ပြည်တွင်း အိမ်အကူတို့၏ မနက်ဖြန်


 မြန်မာနိုင်ငံတွင် အိမ်အကူလုပ်သူများနှင့် အိမ်အကူငှားရမ်းသူ၊ အိမ်ရှင် များအတွက် တိကျသည့် ဥပဒေသများ ထုတ်ပြန်နိုင်ခြင်း မရှိသေး သော်လည်း အိမ်အကူအဖြစ် လုပ်ကိုင်လိုသူများ ယခင်ကထက် များပြားလာသည်ဟု အိမ်အကူ အကျိုးဆောင် ဒေါ်စန္ဒာက ပြောသည်။

 အလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်း၊ လက်မှုပညာတစ်ခုခု တတ်မြောက် ထားမှုမရှိခြင်း၊ ဆင်းရဲနွမ်းပါးမှုနှုန်း တိုးတက်လာခြင်းတို့ကြောင့် အရွယ်မရောက် သေးသော်လည်း ငွေရသည့်အလုပ် လုပ်လိုနေခြင်း၊ ကျေးလက်ဒေသများတွင် သေစာရှင်စာလောက်သာ ရေးတတ်ဖတ်တတ်သူများ ရှိနေသေးခြင်း၊ အတန်းပညာရှိ သော်လည်း အောက်ခြေ အဆင့် ဝန်ထမ်းဘ၀ဖြင့် လစာနည်းလွန်းခြင်းများကြောင့် ပြည်တွင်း အိမ်ဖော်ဈေးကွက် တွင်ကျယ်လာခဲ့သည်။

ယခင်က အိမ်အကူဝန်ထမ်းရှာရန် ရပ်ကွက်ထဲမှ ပွဲစားများနှင့် ဆက်သွယ်ခြင်း၊ ဆွေမျိုးနီးစပ်များသို့ လက်လှမ်းမီရာ ဆက်သွယ်ခေါ် ယူခြင်းများ ရှိခဲ့ကြသော်လည်း ယခုနောက်ပိုင်း လမ်းလေးခွဆုံ၊ ဘတ်စ် ကားဂိတ်၊ ကားဂိတ်များတွင် အိမ်ဖော်လုပ်လိုသူ၊ အိမ်ဖော်ခေါ်လိုသူများ ဆက်သွယ်ရန် ကြော်ငြာစာများ တွေ့လာရသကဲ့သို့ ဂျာနယ်များတွင်ပါ တိတိလင်းလင်း ကြော်ငြာလာသည်ကို တွေ့မြင်ရသည်။

အိမ်အကူ ရှာဖွေရေးအေဂျင်စီတို့သည် အိမ်ဖော်မိန်း ကလေးဘက်မှ အလုပ်ရှာပေးခအဖြစ် ပွဲခတစ်လစာရ သကဲ့သို့ အိမ်ရှင်ဘက်ကလည်း ပွဲစားခရသဖြင့် အကျိုးအမြတ်များသည့် လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင် လာကြ ခြင်းဖြစ်သည်။ ထို့အတူ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဈေးဆိုင်တို့တွင် လိုအပ်သည့် အလုပ်သမားများကိုလည်း အိမ်ဖော်အေဂျင် စီများမှတစ်ဆင့် ခေါ်ယူမှုများလည်း ရှိလာသည်။

ပြည်တွင်း အိမ်အကူဈေးကွက်တွင်လည်း မြန်မာအိမ်မဟုတ်ဘဲ လစာ ကွာခြားချက်ကြောင့် နိုင်ငံခြားသား အိမ်များတွင် အိမ်အကူအဖြစ် လုပ်ကိုင် လိုသူ များပြားလာသည်။ “နိုင်ငံခြားသား အိမ်တွေမှာ လုပ်ချင်ရင်တော့ ရုပ်ရည်လည်း အသင့်အတင့်လိုတယ်။ သန့်ရှင်းသပ်ရပ်မှု၊ နောက် လုပ်ငန်း အတွေ့အကြုံတွေလည်း လိုတယ်။ မြန်မာအိမ်တွေ ဆိုရင်တော့ မတတ် လည်းခေါ်ထားပြီးမှ သင်ပေးတဲ့သူတွေ ရှိတယ်” ဟု ဒေါ်စန္ဒာကပြောသည်။

အိမ်အကူခေါ်ယူရာတွင် ရန်ကုန်မြို့သည် အများဆုံးဖြစ်ပြီး မန္တလေး၊ နေပြည်တော် အစရှိသည့် ဝန်ထမ်းအများဆုံး အခြေစိုက်သည့် မြို့များက လည်းခေါ်ယူကြကာ အိမ်အကူအဖြစ် လုပ်ကိုင်ကြသူများသည် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်နှင့် အညာဘက်တို့မှ အများဆုံး လာရောက်လုပ်ကိုင်ကြသည်ဟုလည်း ဒေါ်စန္ဒာကရှင်းပြသည်။

ပြည်တွင်းတွင် အိမ်အကူခေါ်ယူရာ၌ အသက်ငယ်သူများကို သန့် ရှင်ရေး၊ ထမင်းချက် အစရှိသည့် အိမ်မှုကိစ္စများကို ဆောင်ရွက်စေပြီး ကလေးထိန်း ဖို့ရန်အတွက် သီးသန့်ခေါ် ယူမှုများလည်း ရှိသည်ဟု ၎င်းကဆိုသည်။

“နောက်ဈေးကွက် တစ်ခုကတော့ အမြဲအိမ်မှာခေါ်မထားဘဲ မနက်သွား ညနေပြန် အိမ်အကူခေါ်တာမျိုး။ အဲဒါမျိုးကြတော့ ပွဲစားနဲ့ချိတ်တာမျိုး မဟုတ်ဘဲ ကိုယ့်ဖောက်သည်နဲ့ကိုယ် ဆက်သွယ်ကြတာ များတယ်။ ဈေးတွေကတော့ ကျွမ်းကျင်မှုအလိုက်ပေါ့။ လတ်တလောတော့ လေးသောင်း၊ ငါးသောင်း ဝန်းကျင်တွေက အခေါ်အများဆုံးပဲ။ ပိုစိတ်ချရတယ်၊ လက်လွှဲရတယ်ဆို ဒီထက်ဈေးသာတာလည်း ရှိတယ်။ ကလေးထိန်းအတွက်ကတော့ တစ်လတစ်သိန်းခွဲ၊ နှစ်သိန်းထိတောင် ရှိတယ်။ သူက ကျန်းမာရေး ဗဟုသုတတွေပါ သိထားရတာကိုး” ဟု ဒေါ်စန္ဒာကပြောသည်။

အိမ်အကူများကို ယခင်က ငွေကြေးတတ်နိုင်သည့် မိသားစုများက အများစုခေါ်ယူခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် ဝင်ငွေ အသင့်အတင့် ရှိသည့် မိသားစုများကပါ ခေါ်ယူမှုများ ရှိလာပြီဖြစ်သည်။ “အဓိကကတော့ အပြင်ထွက် အလုပ်လုပ်တဲ့သူတွေများလာလို့ပါ။ အိမ်အလုပ်တွေ လစ်ဟင်း လာတော့ ရတဲ့လစာထဲကဖဲ့ပေးပြီး ခေါ်ရတာပဲ” ဟု ဘဏ်တစ်ခုတွင် စာရင်းကိုင်လုပ်နေသော ဒေါ်မိုးမိုးကဆိုသည်။

“တချို့ကျတော့လည်း အိမ်က အရမ်းကြီးမပြေလည် ကြီးမဟုတ်ပေမယ့် မြို့မှာ လုပ်ချင်လို့ လာလုပ်ကြတာ ရှိတယ်။ တချို့ကျတော့ လည်း ကောက်စိုက်၊ ကောက်ရိတ် လုပ်ငန်းတွေ။ အလုပ်ကြမ်းတွေနဲ့ အိမ်စားဝတ်နေရေး မပြေလည်တော့လို့ လာလုပ်တာတွေလည်း ရှိတယ်။ အိမ်အကူလာလုပ်တဲ့ သူတွေက အနည်းဆုံးလစာ ၂ လစာ၊ ၃ လစာ ကြိုထုတ်ပြီး နယ်က မိဘတွေကို ပြန်ပို့ပေးကြတာ များတယ်” ဟု ဒေါ်စန္ဒာက ဆက်လက်ပြောပြသည်။

ယခုနှစ်ပိုင်းအတွင် အိမ်အကူအလုပ် လုပ်သူများတွင် တက္ကသိုလ် တက် နေသူများလည်း ပါဝင်လာကြောင်း၊ ကလေး ၂ ဦးမိခင်ဖြစ်ပြီး ကုမ္ပဏီ ဝန်ထမ်း တစ်ဦးဖြစ်သည့် ဒေါ်နွယ်ဦးက ပြောသည်။

“ကျွန်မဆီကို လာလုပ်တဲ့ ကလေးမလေးက ဒုတိယနှစ်တက်နေတယ်၊ သူအပြင်မှာ အလုပ်လုပ်ရင် တစ်လတစ်သိန်းလောက်ပဲ ရမယ်ဆိုရင် သူ့သွားစရိတ်၊ လာစရိတ်၊ ထမင်းစရိတ်နဲ့ဆို ဘာမှမကျန်တော့ဘူး၊ အိမ်အကူ ဆိုတော့ စားပြီးသောက်ပြီး တစ်လငါးသောင်း အသားတင် ကျန်လို့ ကျောင်းစရိတ်ရအောင် ကျွန်မဆီမှာ လာလုပ်တာတဲ့လေ၊” ဟုဆိုသည်။

အမျိုးသမီးများကို အိမ်အကူအဖြစ် စေခိုင်းရာတွင် ဥပဒေနှင့်အညီ တစ်ခုနှင့် ကန့်သတ်ထားခြင်းမျိုး မဟုတ်ဘဲ အိမ်ရှင်နှင့်အလုပ်သမားကြား နားလည် မှုဖြင့် စေခိုင်းနေကြခြင်း ဖြစ်သည်။ ယင်းအထဲတွင် အိမ်ဖော်အများစုသည် လူ့အခွင့်အရေး ဆုံးရှုံးခြင်း၊ မတရားစေခိုင်းခံရခြင်းနှင့် အလုပ်သမား အခွင့်အရေး မရရှိခြင်းများလည်း ရှိနေသည်။

“ကျွန်မက မနက် ၅ နာရီမှ အိပ်ာကထတစ်နေကုန်အိမ်အလုပ်လုပ် အိမ်ရှင် အိပ်မှ ကိုယ်ကအိပ်ရတယ်၊ တစ်လလုံး နားရက်တစ်ရက်မှမရပါဘူး။ နယ်ပြန်ဖို့ ဆိုရင်တောင် ၆ လတစ်ခါ ၅ ရက်ပဲပေးတယ်။ ဒါတောင် ကျွန်မ လုပ်တဲ့အိမ်က တော်တော်လေး စိတ်ချရတယ်။ ကျွန်မမိဘတွေက ဒီ အိမ်ကိုပဲ စိတ်ချလို့ ကျွန်မက မပြောင်းပါဘူး။ စိတ်ချရတယ်ဆိုတာ ကိုယ့်အရှက်အတွက် စိတ်ချရတဲ့အိမ်ကို ပြောတာပါ။ ကျွန်မသူငယ်ချင်း တစ်ယောက်ဆို စော်ကားခံရဖူးတယ်။ အခုကျွန်မ လုပ်တဲ့အိမ် မှာတော့ ယောက်ျားသားချင်းလည်း မရှိဘူးလေ” ဟု မရမ်းကုန်းမြို့နယ်ရှိ ကုမ္ပဏီသူဌေးအိမ်တွင် လွန်ခဲ့သည့် ၆ နှစ်ကပင် မအူပင်မြို့နယ်မှ အိမ်အကူ ဝန်ထမ်းလာ လုပ်သည့်အသက် ၁၉ နှစ်အရွယ်ရှိ မသက်ဇင် က ၎င်း၏ရွေးချယ်မှုအကြောင်း ပြောပြသည်။

ထို့အတူ အခြားတစ်ဖက်တွင်လည်း အိမ်အကူလုပ်ငန်းတွင် အတွေ့အကြုံ များပြီး လည်ဝယ်သည့် အိမ်အကူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကြ ရသည့် အိမ်ရှင်များလည်း ရှိနေသည်။

“ခုခေတ်မှာ ကိုယ့်အိမ်လိုသဘောထားပြီး စေတနာပါပါ လုပ်ပေးတဲ့ အိမ်ဖော် တစ်ယောက်ရဖို့ မလွယ်ပါဘူး၊ အိမ်ဖော်တွေကို နှိပ်စက်ပါတယ်လို့သာ သူတို့ကပြောနေတာ သူတို့က ကိုယ့်ကိုဒေါသဆွဆွပေးနေ သလိုမျိုး တွေ လုပ်လုပ်နေတာလေ၊ အိမ်ဖော်ဒုက္ခပေးလို့ တရားရုံးရောက်တဲ့သူတွေ အများကြီး။ တချို့အိမ်ဖော်တွေဆို ဟိုတိုင်မယ် ဒီတိုင်မယ် ဆိုပြီး ငွေညှစ် တတ်သေးတယ်။ မြန်မာနိုင်ငံမှာတော့ အချင်းချင်းကိုယ်ချင်းစာတရား ရှိကြပါတယ်။ အများစုက အိမ်ရှင်တွေကသာခံလိုက်ရတာပါ။ သူတို့ကို နားရက်ပေးချင်ပါတယ်၊ နားရက်ပေးချင်ပေမယ့် သူတို့အပြင် ထွက်ရင် ကြောက်နေရတယ်။ မသူတော်နဲ့တွေ့ ဗိုက်ကြီးရင် ကိုယ့်ယောက်ျား၊ ကိုယ့်သားကို လက်ညှိုးထိုးမှာစိုးလို့လေ။ စာရိတ္တကောင်းပြီး စိတ်ချရရင် တော်ရုံလုပ်ငန်းမကျွမ်း ကျင်လည်းဖြစ်တယ်။ ကောင်းတဲ့လူ တစ်ယောက် ထပ်ရှာဖို့ဆိုတာ မလွယ်တော့ သည်းခံနေရတယ်” ဟု အိမ် ဖော်အဆင်မပြေမှုနှင့် ကြုံနေရသည့် ဒေါ်မိုးမိုးကပြောသည်။

အိမ်အကူ အရွေးမှားပါကလည်း သူခိုးလက်သော့အပ်သည်နှင့်သာ တူ တော့သည်ဟု မှော်ဘီမြို့မှ အိမ်ဖော်၏ အလိမ်ခံခဲ့ရဖူးသော လှည်းတန်းဇေယျာသီရိလမ်းမှ အိမ်ရှင်ဒေါ်တင်ဦးက ဆိုပြန်သည်။

“ပထမရောက်စတော့ ရိုရိုကျိုးကျိုး ကိုယ်က စိတ်ချလာပြီဆိုတော့မှ လုပ်ချသွားတာ၊ စိတ်ချရတဲ့သူ တစ်ယောက်ရထားပြီ ပြန်လက်မလွှတ် ချင်တော့တဲ့ အခါကျတော့ လစာတိုးတိုးပေး၊ ကိုယ်နဲ့တန်းတူထား ဆက်ဆံရတယ်။ ပွဲစားနဲ့ခေါ်လည်း စိတ်ချရတာမဟုတ်ဘူး။ တချို့က ပေါင်းလုပ်ကြတာ။ ငွေကြိုယူပြီး ခိုးပြန်သွား တာမျိုးတွေလည်း အသိတွေထဲမှာ တွေ့ဖူးတယ်” ဟု ဒေါ်တင်ဦးကဆက် ပြောသည်။

အိမ်ရှင်များဘက်တွင် အိမ်အကူ ခေါ်ယူခြင်းသည် လုပ်ငန်းပိုင်း အဆင်ပြေ မှုနှင့် လုံခြုံစိတ်ချရမှုအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသကဲ့သို့ အိမ်ဖော်များ ဘက်တွင်လည်း အိမ်ရှင်များ၏ မတရားဖိနှိပ်စေခိုင်းမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ခံနေရသူများလည်း ဒုနဲ့ဒေးရှိနေသည်။

“အိမ်ရှင်ကတော့ စိတ်မချလို့ အလုပ်သွားရင် အိမ်ဖော်ကိုပါ အိမ်ထဲ ထည့် သော့ခတ် သွားတာမျိုးတွေများတယ်။ ကိုယ့်အတွက် စိတ်ချရတယ် ဆိုပေမယ့် အိမ်ဖော်ဘက်ကတော့ အရမ်းအန္တရာယ်များတယ်။ တစ်ခုခု အန္တရာယ်ဖြစ်ပြီဆို ပြေးပေါက်မရှိဘူး။ ပိတ်မိနေတာမျိုး။ ပြင်ပ အကူအညီ တောင်းမရတာမျိုးတွေ ဖြစ်တတ်တယ်။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်က သရုပ်ဆောင်တစ်ယောက်က အိမ်ဖော်ကို နှိပ်စက် လို့ သေသွားမှသာ ဘယ်လိုဖိနှိပ်ထားခဲ့တာ၊ ဘယ်လိုနှိပ်စက်တယ် ဆိုတာတွေ ပေါ်လာတာ။ လူမသိသူမသိ ခံနေရတဲ့ အိမ်ဖော်တွေလည်း ဘယ်လောက်များနေပြီလဲမသိပါဘူး” ဟု အလုပ်သမားများ အခွင့်အရေး ဆောင်ရွက်သူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းအိမ်အကူအလုပ်သည် နားလည်မှုများဖြင့် အစဉ်အလာအရ လုပ်ဆောင်လာခဲ့ကြသည့် လုပ်ငန်းဖြစ်သည့်အတွက် ဖိနှိပ်ခံရမှုများ၊ အခွင့်အရေး ဆုံးရှုံးမှုများတွင် ဥပဒေ၏အကာအကွယ် မရရှိသည့် အိမ်အကူ အတော်များများလည်း ရှိနေသည်ဟု တရားရုံးချုပ်ရှေ့နေတစ်ဦးက ဆိုသည်။

“ကြီးကြီးမားမား ပြဿနာတွေ ဖြစ်လာပြီဆိုမှသာ ရုံးရောက်လာတတ် ကြတာပါ။ အမှန်တော့ ဒီအိမ်ဖော်လုပ်ငန်းတို့ ကလေးလုပ်သားတို့ ဆိုတာကလည်း အလုပ်သမားဝန်ကြီးဌာန လက်အောက်ကနေ ဥပဒေနဲ့အညီ တရားဝင် လုပ်ကိုင်သင့်တဲ့ လုပ်ငန်းတစ်ခုပါပဲ။ ဒါပေမဲ့ ဒီမှာတော့ အဲဒီလို ဖြစ် မလာသေးပါဘူး” ဟု အဆိုပါ တရားရုံးချုပ်ရှေ့နေက ဆက်လက် ပြောကြားသည်။

ပြည်ပနိုင်ငံများတွင် အိမ်အကူ အမျိုးသမီးများအတွက် လုံခြုံစိတ်ချရသည့် လုပ်ငန်းခွင်ဖြစ်စေရန် ဥပဒေတစ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် သီးသန့်ပြဋ္ဌာန်း ထားသော်လည်း မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ ဥပဒေမျိုး မပေါ်ပေါက်သေးပေ။

“ဒီမှာကတော့ အိမ်ဖော်တွေ နှိပ် စက်ခံရလို့ လာတိုင်တာရှိရင် နာကျင်စေမှု ဥပဒေတွေနဲ့ပဲ အရေးယူမှုတွေ လုပ်တယ်။ အိမ်ဖော်တွေအတွက် သီးသန့်ပြဋ္ဌာန်း ထားတဲ့ ဥပဒေမရှိဘူး၊ ဒါပေမဲ့ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေမှာတော့ အိမ်အကူအတွက် သီးသန့် မဟုတ်သော်လည်း အလုပ်သမားတွေ အားလုံး အကျုံးဝင်ပါတယ်။ အဲဒီ ဥပဒေထဲက အင်္ဂါရပ်တွေဖြစ်တဲ့ ဖြားယောင်း သွေးဆောင်မယ်၊ လိမ်လည် လှည့်ဖြားမယ်၊ ခြိမ်းခြောက်မယ်၊ အင်အားသုံးမယ်၊ ခေါင်းပုံဖြတ်မယ် ဆိုရင် လူကုန်ကူးမှုဥပဒေနဲ့ အရေးယူ ဆောင်ရွက်နိုင်ပါတယ်။ ပြစ်မှုမြောက် တယ် ဆိုရင်တော့ လူကုန်ကူးမှု ဥပဒေအရ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်က အများဆုံး တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ပါတယ်၊ အိမ်ဖော်တွေ လစာကြိုယူပြီး ပြန်သွားတာမျိုးဆိုရင် လိမ်လည်မှုနဲ့ပဲ အရေးယူလို့ရပါတယ်။ ဒါတောင် လာတိုင်တဲ့အခါမှပါ” ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

နိုင်ငံတကာသို့မြန်မာအိမ်အကူပို့လျှင် မြန်မာနိုင်ငံအလုပ်သမား ဦးစီး ဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရသော်လည်း ပြည်တွင်းအိမ်အကူဝန်ထမ်း ငှားရမ်းခြင်းအတွက် အစိုးရဘက်က ကြားဝင်ဆောင်ရွက် ထိန်းချုပ်မှုမှု တစ်စုံတစ်ရာ မရှိကြောင်း အလုပ်ရှင်အလုပ်သမားဥပဒေနှင့်သာ ဆိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ဒုဦးစီး ဦးအောင်ဇော်မိုး က ပြော သည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများလုပ်ငန်းခွင် ဝင်လာနှုန်းမြင့်တက်လာ သည့်နှင့် အမျှ အိမ်အကူလုပ်ငန်းသည် လည်း ပိုမိုတွင်ကျယ် လာပေလိမ့်မည်။ အိမ်အကူပင်ဖြစ်စေ အိပ်ရှင်ပင်ဖြစ်စေ နှစ်ဦးနှစ်ဖက် မလိုလားအပ်သည့် မတရားမှုများ မပေါ်ပေါက်စေရေးအတွက် တိကျသေချာ သည့် ပြဋ္ဌာန်းချက်လိုအပ်နေပြီဖြစ်သည်။ အလုပ်ရှင်နှင့် အလုပ်သမား ဥပဒေဖြင့်သာ သတ်မှတ်မည်ဆိုပါကလည်း အိမ်အကူများ အလုပ်သမား အခွင့်အရေး ပြည့်ပြည့်၀၀ရရှိနိုင်ရေးကို စဉ်းစားပေးရတော့မည်ဖြစ်သည်။

ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
ပြည်တွင်း အိမ်အကူတို့၏ မနက်ဖြန်  ပြည်တွင်း အိမ်အကူတို့၏ မနက်ဖြန် Reviewed by THITHTOOLWIN on 14:52 Rating: 5
Powered by Blogger.