တို့ဆေးသုံး ပစ္စည်းယူသွားသူများ ဖမ်းမိရေး အထူးအဖွဲ့ဖြင့် ဆောင်ရွက်နေ


           တို့ဆေး အသုံးပြုကာ အလှကုန် ပစ္စည်းရောင်းချသည့် အမျိုးသမီး အယောင်ဆောင်ပြီး ရွှေထည်ပစ္စည်းနှင့် ငွေသားများ ယူဆောင်သွားသည့် အမျိုးသမီးနှစ်ဦး၏ ပုံတူရေးဆွဲကာ ခရိုင်လေးခရိုင်သို့ ပေးပို့ရှာဖွေနေကြောင်း ကမာရွတ်မြို့နယ် ရဲမှူးဇော်ဝင်းက ပြောသည်။

          ၎င်းအမှုတွင် ကျူးလွန်သည့် တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အတွက် အထူးအမှုစစ်အဖွဲ့ဖွဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ခရိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းစုံစမ်း ဖော်ထုတ်နေကြောင်း သိရသည်။

          ယခုလ (၁၇)ရက်နေ့ မွန်းလွဲ (၁) နာရီခန့်က ကမာရွတ်မြို့နယ် (၅)ရပ်ကွက်၊ အောင်သုခလမ်းရှိ နေအိမ်တစ်အိမ်သို့ အသက် (၂၀)၀န်းကျင် အမျိုးသမီးနှစ်ဦး ရောက်ရှိလာပြီး ၎င်းတို့ကုမ္ပဏီမှ အလှကုန် ပစ္စည်းများ ပြသလိုကြောင်း ပြောဆိုကာ မိတ်ကပ်ဘူး တစ်ဘူးကို ထုတ်၍ အိမ်ရှင်အမျိုးသမီး၏ ၀ဲဘက်လက်မောင်းအား လိမ်းပေးကာ အိမ်ရှင်အမျိုးသမီးက မိတ်ကပ်အား နမ်းကြည့်လိုက်သည့် အခါတွင် မူးနောက်ပြီး စကားပြောဆိုနိုင်ခြင်း မရှိဘဲ ၎င်းတို့ခိုင်းစေသည့် အတိုင်း လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

          ထို့နောက် မေ့မြော၍ သတိပြန်ရချိန်တွင် စစ်ဆေးကြည့်ရာ အခန်းတွင်းသေတ္တာ၌ ထည့်ထားသော ငွေကျပ် (၃၈)သိန်း ယူဆောင်သွားသည့် အပြင် ၀တ်ဆင်ထားသော နှစ်ကျပ်သား ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေလက်စွပ် ခုနစ်ကွင်း၊ ရွှေနားကွင်းတစ်ရံ၊ ရွှေလက်ကောက် သုံးကွင်း၊ ရွှေထည်နှင့် ငွေသား စုစုပေါင်း တန်ဖိုးကျပ် (၆၂)သိန်းခန့် ပျောက်ဆုံးသွားကြောင်း ကမာရွတ်ရဲစခန်းမှ သိရသည်။

          ““လိမ်သွားတာ ဟုတ်တယ်။ ကောင်မလေးတွေက အသက် (၂၀)၀န်းကျင်၊ တစ်ယောက်က ဆံပင်ရွှေရောင်၊ တစ်ယောက်က အနက်ရောင်။ သူတို့ရဲ့ ပုံစံကောက်ကြောင်းကို မေးပြီး ပုံတူပန်းချီဆရာနဲ့ ခေါ်ပြီး ဆွဲထားတယ်။ ပြီးတော့ ခရိုင်လေးခရိုင်ကို ပေးပို့ထားတယ်””ဟု ပြောသည်။

          ယင်းအမှုကို ကမာရွတ်ရဲစခန်းမှ (ပ) ၃၁၉/၂၀၁၅ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၈ / ၃၈၀ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

The Messenger Media
http://www.messengerdaily.com/
တို့ဆေးသုံး ပစ္စည်းယူသွားသူများ ဖမ်းမိရေး အထူးအဖွဲ့ဖြင့် ဆောင်ရွက်နေ    တို့ဆေးသုံး ပစ္စည်းယူသွားသူများ ဖမ်းမိရေး အထူးအဖွဲ့ဖြင့် ဆောင်ရွက်နေ Reviewed by THITHTOOLWIN on 02:52 Rating: 5
Powered by Blogger.