ထိုးစစ်တွေရပ်တန့်ပေးဖို့ အဖွဲ့ ၁ဝဝ ကျော် သမ္မတနဲ့ ကာချုပ်ထံ စာပေးပို့ တောင်းဆို

 ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ် Photo: Kyaw Myo Min/ RFA
 ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ တပ်မတော်က ထိုးစစ်ဆင်နေတာတွေကို ရပ်တန့်ပေးဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၁ဝဝ ကျော်က နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ထံ အိတ်ဖွင့်ပေးစာပေး အပ်ခဲ့ပါတယ်။

ထိုးစစ်တွေ ရပ်တန့်ဖို့နဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်နိုင်ဖို့ အရပ်ဘက်အဖွဲ့တွေ စုပေါင်းပြီးတောင်းဆိုတာလို့ ဒေါ်သိန်နီဦးက ပြောပါတယ်။

"ပူတာအို ဆူတာမိုဆိုရင် ဆက်ပြေးစရာနေရာမရှိတော့ဘူး၊ သူက တစ်ဘက်ပိတ် နေရာလေ၊ ရှိတဲ့နေရာကို တပ်ရင်း ၁၇ ရင်းကပိတ်လိုက်ပြီဆိုရင်ပဲ သူတို့သည် တောကြီးထဲမှာပဲနေရုံပဲ၊ တခြားနိုင်ငံထဲကိုလည်း ကူးစရာနယ်စပ်မရှိဘူးပေါ့နော်၊ ဆိုတော့ တကယ့်ကို ရွာသားအားလုံး ဒေသခံအားလုံးရဲ့ အသက်ရှင်နေ ထိုင်ရေးက အင်မတန်အန္တရာယ်များနေပါတယ်၊ စာချုပ်နဲ့ သမ္မတကို လက်ရှိ ရှိနေတဲ့ စစ်ရေးလှုပ်ရှားမှုတွေရော ထိုးစစ်တွေအကုန်လုံးကို ချက်ချင်းရပ်ပေးပါ၊ ရပ်ပေးပြီးတဲ့အခါမှာ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို တကယ်စစ်မှန် တဲ့ငြိမ်းချမ်းရေးဖြစ်အောင် ဆွေးနွေးပေးပါ၊ အဲ့ဒီအခါမှာ ချန်ခဲ့ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ တအောဝ်းပလောင်အဖွဲ့အစည်းကိုလည်း ပါဝင်ခွင့်ပေးပါ၊ နောက်ပြီးတော့ KIO ကိုလည်း ဆက်ပြီးတော့ ပါဝင်ခွင့်ပေးပြီးတော့မှ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်စဉ်တလျှောက်လုံးမှာ မည်သည့်စစ်ရေးလှုပ်ရှားမှု မည်သည့်စစ်ပွဲကိုမှမလုပ်ပဲနဲ့ ရပ်ဆိုင်းပေးပါလို့ ကျမတို့က တောင်းဆိုထားပါတယ်"

လက်ရှိ ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဆွမ်ပရာဘွမ်မြို့နယ်က ကျေးရွာ ၂ဝ ကျော်က လူဦးရေတစ်ထောင်ကျော်လောက်ကို အကူအညီပေးဖို့အတွက် လုံခြုံရေးအရ အခက်အခဲတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။ ထိုးစစ်ဆင်မှုတွေရပ်တန့်ဖို့ အိတ်ဖွင့်ပေးစာကို ဒီနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်းမင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး တို့ကတဆင့် ပေးပို့ခဲ့တာလို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ထိုးစစ်တွေရပ်တန့်ပေးဖို့ အဖွဲ့ ၁ဝဝ ကျော် သမ္မတနဲ့ ကာချုပ်ထံ စာပေးပို့ တောင်းဆို   ထိုးစစ်တွေရပ်တန့်ပေးဖို့ အဖွဲ့ ၁ဝဝ ကျော် သမ္မတနဲ့ ကာချုပ်ထံ စာပေးပို့ တောင်းဆို Reviewed by THITHTOOLWIN on 22:25 Rating: 5
Powered by Blogger.