ရဲ​တပ်ဖွဲ့​ကို ခေါ်​ယူ စစ်ဆေး​လို

 လက်ပံတန်း မြို့ ကျောင်းသားသပိတ် ဖြိုခွဲ ခံခဲ့ ရပုံ နဲ့ ပတ်သက်ပြီး မြန်မာ လူ့အခွင့်အရေး ကော်မရှင်ကို ကျောင်းသားတွေ တိုင်ကြားထား။
လက်ပံတန်းမြို့ မှာ ကျောင်းသားသပိတ် ဖြိုခွဲခဲ့ ပုံ နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ ကို ခေါ်ယူ စစ်ဆေး ဖို့ စိတ်ကူး ရှိတယ် ဆိုပြီး မြန်မာ နိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ရဲ့ အဖွဲ့ဝင် တစ်ဦး က ပြောပါတယ်။

ဇူလိုင် ၂၇ တနင်္လာနေ့ က အာဏာပိုင် တွေ ရဲ့ အပြုအမူ တွေ နဲ့ ပတ်သက်ပြီး ကော်မရှင် ကို တိုင်ကြား ခဲ့တဲ့ ကျောင်းသား တွေ နဲ့ ကော်မရှင် အဖွဲ့ဝင် တချို့ တွေ့ဆုံ ခဲ့ပြီးတဲ့ နောက် ကျောင်းသားတွေ နဲ့ ကိုယ်တိုင် တွေ့ဆုံ ခဲ့ သူ တစ်ဦး ဖြစ်တဲ့ ဒေါက်တာ ဉာဏ်ဇော် က ပြောတာ ဖြစ်ပါတယ်။

လူ့ အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ၁၁ ဦး လုံးရဲ့ သဘောထား ကို မသိရ သေး ပေမယ့် နှစ်ဘက် စလုံး ကို ခေါ် ယူ စစ်ဆေး ဖို့ လိုမယ် လို့ ထင်မြင် ယူဆ ကြောင်း ဒေါက်တာ ဉာဏ်ဇော် က ဘီဘီစီ ကို ပြောပါတယ်။

ကျောင်းသား တွေ ဆီက တိုင်ကြား စာ ရရှိ လာ မှ လက်ပံတန်း အဖြစ်အပျက် အပေါ် စုံစမ်း ဆောင် ရွက် တာ မဟုတ် ပဲ ကော်မရှင် အနေ နဲ့ ဒီ အဖြစ်နဲ့ စပ်လျှင်းပြီး သတင်း ထုတ်ပြန် ချက် နဲ့ အကြံပြု ချက် တွေ ထုတ် ပြန် ခဲ့ ပြီး ဖြစ် သလို သက်ဆိုင်ရာ ဌာန တွေ ကိုလည်း ပေးပို့ ခဲ့ပြီး ဖြစ်တယ် လို့ လည်း ဒေါက်တာ ဉာဏ်ဇော် က ဆိုပါတယ်။

ကျောင်းသား တွေ နဲ့ တွေ့ဆုံ ခဲ့တဲ့ ကော်မရှင် အဖွဲ့ ဝင် ၃ ဦး ဟာ ကျောင်းသား တွေ ရဲ့ ထွက်ဆို ချက် တွေ ကို စုပေါင်း ပြီး ကော်မရှင် ဝင် ၁၁ ယောက် လုံး စုံညီ တဲ့ အစည်းအဝေး မှာ တင်ပြ ကာ ဘယ်လို ဆက်လက် ဆောင်ရွက် မလဲ ဆိုတာ ကို ဆုံးဖြတ် သွား မှာ ဖြစ်တယ် လို့ ဒေါက်တာ ဉာဏ်ဇော် က ပြောပါတယ်။

မြန်မာ နိုင်ငံ လူ့ အခွင့်အရေး ကော်မရှင် ဟာ အစိုးရ ရဲ့ ဩဇာ မကင်းလွတ် တဲ့ အဖွဲ့ အစည်း ဖြစ်တယ် ဆိုတဲ့ စွပ်စွဲ ဝေဖန် မှု တွေ ကိုလည်း ဒေါက်တာ ဉာဏ်ဇော် က ငြင်းပယ် လိုက်ပြီး လွတ်လပ်စွာ ဆုံးဖြတ် လုပ်ကိုင် နိုင်တယ်လို့ ပြောပါတယ်။

လက်ပံတန်း မြို့မှာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ က ကျောင်းသား တွေ ကို ရက်ရက် စက်စက် ရိုက်နှက် ဖမ်းဆီး ပြီး တဲ့နောက် ပြစ်မှု ဆိုင်ရာ ပုဒ်မ တွေ တပ်ပြီး တရားစွဲဆို ထိန်းသိမ်း ထားတာ ဟာ အခြေခံ ဥပဒေ နဲ့ မလျော်ညီ ပဲ လူ့အခွင့် အရေး လည်း ချိုးဖောက်ရာ ရောက်တဲ့ အကြောင်း ကျောင်းသား တွေ ဘက် က ကော်မရှင် ကို တိုင်ကြား ထားတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရဲ​တပ်ဖွဲ့​ကို ခေါ်​ယူ စစ်ဆေး​လို  ရဲ​တပ်ဖွဲ့​ကို ခေါ်​ယူ စစ်ဆေး​လို Reviewed by THITHTOOLWIN on 06:20 Rating: 5
Powered by Blogger.