ကြီးထွားမှုဟော်မုန်းများပြီး ထူးခြားမြင့်မားသည့် အရပ်ပိုင်ရှင်


  ''မင်္ဂလာပါ၊ ကျန်းမာရဲ့လား''ဟု နှုတ်ဆက်လိုက်ချိန်တွင် အရပ် ရှစ်ပေခန့်ရှိ အမျိုးသားကြီးက လဲလျောင်းနေရာမှအားယူကာ တဖြည်းဖြည်း ထလာသည်။

  အဆိုပါအမျိုးသားကြီးမှာ ကြီးထွားမှုဟော်မုန်းများပြီး အဆမတန် အရပ်ရှည်လွန်း၍ လွန်ခဲ့သည့်နှစ်နှစ်ကျော်က ဦးနှောက်ခွဲစိတ်ကုသမှု ခံခဲ့သည့် ကိုဝင်းဇော်ဦး ဖြစ်ပြီး မိမိအနေဖြင့်မူ ထူးခြားမြင့်မားသည့် အရပ်ပိုင်ရှင်ကို အပြင်မှာ ပထမဆုံးမြင်တွေ့လိုက်ရသည်။

  ကိုဝင်းဇော်ဦးကို မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ထုံးပေါက် ချိုင်းကျေးရွာတွင် ၁၃၃၉ ခုနှစ်၌ မွေးဖွားခဲ့ပြီး မွေးဖွားစဉ်က သာမန် ကလေးအရွယ်အတိုင်း မွေးဖွားခဲ့ခြင်းဖြစ်သည်။ အရွယ်ရောက်လာမှသာ ကလေးများကြားတွင် အရပ်ရှည်ပြီး အထွားဆုံးဖြစ်လာကြောင်း၊ အများ တကာထက် ထူးခြားသောအရပ်အမောင်းကြောင့် လှောင်ပြောင်ခြင်းများခံခဲ့ ရကြောင်း၊ ရိုးသားသော တောသူတောင်သားမိဘများသည် အသိပညာ ဗဟုသုတနည်းပါးကြ၍ ကိုဝင်းဇော်ဦး၏ ခန္ဓာကိုယ်ကြီးထွားမှုကို သာမန် ဟုမှတ်ယူ၍ ရောဂါတစ်ခုလို မသိမြင်ခဲ့ကြောင်း သိရသည်။

  ကံကောင်းစွာဖြင့် ကိုဝင်းဇော်ဦး၏ သာမန်နှင့်မတူ အရပ်ရှည်ပြီး ကြီးထွားခြင်းကို ယခင်က ရွာနီးချုပ်စပ်နှင့် ၄င်းသွားရောက်ဖူးသော နယ်များမှ လူအနည်းငယ်သာသိရှိခဲ့ပြီး ထုံးပေါက်ချိုင်းကျေးရွာသို့ လာ ရောက်၍ စားနပ်ရိက္ခာထောက်ပံ့ပေးကြသော အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများမှတွေ့ရှိကာ လူသိများခဲ့ခြင်းဖြစ်သည်။

  ''သတင်းစာထဲမှာပါလာရာကနေ ဆရာဝန်ကြီး ဒေါက်တာခင်မောင် ဝင်း(အသည်း)က နတ်မောက်က ဆရာဒေါက်တာစိုးမင်းတို့နဲ့ ချိတ်ဆက်ပြီး ဆေးကုဖို့ ဖြစ်လာတာပါ။ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလတုန်းက စင်ကာပူမှာ ခေါင်းကိုခွဲစိတ်ပြီး ကုသမှုခံယူကာ နိုဝင်ဘာလမှာတစ်ခါ ပြန်စစ်ဆေးခဲ့ပါတယ်။ ပုံမှန်စစ်ဆေးမှုတွေတော့ ပြုလုပ်နေပါတယ်'' ဟု ကိုဝင်းဇော်ဦးက ပြောသည်။

  ကိုဝင်းဇော်ဦး၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ ဆရာကြီး ဒေါက်တာခင်မောင်ဝင်းက ''ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။ လေးလတစ်ကြိမ် ပုံမှန်စစ်ဆေးပေးနေပြီး ထူးထူးခြားခြားဆိုးရွားတဲ့ လက္ခဏာမတွေ့ရပါဘူး။ လောလောဆယ် မကွေးမှာနေပြီး သက်ဆိုင်ရာ ဆရာဝန်တွေနဲ့လည်း စစ်ဆေးမှုတွေ ပြုလုပ်ပေးနေပါတယ်။ ဆရာကြီး အနေနဲ့က တတ်နိုင်သလောက် ထောက်ပံ့မှုတွေလည်း ပေးနေပါတယ်'' ဟု ပြောကြားသည်။

  ''ခွဲစိတ်မှုမလုပ်ခင်က ခြေထောက်တစ်ဖက်က နာနာနေတာ၊ ချွေးလည်း အများကြီးထွက်တာ။ အခုတော့ သိပ်မနာတော့ဘူး၊ ပျောက်သွားတယ်။ ချွေးလည်းသိပ်မထွက်တော့ဘူး။ အရင်ရွာမှာနေတုန်းက အညောင်းကိုက် ပျောက်ဆေးတွေ အမြဲတမ်းသောက်နေရတာ။ မနေနိုင်လို့၊ အခုတော့ ဘာဆေးမှ မသောက်ရတော့ဘူး။ စင်ကာပူကပေးလိုက်တဲ့ မသေမချင်း သောက်ရမယ့် ဆေးတွေပဲသောက်နေတယ်။ ဆရာဝန်ကြီးဒေါက်တာခင်မောင် ဝင်းက ပို့ပေးပါတယ်။ ကျွန်တော့်အနေနဲ့ သေပြီးသားလို့ ထင်ထားတာပါ။ ဆရာကြီးရဲ့ကျေးဇူးကြောင့် အသက်ရှင်ခွင့်ရတာပါ။ ဆရာကြီးကို အိပ်ရာ ဝင်တိုင်း အမြဲမေတ္တာပို့ကန်တော့ပြီးမှ အိပ်ပါတယ်''ဟု ကိုဝင်းဇော်ဦးက ပြောသည်။

  ကိုဝင်းဇော်ဦးသည်ယခုလက်ရှိတွင် ကျန်းမာရေးအလွယ်တကူ ကုသ မှုပြုနိုင်ရန်အတွက် မကွေးမြို့တွင် ဖခင်၊ ညီမများနှင့်အတူတကွ နေထိုင် လျက်ရှိပြီး မိမိမှာ သွားလာလှုပ်ရှားမှု မလွယ်ကူသောကြောင့် ညီမများက လုပ်ကိုင်ကျွေးမွေးလျက်ရှိသည်။

  ''ခွဲစိတ်ပြီးတာ နှစ်နှစ်ရှိပြီ။ ကျန်းမာရေးက သိသိသာသာပြောင်းလဲ သွားပါတယ်။ ခွဲစိတ်တုန်းက ဘယ်ဘက်မျက်စိက နည်းနည်းထိခိုက်သွား လို့မမြင်ရဘူး။ မှန်ထောင်နေသလိုပဲဖြစ်နေတယ်။ ကံကောင်းတာပဲ ဆိုရမှာပါ။ မှတ်ဥာဏ်တွေမပျက်စီးဘူး။ ခွဲစိတ်မှုကလည်း ရှစ်နာရီကြာ တယ်။ ရေထဲနစ်နေသလိုပဲ။ စင်ကာပူက ဆရာဝန်တွေက တော်တော် ဂရုစိုက်ပေးပါတယ်။ ရွာမှာနေတော့ သွားလာရတာမလွယ်ကူတဲ့အတွက် မကွေးမှာပဲအိမ်ငှားနေပြီး ညီမတွေက စောင့်ရှောက်နေပါတယ်။ မကွေးက ဆရာမကြီး ဒေါက်တာဒေါ်လဲ့လဲ့သိန်းကလည်း လိုအပ်တဲ့ဆေးဝါးတွေ ထောက်ပံ့ပေးတယ်။ ကျွန်တော့်ကို အကြောင်းအမျိုးမျိုးနဲ့ ဆက်သွယ် ချင်တယ်ဆိုရင် ဖုန်း ဝ၉-၂၅ဝဝ၆၄၃၈၅ ကို ဆက်သွယ်နိုင်ပါတယ်''ဟု ကိုဝင်းဇော်ဦးက ပြောသည်။

  ကိုဝင်းဇော်၏ အသက်မှာ ၃၈ နှစ်ရှိပြီး ၄င်း၏အရပ်မှာ လဲလျောင်း လျက် ခုနစ်ပေ ၁ဝ လက်မ၊ မတ်တတ်ရပ်လျှင် ခုနစ်ပေ ရှစ်လက်မ၊ ခုနစ်ပေ ခုနစ်လက်မခန့်ရှိကြောင်း၊ ကျန်းမာရေးအရ အလုပ်မလုပ် နိုင်သော်လည်း ညီမများအား တစ်ဖက်တစ်လမ်းမှ ကူညီချင်ကြောင်း၊ ယခုအချိန်တွင် အသုံးအဆောင်ပစ္စည်းများလည်း လိုအပ်လျက်ရှိပြီး ဆက် သွယ်ကူညီမှုများပေးနိုင်ကြောင်း သိရသည်။

 သတင်း-သိမ့်သိမ့်မိုး
 ဓာတ်ပုံ-သိင်္ခ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကြီးထွားမှုဟော်မုန်းများပြီး ထူးခြားမြင့်မားသည့် အရပ်ပိုင်ရှင်   ကြီးထွားမှုဟော်မုန်းများပြီး ထူးခြားမြင့်မားသည့် အရပ်ပိုင်ရှင် Reviewed by THITHTOOLWIN on 02:53 Rating: 5
Powered by Blogger.