ဒီကေဘီအေနှင့် အစိုးရတပ် တိုက်ခိုက်မှုအပေါ် ကေအဲန်ယူ စိုးရိမ်


 ဇူလိုင် ၁၅ရက်၊ ၂၀၁၅ခုနှစ်။

 ကော့ကရိတ်-မြ၀တီ အာရှ အဝေးပြေး လမ်းမကို အကြောင်းပြု၍ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)နှင့် မြန်မာ အစိုးရတပ်တို့ လတ်တလော ပစ်ခတ်တိုက်ခိုက်နေမှု အပေါ် စိုးရိမ်မှုရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး -ကေအဲန်ယူက ဇူလိုင်လ ၁၃ရက်နှင့် ၁၄ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် ၎င်းတို့၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး ယနေ့ သဘော ထားထုတ်ပြန်လိုက်သည်။

ကရင်ပြည်နယ်အတွင်း ဤကဲ့သို့တိုက်ပွဲများ ဖြစ်လာသည့်အပေါ် ယခုလက်ရှိ ကေအဲန်ယူသာမက ကျန်ရှိနေသည့် အခြားသော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းနှင့် အစိုးရအကြား ကြိုးပမ်းနေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) ဆိုင်ရာလုပ်ငန်းစဉ်တွေကို မထိခိုက်စေချင်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်ထဲတွင် ဖော်ပြပါရှိသည်။

ဒီကေဘီအေနှင့် မြန်မာအစိုးရတပ်တို့ စစ်ပွဲအရှိန်မြင့်လာပြီး ကေအဲန်ယူနယ်မြေအတွင်း ပါဝင်လာမှုရှိခဲ့လျှင် တစုံတရာ ထိခိုက် နစ်နာမှုများ ရှိလာမည်ကိုစိုးရိမ်ကြောင်း ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက “ဒီလိုတိုက်ပွဲတွေကြောင့် အကြောင်းရှာပြီးတော့မှ ဒီ NCA ကို မဆောင်ရွက်နိုင်တော့ဘဲ တစ်ခုခုအားဖြင့် ဖြစ်ပေါ်လာနိုင်စရာ အကြောင်းရှိလို့ NCA လုပ် ငန်းနဲ့ ပတ်သက်ပြီးတော့ မထိခိုက်စေချင်တဲ့သဘောဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိဖြစ်ပေါ်နေသည့် ပစ်ခတ်တိုက်ခိုက်မှု ပဋိပက္ခများအတွင်း ပါဝင်နေသည့် အဖွဲ့များအနေဖြင့် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် အဖြေရှာကြရန် ကေအဲန်ယူ၏ ထုတ်ပြန်ချက်၌ မေတ္တာရပ်ခံတောင်းဆိုထားပြီး ၎င်းတို့အနေဖြင့်လည်း ဤကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများဖြစ်ပေါ်ရေးအတွက် အဖက်ဖက်မှ ကြိုးစားညှိနှိုင်းသွားမည်ဟုလည်း ဖော်ပြထားသည်။

ဒီကေဘီအေအနေဖြင့် ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဆောင်ရွက်သွားရန် ၎င်းတို့၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ်၏ ညွန် ကြားမှုအတိုင်း ဆက်လက် လုပ်ဆောင်သွားရန်ဆန္ဒရှိပြီး ယနေ့ထုတ်ပြန်လိုက်သည့် ကေအဲန်ယူ၏သဘောထားအပေါ် ကြိုဆို ကြောင်းနှင့် ထုတ်ပြန်ချကှ်ာ အနည်းငယ် နောက်ကျနေသည်ဟုလည်း ဒီကေဘီအေ၏ မြ၀တီဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ကေအိုင်စီသို့ ပြောသည်။

အလားတူ ကရင်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးကော်မတီက လက်ရှိဖြစ်ပွားသည့် စစ်ရေးပဋိပက္ခကို ဆက်လက် မဖြစ်ပွား စေရန်နှင့် အမြန်ဆုံး ရပ်တန့်သွားစေရန် လုံးဝ လိုလားကြောင်းနှင့် တိုက်ပွဲများ ရပ်တန့်ခြင်းမရှိဘဲ ကျယ်ပြန့်လာလျှင် စည်းလုံး ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် NCA လုပ်ငန်းစဉ်များကိုပါ ထိခိုက်လာမည်ကို စိုးရိမ်မိသည်ဟုလည်း ကြေညာချက်ထုတ်ပြန်လိုက် သည်။

ထို့အပြင် ကေအဲန်ယူ၏ လမ်းညွန့်မှုဖြင့် ကော်မတီက ကရင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခကို အမြန်ဆုံး ရပ်တန့်သွားနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးညိုနိုင်းမှုများကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ထုတ် ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အပြင် စင်္ကာပူသို့ ကျန်းမာရေး သွားရောက်ကုသမှုခံယူနေသူ ဒီကေဘီအေ စစ်ဦးစီးချုပ် စောလားပွယ်သည် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၁၈ရက်နေ့တွင် ပြန်ရောက်လာနိုင်ဖွယ်ရှိပြီး လက်ရှိ စစ်ရေးပဋိပက္ခများကို ညှိနှိုင်းဖြေရှင်းသွားရန်ရှိသည်ဟုလည်း သိရ သည်။

 စအိုင်စူး
ကေအိုင်စီ - KIC News
http://kicnews.org
ဒီကေဘီအေနှင့် အစိုးရတပ် တိုက်ခိုက်မှုအပေါ် ကေအဲန်ယူ စိုးရိမ်  ဒီကေဘီအေနှင့် အစိုးရတပ် တိုက်ခိုက်မှုအပေါ် ကေအဲန်ယူ စိုးရိမ် Reviewed by သစ်ထူးလွင် on 08:34 Rating: 5
Powered by Blogger.