မြ၀တီမြို့တွင် လောင်းကစားဂိမ်းဆိုင်တစ်ဆိုင်ကို ၀င်ရောက်ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးသေနတ် ထိမှန်ဒဏ်ရာရရှိ


မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်ချမ်းသာလမ်းရှိ တရားမ၀င်ဖွင့်လှစ်ထားသော လောင်းကစား ဂိမ်းဆိုင်တစ်ဆိုင်အား နယ်မြေခံရဲတပ်ဖွဲ့မှ ၀င်ရောက်ဖမ်းဆီးရာ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် အရပ်သားတစ်ဦးတို့ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာဇွန်လ(၃၀)ရက်ည(၈း၃၀)နာရီအချိန်ခန့်က မြ၀တီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွဋ်နှင့်ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ မြ၀တီမြို့ အမှတ်(၄)ရပ်ကွက် အောင်ချမ်းသာလမ်း အမှတ်(ခ/၁၈၃)နေ ကိုမျိုးဆိုသူ ဖွင့်လှစ်ထားသော လောင်း ကစားဂိမ်းဆိုင်အား ၀င်ရောက်ဖမ်းဆီးရာ ဂိမ်းဆိုင်ပိုင်ရှင်ကိုမျိုးဆိုသူနှင့်အတူအရပ်သား(၁၀)ဦးခန့် လောင်းကစားမှုပြုလုပ်နေသည်ကိုတွေ့ရှိရပြီး ၎င်းင်းတို့ထဲမှ ၀င်ရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့များကို သေနတ် နှင့် ပစ်ခတ်ထွက်ပြေးသဖြင့် ရဲဒုတပ်ကြပ် ကျော်ကျော်ဝင်း၏ ယာဘက်လက်မောင်း ဖောက်ထွက်ဒဏ်ရာ တစ်ချက်နှင့် အောင်ချမ်းသာလမ်းပေါ်ရှိ အရပ်သားမောင်ဇော်ဆိုသူ၏ ယာဘက်ပေါင်၌ ဖောက်ဝင် ဒဏ်ရာတစ်ချက် အသီးသီးရရှိခဲ့ကြသည်။

ဖမ်းဆီးရဲတပ်ဖွဲ့ဝင်များကို သေနတ်ဖြင့်ပစ်ခတ်သူမှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများကို မြ၀တီပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသ စေခဲ့ပြီး အသက်အန်္တရာယ်စိုးရိမ်စရာမရှိကြောင်း သိရသည်။ လောင်းကစားဒိုင် ကိုမျိုးနှင့် လောင်းကစား နေသူတို့သည် ထွက်ပြေးလွှတ်မြောက်ရန်ကြံရွယ်၍ ဖမ်းဆီးအဖွဲ့အား ဂိမ်းဆိုင်၏အနောက်ဘက် ထွက် ပေါက်တွင် တစ်ချက်၊ ဂိမ်းဆိုင်နှင့် နေအိမ်တစ်လုံးကြားတွင်တစ်ချက်၊ အောင်ချမ်းသာလမ်းပေါ်မှ လေးချက်၊ စုစုပေါင်း ခြောက်ချက် ခန့် ပစ်ခတ်ထွက်ပြေးသွားကြရာ (၁.၇.၂၀၁၅)ရက်နေ့ ည(၁၂)နာရီ အချိန်တွင် ဒုရဲအုပ် စိုးသီဟမှ တရားလိုပြုလုပ်တိုင်ကြားခဲ့သဖြင့် မြ၀တီမြို့မရဲစခန်းမှ (ပ)၉၄/၂၀၁၅ ပြစ်မှုပုဒ်မ-၃၃၃/၃၀၇ တို့ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး သေနတ်ဖြင့်ပစ်ပေးသူ တရားခံများအား အချိန်မီ ဖမ်းဆီးရမိရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သက်ဦးနိုင် (မြ၀တီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မြ၀တီမြို့တွင် လောင်းကစားဂိမ်းဆိုင်တစ်ဆိုင်ကို ၀င်ရောက်ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးသေနတ် ထိမှန်ဒဏ်ရာရရှိ  မြ၀တီမြို့တွင် လောင်းကစားဂိမ်းဆိုင်တစ်ဆိုင်ကို ၀င်ရောက်ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးသေနတ် ထိမှန်ဒဏ်ရာရရှိ Reviewed by သစ်ထူးလွင် on 19:46 Rating: 5
Powered by Blogger.