နောက်တခါစစ်ဖြစ်လျှင် အမေရိကန်တယောက်မှ မကျန်စေရဘူးလို့ မြောက်ကိုရီးယား ဗိုလ်ချုပ် လေလုံးထွား


 ကိုရီးယားကျွန်းဆွယ်တွင် နောက်ထပ်စစ်ပွဲကြီးတပွဲဖြစ်လာပါက အမေရိကန်ဘက်မှ လက်နက်ချကြေညာစာတမ်းကို လက်မှတ်ရေးထိုးမည့်သူပင် ကျန်တော့မည်မဟုတ်ကြောင်း မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီးတဦးက ၆၂ နှစ်မြောက် ကိုရီးယားစစ်ပွဲအပစ်အခတ်စစ်ပွဲရပ်စဲသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။ ကိုရီးယားစစ်ပွဲကို ၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ရပ်ဆိုင်းခဲ့ကြသည့် နှစ်ပတ်လည်နေ့၌ မြောက်ကိုရီးယား ပြည်သူများက မျိုးချစ်စိတ်ဓာတ်ဖြင့် စုဝေးကခုန်ရင်း ဂုဏ်ပြုခဲ့ကြသည်။

အပစ်အခတ်ရပ်စဲသည့်နေ့ကို မြောက်ကိုရီးယားက အမေရိကန်တို့အပေါ် အောင်နိုင်သည့်အဖြစ် နှစ်စဉ်ကျင်းပ ခဲ့ကြသည်။ ကိုရီးယားစစ်ပွဲတွင် တောင်ကိုရီးယားဘက်မှ ကုလသမဂ္ဂနှင့် အမေရိကန်တပ်ဖွဲ့များ ၀င်ရောက် တိုက်ခဲ့ကြပြီး မြောက်ကိုရီးယားဘက်မှ တရုတ်နှင့် ရုရှားတို့က အကူအညီပေးခဲ့သည်။

စစ်ပွဲရပ်ဆိုင်းလိုက်သော်လည်း အပစ်အခတ်ရပ်စဲခြင်းသာဖြစ်ပြီး ငြိမ်းချမ်းရေးသဘောတူညီမှုတရပ် မဟုတ်ခဲ့ ချေ။ ထို့ကြောင့် လက်တွေ့တွင် တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံသည် စစ်ဖြစ်နေဆဲဟု ယူဆနိုင်သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ရေဒီယိုမိန့်ခွန်းတွင် အမေရိ ကန်ဆန့်ကျင်ရေး စကားလုံးများကို ပို၍တိုးမြှင့်ပြောကြားခဲ့ပြီး မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်တိုက်ကို ချီးမွမ်းခန်းဖွင့်ခဲ့သည်။
''အမေရိကန်ပြည်ထောင်စုက နျူကလီးယားလက်နက်နဲ့ အကျပ်ကိုင်တဲ့ခေတ်က လုံးဝ ချုပ်ငြိမ်းသွားပြီ။ အခုဆိုရင် အမေရိကန်ဟာ ကျွန်တော်တို့အတွက် ကြောက်ရွံ့စရာနိုင်ငံ မဟုတ်တော့ဘူး။ ကျွန်တော်တို့ကိုသာ သူတို့က ကြောက်ရတော့မှာ''ဟု ကင်ဂျုံအန်က ကြွေးကြော်ခဲ့သည်။

နိုင်ငံတကာအဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ မြောက်ကိုရီးယားတွင် နျူကလီးယား ထိပ်ဖူးငယ် ၆ ခု မှ ၂၇ ခုအထိ ရှိနေသည်ဟု ဆိုသည်။ အများစုကမူ နျူကလီးယားထိပ်ဖူး ၁၀ ခု အထိသာရှိကြောင်း ခန့်မှန်း ထားကြသည်။

အဆိုပါ အခမ်းအနားတွင် မြောက်ကိုရီးယား၏ ကာကွယ်ရေးဝန်ကြီးအသစ်ဟု ယုံကြည်ရသော ဗိုလ်ချုပ်ကြီး ပက်ဆောင်ရစ်က ပို၍ရန်လိုသော မိန့်ခွန်းများ ပြောကြားခဲ့သည်။ အကယ်၍ အမေရိကန်က မြောက်ကိုရီးယားအပေါ် တင်းကျပ်သော ပေါ်လစီကို မစွန့်လွှတ်ပါက မြောက်ကိုရီးယားက လက်နက်ချ စာချုပ်လက်မှတ်ရေးထိုးမည့်သူ မကျန်အောင် တိုက်ခိုက်ပစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားစစ်တပ်သည် ကမ္ဘာပေါ်၌ အင်အားအများဆုံးဟု ယူဆရပြီး အမြဲတမ်းစစ်သည်များ၊ အရံတပ်ဖွဲ့များ စစ်တပိုင်းအဖွဲ့များ စုစုပေါင်း ၉ ဒသမ ၅ သန်းရှိသည်။

ထွဋ်ဝင်းထွဋ်
Ref ; the Independent
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နောက်တခါစစ်ဖြစ်လျှင် အမေရိကန်တယောက်မှ မကျန်စေရဘူးလို့ မြောက်ကိုရီးယား ဗိုလ်ချုပ် လေလုံးထွား  နောက်တခါစစ်ဖြစ်လျှင် အမေရိကန်တယောက်မှ မကျန်စေရဘူးလို့ မြောက်ကိုရီးယား ဗိုလ်ချုပ် လေလုံးထွား Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.