ရခိုင်အမျိုးသားပါတီ လေ့လာရေးအဖွဲ့ တရုတ်ပြည်သို့ ထွက်ခွာ


 ရန်ကုန်၊ ဇူလှိုင် ၂၂

 ရခိုင်အမျိုးသားပါတီမှ ပါတီဝင် ၁၈ ဦးပါဝင်သော လေ့လာရေး ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည် တရုတ်ပြည် ကွန်မြူနစ်ပါတီ၏ ဖိတ်ခေါ်ချက်အရ ဇူလိုင်လ ၂၁ ရက်နေ့က တရုတ်ပြည်သို့ ထွက်ခွာ သွားခဲ့သည်ဟု သိရသည်။

“ အဖွဲ့ခေါင်းဆောင်ကတော့ ဒေါက်တာအေးမောင်၊ ဒု အဖွဲ့ခေါင်းဆောင်က ဦးခင်မောင်လတ်ဖြစ်ပါတယ်။ ဇူလှိုင်လ ၂၁ ရက်နေ့က တရုတ်ပြည်ကို ထွက်သွားပါတယ်” ဟု ပါတီ ခေါင်းဆောင်သူ တစ်ဦးဖြစ်သူ ဦးစံကျော်လှက ပြောသည်။

ပါဝင်သည့် ကိုယ်စားလှယ်များမှာ ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်- အဖွဲ့ခေါင်းဆောင်၊ အမျိုးသား လွှတ်တော် အမတ် ဦးခင်မောင်လတ်- ဒုခေါင်းဆောင်၊ အဖွဲ့ဝင်များမှာ ဦးအောင်ဝင်း (မြေပုံ)၊ ဦးလှမောင်သိန်း (ရသေ့တောင်)၊ ဒေါ်ခင်လှရီ၊ ဦးစစ်နိုင် (မင်းပြား)၊ ဦးကျော်လွှင် (ကျောက်ဖြူ)၊ ဦးမောင်မောင်( ကျောက်တော်)၊ ဦးတက်ထွန်းအောင် ( ပေါက်တော)၊ ဦးစိုးဝင်း (ဧရာဝတီ) တို့အပြင် စစ်တွေမှ လူငယ် သုံးဦးနှင့် ရမ်းဗြဲမြို့မှ ရှေ့နေ အမျိုးသမီးငယ် တစ်ဦးတို့ ပါဝင်သည်ဟု သိရသည်။

ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် အဖွဲ့အနေဖြင့် တရုတ်ပြည်ကွန်မြူနစ် ပါတီ၏ တည်ဆောက်ရေး လုပ်ငန်းများကို အဓိကထား လေ့လာသွားမည်ဟု ပါတီ၏ တွဲဘက် အတွင်းရေးမှူး တစ်ဦးဖြစ်သူ ဦးကျော်ဇောဦးက ပြောသည်။

“ အဓိကတော့ ဒုတိယ အဆင့် ပါတီခေါင်းဆောင်တွေ ပါဝင်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။ တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့ ပါတီ တည်ဆောက်ရေး အပိုင်းကို အဓိကထား လေ့လာသွားမှာ ဖြစ်ပါတယ်။ တနှစ်မှာ ၂ ကြိမ် လေ့လာခရီးစဉ်တွေ ပို့ဆောင်ဖို့ သဘောတူညီမှုတွေ ရရှိထားတာ ရှိပါတယ်” ဟု ဦးကျော်ဇောဦးက ပြောဆိုသည်။

ယခု ခရီးစဉ်တွင် ပါတီဝင် ၁၃ ဦးနှင့် တစ်ခြား လူမှုရေး၊ မီဒီယာ အဖွဲ့များမှ ၅ ဦးပါဝင်ကြောင်း သိရသည်။

Narinjara
https://www.facebook.com/pages/Narinjara

ရခိုင်အမျိုးသားပါတီ လေ့လာရေးအဖွဲ့ တရုတ်ပြည်သို့ ထွက်ခွာ   ရခိုင်အမျိုးသားပါတီ လေ့လာရေးအဖွဲ့ တရုတ်ပြည်သို့ ထွက်ခွာ Reviewed by THITHTOOLWIN on 15:40 Rating: 5
Powered by Blogger.