သားငယ်မြွေမျိုခံရမည့် ဆဲဆဲ မိခင်က ကယ်တင်

စပါးကြီးမြွေ - ဓါတ်ပုံ - အင်တာနက် 
 ကချင်ပြည်နယ်မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံကြီး၌ ကလေးငယ်တစ်ဦး မြွေကိုက်ခံရသဖြင့် ယခုလ ၄ ရက်တွင် လာရောက် ကုသနေကြောင်းသိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့ရွာသစ်ကုန်း ရပ်ကွက်သစ်နေ ဦးထိန်ဝင်း-ဒေါ်အီပိန် တို့၏ပဉ္စမမြောက်သား ဝါဆိုဦး(ခ)သက်နိုင်ဖြိုး အသက်(၅)နှစ်သည် စနေနေ့ ကျောင်းပိတ်ရက်ဖြစ်သဖြင့် ကြီးတော်တစ်ဦးနှင့်အတူ မိုးညှင်းမြို့ အရှေ့ဘက် ထန်းတပင်လယ်တောသို့ နွားကျောင်းလိုက်သွားရာ အရှည်ရှစ်တောင်ကျော်၊ လုံးပတ်လေးထွာခန့်ရှိ စပါးကြီးမြွေတစ်ကောင်က သက်နိုင်ဖြိုး၏ ဝဲဘက်ခြေသလုံးအားပေါက်လိုက်သဖြင့် အော်သံကို မိခင်ကကြားသော်လည်း အမှတ်မဲ့နေခဲ့သည်။ မြွေက သက်နိုင်ဖြိုးအား ကိုယ်ကို ရစ်ပတ်နေသဖြင့် ထပ်မံအော်သံကြားမှ မိခင်ကမြင်တွေ့ခဲ့သည်။ ထိုအချိန်မှ မိခင်ကပြေးလာပြီး မြွေရစ်ပတ်ခံနေရသည့် ကလေးငယ်ကို ခါယမ်းပြီးဆွဲထုတ်ကာ ကလေးကိုဆွဲပြေးခဲ့ရသည်ဟု ကလေးအားစောင့်ရှောက်ပေးနေသည့် ကြီးတော် တော်စပ်သူ ဒေါ်ဌေးရီက ရှင်းပြသည်။
''သားကမကြောက်ဘူး''ဟု ကလေးကပြောဆိုခဲ့သည်။ ''စိတ်ချရတဲ့အဆင့်မှာ ရှိနေပါပြီ''ဟု ခရိုင်ဆေးရုံအုပ် ဒေါ်ဝင်းဝင်းဌေးက ရှင်းပြသည်။

 အလားတူစပါး ကြီးမြွေမျိုးကို လွန်ခဲ့သောမိုးတွင်းက မိုးရေနှင့်အတူ အရှေ့စု(၁) လမ်းတွင် မျောလာသည်ကို တွေ့ခဲ့ရကြောင်းဒေသခံများထံမှ သိရသည်။

ပန်းရွှေစင်(မိုးညှင်း)
The Union Daily
http://uniondaily.net
သားငယ်မြွေမျိုခံရမည့် ဆဲဆဲ မိခင်က ကယ်တင်  သားငယ်မြွေမျိုခံရမည့် ဆဲဆဲ မိခင်က ကယ်တင် Reviewed by သစ်ထူးလွင် on 16:32 Rating: 5
Powered by Blogger.