အသက် ၁၇ အရွယ် မြန်မာအိမ်ဖော်မလေးအား နှိပ်စက်ခဲ့သည် စင်ကာပူ တက္ကသိုလ်ဆရာမကို ထောင် ၉ လ ချမှတ်


 စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း အိမ်ဖော်များ အပေါ် နှိပ်စက်မှု များ ပိုမိုပေါ်ပေါက် လာနေပြီး ခွဲခြားဆက်ဆံတတ်သည့် အလေ့အထမှာ ထိုအမှုများကို နှိမ်နင်းရခက်ခဲစေသည့် အကြောင်းရင်း တစ်ရပ်ဖြစ်နေသည်။ ပြီးခဲ့သည့် နှစ်က အိမ်ဖော်ကို နှိပ်စက်သည့်အမှု ၂၆ မှု ရှိခဲ့သည်ရာ ၂၀၁၂ က အမှုအရေအတွက် ၁၄ မှုထက် ၂ဆနီးပါး များပြား လာခြင်းဖြစ်ပြီး ၅ နှစ်အတွင်း အမှုအရေအတွက် ၉၀ ခန့်ရှိလာခဲ့သည်။

ပြီးခဲ့သည့် ၃ လအတွင်း လူ ၅ ဦးမှာ အိမ်ဖော်များကို ရိုက်နှက်ခြင်း၊ ကိုက်ခြင်းနှင့် အပူလောင်စေခြင်း တို့ အပါအ၀င် နှိပ်စက်မှုများဖြင့် အပြစ် ရှိကြောင်း တွေ့ရှိခဲ့သဖြင့် ထောင်ဒဏ်များ အသီးသီး ချမှတ်ခံခဲ့ရသည်။

စင်ကာပူနိုင်ငံမှ တက္ကသိုလ်ဆရာမ (ကျူတာ) တစ်ဦးဖြစ်သူ အသက် ၃၇ နှစ်ရှိ လိုဂက်ဟောင်သည် အသက် ၁၇ နှစ် အရွယ် မြန်မာ အိမ်ဖော်မလေးကို ၃ လကြာ ကာလအတွင်း ကတ်ကြေးဖြင့် ထိုးမှု၊ ကိုက်မှု၊ အပူလောင်စေမှုတို့အပါအ၀င် အကြိမ်ကြိမ်နှိပ်စက်မှု တို့ဖြင့် ယခုနှစ် ဧပြီ ၂၉ တွင် ထောင်ဒဏ် ၉ လ ချမှတ်ခံခဲ့ရသည်။ အသက် ၃၇ နှစ်ရှိ “လို” သည် နှိပ်စက်ခံရသည့် မြန်မာအိမ်ဖော်အား လျော်ကြေးဒေါ်လာ ၅၀၀၀ ပေးရန်လည်း အမိန့်ချမှတ်ခံရသည်။

“လို” ၏ အပြုအမူသည် သိသာထင်ရှားစွာ ရှုတ်ချရမည့် အပြုအမူဖြစ်သည်ဟု ခရိုင်တရားသူကြီး မတ်သယူးဂျိုးစပ်က ဆိုသည်။ အမှုအား အယူခံဝင် ထားသည့် “လို”သည် လွန်ခဲ့သည့် ၂ နှစ်နီးပါးက အဆိုပါ မြန်မာ အိမ်ဖော်ကိုနှိပ်စက်မှုတွင် အပြစ်ရှိကြောင်း ၀န်ခံခဲ့ပြီး ရာဇ၀တ်မှုမြောက်သော ခြိမ်းခြောက်မှု အပါအ၀င် အခြားအမှု ၁၂ မှုဖြင့်လည်း စွဲချက်တင်ခံခဲ့ရသည်။

“လို” က သူမ၏ မိခင်ဖြစ်သူ ငှားရမ်းပေးသည့် အိမ်ဖော်ကို နှိပ်စက်ခဲ့သည့် အချိန်တွင် စိတ်ကျရောဂါ ခံစားနေခဲ့ရသည်ဟု အယူခံဝင်ခဲ့သည်။ သို့သော် သက်သေ အထောက်အထားများကို စစ်ဆေးပြီးနောက် တရားသူကြီးက “လို” ၏ ပြောကြားချက်ကို ပယ်ချခဲ့ပြီး ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။

“လို” သည် အိမ်ဖော်အား အသေးအဖွဲ ကိစ္စများတွင် အပြစ်ရှာနှိပ်စက် ခဲ့သည်ဟု တရားသူကြီးက ဆိုပြီး ထိုအမှုကို ထိရောက်သည့် ပြစ်ဒဏ် ချမှတ်ခြင်း ရှိမရှိ လူထုက စိတ်ဝင်စားခဲ့ကြသည်။ အကြိမ်ကြိမ်နှိပ်စက်ခြင်း၊ ပြင်းထန်သည့် ဒဏ်ရာများနှင့် အိမ်သုံး ပစ္စည်းများ ကို လက်နက်အဖြစ် အသုံးပြုခြင်းတို့က နှိပ်စက်မှုကို ပိုမိုဆိုးဝါးပြင်းထန်စေ ခဲ့သည်ဟု တရားသူကြီး မတ်သယူးဂျိုးစပ် က ဆိုသည်။

အိမ်ထောင်မရှိသူ တစ်ဦးဖြစ်သည့် “လို” သည် တမ်ပင်းရှိ ၎င်း၏ အိမ်တွင် အိမ်ဖော်ငှားရမ်းပြီး ၂၀၁၁ ဒီဇင်ဘာမှ စတင်ပြီး ၃လကြာ နှိပ်စက်မှုများ စတင်ပြုလုပ်ခဲ့သည်ဟု သိရသည်။ “လို ” သည် အိမ်ဖော်၏ မျက်နှာ၊ လက်နှင့် နားရွက်တို့ကို ကုတ်ခြစ်မှုများ အကြိမ်ကြိမ်ပြုလုပ် ခဲ့သည်။ ၂၀၁၂ ဖေဖော်ဝါရီတွင် “လို” အလိုရှိသည့် ခေါင်းအုံးစွပ်ကို အိမ်ဖော်က ရှာမတွေ့ သဖြင့် ဘယ်ဘက်ပုခုံးကို ကတ်ကြေးဖြင့် ထိုးခဲ့သည်။

“လို” သည် မြန်မာအိမ်ဖော်ကို ကန်ခြင်း၊ ရိုက်နှက်ခြင်း၊ ကိုက်ခြင်း တို့လည်း ပြုလုပ်ခဲ့သည်။ တစ်ကြိမ်တွင် မြန်မာအိမ်ဖော်ကို အိမ်သာအတွင်း အိပ်ပျော်နေသည်ကို တွေ့ရှိခဲ့ပြီးနောက် “လို” က ကျောပေါ် ရေနွေးပူဖြင့် လောင်းခဲ့သည်။

ထိုနှစ် ဖော်ဖော်ဝါရီ ၂၂ တွင် အိမ်ဖော်ဖြစ်သူ က အိမ်နီးချင်းများထံ အကူအညီတောင်းခဲ့ပြီး ၎င်းတို့က ရဲထံ အကြောင်းကြားခဲ့ခြင်းဖြစ် သည်။ မြန်မာ အိမ်ဖော်မှာ ကျောတွင် အပူလောင်ဒဏ်ရာရထားပြီး ဘယ်ဘက်လက်ချောင်းတစ်ချောင်း ကျိုးနေသည့် အပြင် ကုတ်ခြစ်ရာ၊ ကိုက်ရာများကို ရဲက မှတ်တမ်းတင်ပြီး ပြစ်မှုဖြင့် အိမ်ရှင် “လို” အား တရားစွဲခဲ့ခြင်း ဖြစ်သည်။

စင်ကာပူတွင် အိမ်ဖော်အား နှိပ်စက်သည့် အမှုများ တိုးမြှင့်လာနေသဖြင့် အလားတူ နှိပ်စက်မှုများ ထပ်မံမဖြစ်စေရန် ကာကွယ်သည့်အနေဖြင့် တရားရုံး က ထိရောက်စွာ ပြစ်ဒဏ်ချမှတ်ခြင်းရှိ၊မရှိ လူထုက စိတ်ဝင်စားနေ သည်။ နိုင်ငံခြား အိမ်ဖော်များအတွက် လူမှုရေးထောက်ပံ့မှုနှင့် သင်တန်းများပေးသည့် FAST အဖွဲ့က နေအိမ်မှ ထွက်ပြေးလာသည့် အိမ်ဖော်များအတွက် ဂေဟာတစ်ခုကို ပြီးခဲ့သည့် လအတွင်း ဖွင့်လှစ်ခဲ့သည်။

နိုင်ငံခြားမှ အိမ်ဖော်များအတွက် နေထိုင်ရန် နေရာလိုအပ်နေသည်ဟု လူထုနှင့် သက်ဆိုင်ရာ သံရုံးများက တောင်းဆိုခဲ့ သဖြင့် ဂေဟာ ၀န်ဆောင်မှုကို စတင်ခဲ့ခြင်းဖြစ်သည်။ FAST အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ၀ီလီယံချူးက ဂေဟာများ ထပ်မံတည်ဆောက်ပေးရုံဖြင့် ပြဿ နာဖြေရှင်းနိုင် မည် မဟုတ်ဟု ဆိုသည်။

“အိမ်ဖော် မိန်းကလေးတွေဟာ စင်ကာပူနဲ့ အသားကျဖို့ အချိန်ယူ ရမှာဖြစ်ပြီး အိမ်ရှင်တွေ အနေနဲ့လည်း သည်းခံဖို့နဲ့ အကူအညီပေးဖို့ ပညာပေးရမှာဖြစ် ပါတယ်” ဟု ၀ီလီယံချူးက ပြောကြားခဲ့သည်။ စင်ကာပူမှာ နိုင်ငံခြားသား အိမ်ဖော် အရေအတွက်က တိုးလာပြီး မနှစ်က ဒီဇင်ဘာလအထိ အိမ်ဖော်ဦးရေ နှစ်သိန်းကျော် အထိရှိနေသည်။

အိမ်ဖော်တွေကို အလုပ်ရှင်အား ခံမပြောရန် ရန်မဖြစ်ဖို့ ပွဲစားများ က ပြောထားခြင်းခံရပြီး သူတို့ က အိမ်ပြင်သို့ လည်း ထွက်ခွင့်မရှိဘဲ အဆက်အတောက်ပြတ်စွာနေကြရသည်။

စင်ကာပူ ဥပဒေအရ အိမ်ရှင်များသည် လကုန်သည်နှင့် တပတ်အတွင်း အိမ်ဖော်များကို လစာပေးရမည်ဖြစ်သည်။

အိမ်ဖော် အလုပ်သမားများ အတွက် ပြသာနာရှင်းပေးနေသောအဖွဲ့ တခု၏ ဒါရိုက်တာ ဗာလီပိုင်လီ က အင်္ဂလိပ်စာ ကျွမ်းကျင်မှု နည်းပါးသည့် မြန်မာနှင့် ကမ္ဘောဒီယား အလုပ်သမားများသည် ဖီလစ်ပိုင်နှင့် အင်ဒို အိမ်အကူ များနှင့် နှိုင်းယှဉ်ပါက ပိုပြီး ညှင်းပန်းခံရမှုများသည် ဟု ဖြေကြားခဲ့သည်။

Ref - Straits Times, AsiaOne
The Ladies News Journal
https://www.facebook.com/News.TheLadies
အသက် ၁၇ အရွယ် မြန်မာအိမ်ဖော်မလေးအား နှိပ်စက်ခဲ့သည် စင်ကာပူ တက္ကသိုလ်ဆရာမကို ထောင် ၉ လ ချမှတ်  အသက် ၁၇ အရွယ် မြန်မာအိမ်ဖော်မလေးအား နှိပ်စက်ခဲ့သည် စင်ကာပူ တက္ကသိုလ်ဆရာမကို ထောင် ၉ လ ချမှတ် Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.