KNU နဲ့ RCSS ဆွေးနွေး


 လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ် မူတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကြာသပတေးနေ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ချင်းမိုင်မြို့ အခြေစိုက် ပြည်ထောင်စုသိပ္ဗံ  Pyidaungsu Institute ရုံးမှာ နှစ်ဖက်ခေါင်းဆောင်တွေ မနေ့မနက်ပိုင်းက ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးရေးကိစ္စလည်း ပါဝင်ကြောင်း RCSS အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ က RFA ကို ပြောပါတယ်။

"ဒီ NCA ကိစ္စ နောက်ပြီးတော့ တပ်မတော်နဲ့ KNU နဲ့ သူတို့ နေပြည်တော်မှာ ဆွေးနွေးလာခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ပြီးတော့ သုံးသပ်ပြတယ်၊ တပ်မတော်အနေနဲ့လည်း ဒီ NCA ကို ဖြစ်မြောက်အောင် လိုလားတယ် ဆိုတဲ့အကြောင်းပေါ့နော် နောက်ပြီးတော့ NCA ကိစ္စမကပဲနဲ့ Framework ကိုလည်း တပ်မတော်အနေနဲ့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံး စတိတ်ဟိုးဒါတွေနဲ့အတူ အားလုံးပေါ့နော် ပူးပေါင်းပြီး ညှိနှိုင်းဆွေးနွေးရေးဆွဲသွားဖို့ တပ်မတော်ပိုင်းကိုလည်း သူတို့က ညှိနှိုင်းဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းပေါ့ နောက်ပြီးတော့ ရှေ့လုပ်ငန်း စဉ်တွေပေါ့ ဆွေးနွေးဖြစ်ပါတယ်"

အဲဒီ ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချူပ်လက်မှတ်ထိုးပြီးရင် ရှေ့လုပ်ငန်းစဉ်အဖြစ် လုပ်ဆောင်ဖို့ရှိတဲ့ နိုင်ငံရေးမူဘောင်ရေးဆွဲရေးကိစ္စကိုလည်း တခြားတိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းအကောင်အထည်ဖော်သွားကြဖို့ နှစ်ဖက်ခေါင်းဆောင်တွေ သဘောတူခဲ့ကြတယ်လို့ ဗိုလ်မှူးကြီး စိုင်းလ က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
KNU နဲ့ RCSS ဆွေးနွေး  KNU နဲ့ RCSS ဆွေးနွေး Reviewed by THITHTOOLWIN on 12:02 Rating: 5
Powered by Blogger.