြောင်းပေးသွားမှာဖြစ်ကြောင်းနဲ့ ကြာနေရတဲ့ အချက်တစ်ချက်ကတော့ လတ်တလောကျရောက်တဲ့ ရေဘေးကြောင့်လို့လည်း သူကပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံကနေ သူတို့နိုင်ငံတွင်းကို တရားမဝင် လာရောက်နေထိုင်တဲ့  ရိုဟင်ဂျာလူမျိုး ဒုက္ခသည်တွေကို သန်းကောင်စာရင်းကောက်မယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ နယ်စပ်ဖြစ်တဲ့ ဘင်္ဂလားးဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ဝင်ရောက်နေထိုင်သူ အဲဒီ ရိုဟင်ဂျာတွေကို မှတ်တမ်းတင်ဖို့အတွက် အမေရိကန်ဒေါ်လာ သုံးသန်းနီးပါးသုံးစွဲပြီး ဒီနှစ်လယ်ပိုင်းမှာ စတင်ဆောင်ရွက်မှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး  Shahidul Haque က ပြောပါတယ်။

အစိုးရရဲ့စာရင်းဇယားတွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ အထောက် အထား မရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂ သိန်းနဲ့  ၅ သိန်းအကြားရှိပြီး မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၃၂၀၀၀ ကတော့ ကုလသမဂ္ဂကဖွင့်ထားတဲ့ နယ်ခြားဒုက္ခသည်စခန်း ၂ ခုမှာ နေထိုင်ကြတယ်လို့ ဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာစာရင်းကောက်မည်  ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာစာရင်းကောက်မည် Reviewed by သစ်ထူးလွင် on 11:01 Rating: 5
Powered by Blogger.