ဘရာဇီးမှာ ဗိုက်ခွဲမွေးဖွားမှု စည်းမျဉ်းသစ်ထုတ်


ဘရာဇီးနိုင်ငံမှာ ဗိုက်ခွဲပြီးကလေးမွေးသူ အရေအတွက် များလာတဲ့အတွက် လျှော့ချနိုင်ဖို့ရည်ရွယ်ပြီး စည်းမျဉ်းအသစ် ထုတ်လိုက်ပါတယ်။

ဘရာဇီးနိုင်ငံမှာ သားဖွားကြတဲ့ အမျိုးသမီးတွေအနက် ဗိုက်ခွဲမွေးကြသူတွေဟာ ပုဂ္ဂလိကဆေးရုံတွေမှာ ၈၅ ရာခိုင်နှုန်းရှိပြီး အစိုးရဆေးရုံတွေမှာ ၄၅ ရာခိုင်နှုန်း ရှိနေတာ ဖြစ်ပါတယ်။

အခု ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းတွေအရ ဗိုက်ခွဲမွေးရင်ဖြစ်တတ်တဲ့ အန္တရာယ်တွေကို ဆရာဝန်တွေက ကိုယ်ဝန်ဆောင်မိခင်တွေကို ကြိုတင် ရှင်းပြရမှာဖြစ်ပြီး ဗိုက်မခွဲခင်မှာ မွေးလူနာရဲ့ သဘောတူညီချက် လက်မှတ် ရယူရမယ်လို့ ပါရှိပါတယ်။ ဘာကြောင့် ဗိုက်ခွဲမွေးဖို့ လိုအပ်တယ်ဆိုတာကိုလည်း ဆရာဝန်တွေက အကျိုးအကြောင်း ရှင်းပြရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆရာဝန်တွေဟာ မွေးလူနာတွေရဲ့ သားဖွားနဲ့ ကုသမှုဆိုင်ရာ ဆေးမှတ်တမ်းတွေကို ထားရှိရမှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတိုင်းကလည်း သူတို့ရဲ့ ကိုယ်ဝန်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဆေးမှတ်တမ်းထားရှိရမှာ ဖြစ်ပြီး ဆရာဝန် အပြောင်းအလဲလုပ်ချင်ရင် ပြသရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် သမရိုးကျ သဘာဝအတိုင်း မွေးဖွားမယ့် မွေးလူနာတွေအတွက် ဆေးရုံတွေမှာ ကုတင်ရှားပါးမှုတွေ ရှိနေတာကြောင့် ဘရာဇီးမှာ အမျိုးသမီးအများစုဟာ ဗိုက်ခွဲမွေးဖွားတာကို ဦးစားပေး ရွေးချယ်တယ် ဆိုတာ ပြသနေတယ်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဆေးရုံကောင်းကောင်းမှာ ကုတင် သေချာပေါက် ရဖို့အတွက်ဆိုရင် ဗိုက်ခွဲဖို့မွေးဖို့ ကြိုတင်စာရင်း ပေးထားလိုက်တာ အကောင်းဆုံးပါပဲလို့ Federal University of Rio de Janeiro က သားဖွားဆရာဝန်လည်းဖြစ်တဲ့ ပါမောက္ခ Pedro Octavio က ဘရာဇီးရှိ ဘီဘီစီ သတင်းထောက်ကို ပြောကြားပါတယ်။

ပုဂ္ဂလိက ဆေးရုံတွေမှာ ကြိုတင် စားရင်းပေးထားတဲ့ ဗိုက်ခွဲ မွေးဖွားမယ့်သူတွေကြောင့် သဘာဝအတိုင်း ကလေးမွေးဖွားချင်တဲ့ အမျိုးသမီးတွေဟာ ကုတင်အခက်အခဲ ဖြစ်ကြရတယ်လို့လည်း သိရပါတယ်။

အမျိုးသမီးအများစုက ဗိုက်ခွဲမွေးတာကို ခေတ်မီတယ် တိုးတက်တယ်လို့ မြင်ကြပြီး သဘာဝအတိုင်း မွေးဖွားတာဟာ ရှေးကျပြီး အရုပ်ဆိုးအဆင်မပြေဘူးလို့ ယူဆကြကြောင်း လေ့လာအကဲခတ်သူတွေက ဆိုကြပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဘရာဇီးမှာ ဗိုက်ခွဲမွေးဖွားမှု စည်းမျဉ်းသစ်ထုတ်  ဘရာဇီးမှာ ဗိုက်ခွဲမွေးဖွားမှု စည်းမျဉ်းသစ်ထုတ် Reviewed by သစ်ထူးလွင် on 16:31 Rating: 5
Powered by Blogger.