ပဋိပက္ခနှင့်တိုက်ပွဲများ ပြန်လည်ဖြစ်လာနိုင်သည့် သံလွင်ရေကာတာ စီမံကိန်း ဒေသခံလူထု ကန့်ကွက်


ဂျူလိုင်လ ၇ ရက် ၂၀၁၅

အရှေ့တောင်အာရှ ဒေသတွင် အကြီးဆုံး ရေကာတာ စီမံကိန်းဖြစ်လာမည့် မိုင်းတုံ ရေကာတာ စီမံကိန်း အပါဝင် သံလွင် ရေကာတာ စီမံကိန်းမှာ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် တည်ရှိ နေသော ကြောင့် အဆိုပါ စီမံကိန်းများအား ကန့်ကွက်ကြောင်း အရပ်ဘက်လူမှု အဖွဲ့စည်းများမှ ဂျူလိုင်လ ၇ ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်လိုက်သည်။

ပဋိပက္ခဖြစ်ပွားနေသည့် တိုင်းရင်းသားဒေသများတွင် တည်ဆောက်ရန် ရည်ရွယ်ထားသည့် အဆိုပါ စီမံကိန်း ဒေသများတွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် စစ်အင်အားတိုးချဲ့မှုများ ရှိနေခြင်းတို့သည် ထာဝရငြိမ်းချမ်းရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများ ဖြစ်သည်ဟု အရပ်ဘက် လူမှုအဖွဲ့စည်းပေါင်း ၁၂၀ ကျော်က ပါဝင်ထောက်ခံထားသည့် သံလွင်ထိန်းသိမ်း ကာကွယ်ရေး ကွန်ယက်၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် ရည်ရွယ်ထားသည့် စီမံကိန်းများ အနက် မိုင်းတုံရေကာတာစီမံကိန်းမှာ EIA ၊ SIA သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုနှင့် လူမှုအကျိုးစီးပွားသက်ရောက်မှုများကို ဆန်းစစ်လေ့လာမှုများ မပြုလုပ်သေးရသော်လည်း တည်ဆောက်ရန်အတွက် ပြင်ဆင်မှုအချို့ စတင်နေပြီဖြစ်ကြောင်း စီမံကိန်းကြောင့် ရေနှစ်မြှုပ်ဖွယ်ရှိနေသည့် ကွန်ဟိန်းဒေသမှ ဒေသခံ နန်းခမ်းနောင့်က ဂျူလိုင်လ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် သတင်းစားရှင်းလင်းပွဲတွင် ဗွီဒီယို သက်သေနှင့်တကွ ရှင်းလင်းပြောဆိုသည်။

‘ မိုင်းတုံ စီမံကိန်းက ကွန်ဟိန်းဒေသရဲ့ အောက်ဘက်မှာဆိုပေမဲ့ သူရဲ့ ချောင်းလက်တက် နှစ်ခုက ကွန်ဟိန်းမြို့ထဲကနေ ဖြတ်သွားတာ ရေကာတာ ပိတ်ရင် အပေါ်ဘက်ကို ရေတွေ တက်လာမှာ ဖြစ်တဲ့ အတွက် ကွန်ဟိန်းမြို့လည်း ရေမြှုပ်နိုင်တယ် ကျိုင်းခမ်းဒေသဆိုရင်လည်း မြှုပ်မှာသေချာတယ်လို့ ပညာရှင်တွေက ခန့်မှန်းထားတဲ့အတွက် သျှမ်းဒေသခံတွေအနေနဲ့ စီမံကိန်းကို ကန့်ကွက်နေရတာဖြစ်တယ် ‘ ဟု နန်းခမ်းနောင့်က ပြောသည်။

လူမှုအခြေပြုအဖွဲ့စည်းများ၏ ခန့်မှန်းချက်များအရ အဆိုပါ စီမံကိန်း အကောင်ထည်ဖော်ပါက ဒေသခံ သောင်းနှင့် ချီ နေရပ်ပြောင်းရွှေ့မှုများ ပြုလုပ်ရမည်ဖြစ်ပြီး အဆိုပါဒေသအတွင်းတွင်လည်း သျှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ RCSS/SSA ၊ UWSA ၀ အဖွဲ့စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှိနေသည့်အတွက် စီမံကိန်းလုံခြုံရေး အကြောင်းပြကာ စစ်အင်အားတိုးချဲ့မှုများလည်း ရှိလာသောကြောင့်
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထိခိုက်လာနိုင်ကြောင်း သျှမ်းလူထု အခြေပြု အဖွဲ့စည်းများမှ ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ဖူးသည်။

မိုင်းတုံစီမံကိန်းနှင့် ပတ်သက်၍ လူမှုစီးပွားနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုး သက်ရောက်မှု များကို လေ့လာ ဆန်းစစ်ရန်နှင့် ဒေသခံများ၏ သဘောထားကို သိနိုင်ရန် သြစတြေးလျနိုင်ငံမှ SMEC ကုမ္ပဏီ မှာ ကွင်းဆင်း လေ့လာမှုများ ပြုလုပ်နိုင်ရေး အတွက် ဒေသခံများနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သော်လည်း ဒေသခံများမှ ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းမှာ တောင်ကြီးမြို့မှ အရှေ့ဘက်၁၉၅ မိုင်ခန့်အကွာ မိုင်းပန်မြို့နယ်နှင့် မိုင်းတုံမြို့နယ်အကြားတွင်တည်ရှိပြီး ထိုင်းနိုင်ငံမှ EGAT co.ltd ၊ တရုတ်နိုင်ငံမှ China Three Gorges Corporation တို့မှ ရင်းနီးမြှုပ်နှံမှုများ ပြုလုပ်ကာ မြန်မာကုမ္ပဏီဖြစ်သည့် UGE ကုမ္ပဏီနှင့် ပူးပေါင်းတည် ဆောက်သွားမည်ဖြစ်ပြီး ရေအားလျှပ်စစ်မီဂါဝပ် ၇၀၀၀ ထွက်ရှိမည်ဖြစ်ကာ ရရှိလာမည့် လျှပ်စစ်ဓါတ်အား ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချမည် ဖြစ်သည်။

သျှမ်းပြည်နယ်အတွင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန်ရည်ရွယ်ထားသည့် ကျန်စီမံကိန်းများမှာ ကွန်လုံ ရေကာတာ ၊ သံလွင်မြစ်လက်တက်ပေါ်ရှိ နောင်ဖနှင့် မန်တောင်း ရေကာတာများမှာ ကွန်လုံနှင့်တန့်ယန်းဒေသ တို့တွင် တည်ရှိပြီး ပဋိပက္ခဖြစ်ပွားနေသည့် ကိုးကန့် ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSA/SSPP တို့၏ နယ်မြေ အနီးတွင် တည်ရှိသည်။

တရုတ်စီမံကိန်းဖြစ်သည့် နောင်ဖာနှင့် မန့်တောင်းရေကာတာများ တည်ဆောက် ရေးတွင် ဒေသတွင်း လုံခြုံရေးအတွက်ဟု ဆိုကာ SSA/SSPP တပ်များအား ထိုနေရာမှ ဖယ်ပေးရန် ၂၀၁၃ ခုနစ်အတွင်းကတပ်မတော်ဘက်မှ တောင်းဆိုခဲ့ဖူးပြီး တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည့် အတွက် ဒေသခံပြည်သူ ၂၀၀၀ ခန့်မှာ ၄င်းတို့၏ နေရပ်မှ တန့်ယန်းမြို့ နယ်အတွင်းသို့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရဖူးသည်။

ရွာသစ် စီမံကိန်း၊ ဟတ်ကြီး ရေကာတာစီမံကိန်းတို့မှာ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တည်ရှိပြီး ယင်းဒေသများတွင်လည်း ကရင်နီနှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများ ရှိနေသည်။

‘ ရွာသစ် စီမံကိန်းကတော့ ကေအန်ပီပီနဲ့ အစိုးရ ဆွေးနွေးကတည်းက အဲဒီစီမံကိန်းကို ငြိမ်းချမ်းရေးအရ နိုင်ငံရေးအရ သဘောမတူသေးမချင်း ဆက်မလုပ်ဖို့ ကေအန်ပီပီ ( ကရင်နီအမျိုးသား တိုးတက်ရေးပါတီ )ကတောင်းထားတော့ အခုထိတော့ သျှမ်းဘက်က မိုင်းတုံ စီမံကိန်းလို စတာတော့ မရှိသေးဘူး။ ဒါပေမဲ့ စီမံကိန်းနဲ့ လုံခြုံရေးအကြောင်းပြပြီး တပ်တွေ နေရာချထားမှုတွေက ရှိနေတယ်ဆိုတော့ ဒေသခံတွေက တိုက်ပွဲတွေ ပြန်ဖြစ်မှာ စိုးရိမ်နေတယ် ‘ ဟု ကရင်နီပြည်လူငယ်များ သမဂ္ဂမှ ကိုဥတ္တရာအောင်က ပြောသည်။

အဆိုပါစီမံကိန်းဒေသများမှာ စစ်ဘေးဒဏ်ကြောင့် တဘက်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နှစ်ပေါင်းများစွာ ခိုလှုံနေရသည့် စစ်ဘေးရှောင် ဒုက္ခသည်များ၏ မူရင်းဒေသများလည်း ဖြစ်နေပြီး ယခုကဲ့သို့ ဒုက္ခသည်များပြည်တော်ပြန်ရေးနှင့် ပြန်လည်နေရာချထားရေး မရေရာသေးချိန်တွင် စီမံကိန်းများ ဆောင်ရွက်ရန် မသင့်သေးကြောင်းလည်း ကိုဥတ္တရာအောင်က ပြောသည်။

ယင်းအပြင် သံလွင်မြစ်ကြောင်းတလျှောက်တွင် ရေကာတာများ တည်ဆောက်မှုကြောင့် မြစ်ဝှမ်း တလျှောက်တွင်နေထိုင်သည့် တိုင်းရင်း သားမျိုးနွယ်စုများ၏ သက်မွေးကျောင်းမှုပုံစံကိုပါ ပျက်စီးစေရုံမျှမကပဲ ယင်းတလဲ (တိုင်းရင်းသား မျိုးနွယ်စု )ကဲ့သို့ အနည်းငယ်မျှသာ ကျန်ရှိနေ သည့် တိုင်းရင်းသား မျိုးနွယ်စုများမှာ မျိုးသုဉ်းပျောက်ကွယ်မည့်အရေး ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ငလျင်နှင့် ဘူမိဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ လေ့လာဆန်းစစ်ချက်များအရ သံလွင်မြစ်ကြောင်းတစ်လျှောက်သည် ကြီးမားသည့် ငလျင်ပြတ်ရွေ့ပေါ်တွင် တည်ရှိနေသောကြောင့် ပြိုကွဲ ပျက်စီးနိုင်မှုသည် အချိန်မရွေးဖြစ်လာနိုင်ပြီး ကြီးမားသော ဆုံးရှုံးပျက်စီးမှုများ ရှိလာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

သံလွင်မြစ်တွင် ရေကာတာ စီမံကိန်းများ တောက်လျှောက်ဆိုသလို အကောင်ထည်ဖော်လာပါက သံလွင်မြစ်အောက်ပိုင်း မြစ်ဝှမ်းတလျှောက်တွင်နေထိုင်သည့် မွန်တိုင်းရင်းသားများ၏ လူနေမှု ဘ၀မှာလည်း မြစ်ကြောင်းအပြောင်းလဲကြောင့် ထိခိုက်မှုများ ရှိလာနိုင်သဖြင့် ဘီလူးကျွန်း ဒေသခံများ ကလည်း သံလွင်ရေကာတာ စီမံကိန်းများအပေါ် ကန့်ကွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့် ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

သျှမ်းသံတော်ဆင့် / စိုင်းထွန်းအောင်လွင်
https://www.facebook.com/Panglong.burmese
ပဋိပက္ခနှင့်တိုက်ပွဲများ ပြန်လည်ဖြစ်လာနိုင်သည့် သံလွင်ရေကာတာ စီမံကိန်း ဒေသခံလူထု ကန့်ကွက်  ပဋိပက္ခနှင့်တိုက်ပွဲများ ပြန်လည်ဖြစ်လာနိုင်သည့် သံလွင်ရေကာတာ စီမံကိန်း ဒေသခံလူထု ကန့်ကွက် Reviewed by သစ်ထူးလွင် on 09:10 Rating: 5
Powered by Blogger.