ဆင်းရဲတဲ့ မွတ်စလင်တွေကို ဗုဒ္ဓရဟန်းက ကျွေးမွေး

မွတ်စလင်တချို့ ဖျက်ဆီးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗုဒ္ဓဘာသာ ဘုရားဝန်း (Credit: ABC) 
မွတ်စလင်တွေရဲ့ ​ရာမာဒန် ​ဥပုတ်ကာလအတွင်း ​ဘင်္ဂလားဒေ့ရှ်နိုင်ငံက ​ဗုဒ္ဓဘာသာကျောင်းတစ်ကျောင်းက ​ဆင်းရဲသား ​မွတ်စလင်တွေကို ​ကျွေးမွေးစောင့်ရှောက်မှု ​လုပ်နေတယ်လို့ ​သိရပါတယ်။

ဘာသာကွဲပြားသူတွေအကြား ​ချစ်ခင်မှု ​ပြသတဲ့အနေနဲ့ ​လုပ်ဆောင်နေတာ ​ဖြစ်ပါတယ်။

နေဝင်ချိန်ရောက်မှ ​ဥပုတ်ချိုးခွင့်ရတဲ့ ​မွတ်စလင်တွေကို ​ဗုဒ္ဓဘာသာ ​ကျောင်းမှာ ​အစားအသောက်ခေါ်ကျွေးတာဖြစ်ပြီး ​အဲဒီလို ​ဓာတ်ပုံတွေ ​တင်ပြီးတဲ့နောက် ​လူသိများသွားတာ ​ဖြစ်ပါတယ်။

အဲဒီဘုန်းကြီးကျောင်းကို ​အေအက်ဖ်ပီက ​သွားရောက် ​လေ့လာတဲ့အခါမှာတော့ ​တနင်္လာနေ့ညတုန်းက ​မွတ်စလင် ​အယောက်ပေါင်း ​၃၀၀ ​လောက် ​ဘုန်းကြီးကျောင်း ​ဂိတ်ဝမှာ ​စောင့်ဆိုင်းနေကြတာကို ​တွေ့ခဲ့ရတယ်လို့ ​ဆိုပါတယ်။

အဲဒီ ​ဘုန်းကြီးကျောင်းမှာ ​အစားအသောက် ​သွားယူခဲ့တဲ့ ​အသက် ​၇၀ ​အရွယ် ​မွတ်စလင် ​အမျိုးသမီးကလည်း ​ဒီနေရာမှာ ​ချစ်ခြင်း ​မေတ္တာ ​အပြည့်အဝနဲ့ ​စီစဉ်ထားတဲ့ ​အစားအသောက်ကို ​စားရတဲ့အတွက် ​အတော်ဝေးတဲ့ ​ခရီးကို ​လမ်းလျှောက်ပြီး ​လာတာလို့ ​ပြောပြခဲ့ပါတယ်။

အစားအသောက်ဝေငှ ​နေတုန်း ​ပြဿနာတွေ ​မဖြစ်အောင် ​စောင့်ရှောက်ပေးတဲ့ ​ရဲအရာရှိတစ်ဦးကလည်း ​ဒီလုပ်ရပ်ဟာ ​ဘာသာခြားတွေအကြား ​ချစ်ခြင်းကို ​ပြသတဲ့ ​ဥပမာကောင်းဖြစ်ပြီး ​လူမျိုး ​ဘာသာ ​မခွဲခြားပဲ ​တဲ့လုပ်ရပ် ​ဖြစ်တယ်လို့ ​ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ​လူဦးရေ ​သန်းပေါင်း ​၁၉၀ ​ရှိတဲ့အထဲက ​၉၀% ​ဟာ ​မွတ်စလင်တွေ ​ဖြစ်ပြီး ​ရခိုင်ပြည်နယ်နဲ့ ​ထိစပ်နေတဲ့ ​နယ်စပ်အနားမှာသာ ​ဗုဒ္ဓဘာသာဝင် ​အနည်းစု ​ရှိပါတယ်။

Dharmarajika ​ဗုဒ္ဓဘာသာဘုရားကျောင်းရဲ့ ​လုပ်ရပ်ကို ​ဘင်္ဂလားဒေ့ရှ်နိုင်ငံက ​မွတ်စလင်တွေကလည်း ​ကျေးဇူးတင်ကြောင်း ​လူမှုကွန်ယက်ကနေ ​ပြောဆိုနေကြပါတယ်။

၂၀၁၂ ​ခုနှစ်တုန်းကတော့ ​ကိုရမ်ကျမ်းစာကို ​ဗုဒ္ဓဘာသာဝင်တွေ ​မဖွယ်မရာ ​လုပ်တယ်ဆိုပြီး ​မွတ်စလင်တချို့က ​ဗုဒ္ဓဘာသာကျောင်းဝင်းကို ​တိုက်ခိုက်မှုတွေ ​ဖြစ်ပေါ်ခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဆင်းရဲတဲ့ မွတ်စလင်တွေကို ဗုဒ္ဓရဟန်းက ကျွေးမွေး ဆင်းရဲတဲ့ မွတ်စလင်တွေကို ဗုဒ္ဓရဟန်းက ကျွေးမွေး Reviewed by သစ်ထူးလွင် on 15:59 Rating: 5
Powered by Blogger.