မှုန်ရီဝိုးတဝါး NCA လား (ဆောင်းပါး)


ဂျွန်လ ၁၃ ရက် ၂၀၁၅

အားလုံး စောင့်ကြည့်နေသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ် (NCA)ကို ၂၀၁၅ နှစ်လယ်အတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကြား လက်မှတ်ရေးထိုးခြင်း မျှော်လင့်ချက်သည် လော်ခီးလာ တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးအပြီးဝယ် ယဲ့ယဲ့လေးသာ ကျန်တော့၏။ မျှော်မှန်းချက်သည် မပီပြင်တော့၊ ခပ်ရေးရေး မှုန်ရီဝိုးတဝါး ဖြစ်နေပြီးလားဟု မေးခွန်းထုတ်ရန်သာ ရှိ၏ ။

NCA အတည်ပြုမူကြမ်းကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ၂၀၁၅ခုနှစ် မတ်လ (၃၁)ရက်နေ့ တွင် ကနဦး လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း တိုင်းရင်းသားများဘက်တွင် အပြီး သတ် အတည်ပြုနိုင်ရေး သည် တိုင်းရင်းသား ထိပ်းသီးခေါင်းဆောင်များ အပေါ်တွင် သာ မူတည်၏။ သည့်အတွက် ပန်ဆန်းညီလာ ခံနှင့် လော်ခီးလာ ထိပ်သီးအစည်းအဝးတို့ကို ဆက်တိုက် ခေါ်ယူကျင်းပခဲ့၏။

တကယ်တမ်းကျင်းပသည့်အခါ ပန်ဆန်းညီလာခံက မှန်းချက်နှင့် နှမ်း ထွက်မကိုက် ဖြစ်ခဲ့ကြောင်း ကြားသိ ရ၏။

အကြောင်းကတော့ အဖွဲ့အစည်းတချို့က ကိုယ်လိုရာကို ဆွဲပြီး လုပ်သည့် ညီလာခံသာသာလောက်ပဲ ဖြစ်သဖြင့် NCAနှင့် ပတ်သက်တာတွေ ဘာမှ မည်မည်ရရ မဆွေးနွေးရကြောင်း၊ ဒီကြားထဲ နိုင်ငံရေး ဦးဆောင်မှုကိုပါ အားမနာပ တောင်းဆိုသဖြင့် နိုင်ငံရေး အစဉ်အလာကြီးမားသည့် တိုင်းရင်းသားများအကြား အုတ်အော်သောင်းနင်း ဖြစ်သွားကြ၏။ ပါးစပ်အဟောင်းသားဖြစ်ခဲ့ရ၏။

ဒိပြင်မက ပြည်နယ်ရရှိရေးအတွက် ဝိုင်းဝန်းထောက်ခံရန် အဆိုပြုသဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားများ ကသိကအောက် ပင့်သက်ရှိုက်ခဲ့ရသည်ဟု ဆို၏။ တိုင်းရင်းသားအဖွဲ့အစည်း (၁၂)ဖွဲ့သာ ဖိတ်ပြီး မျက်နှာကြီးရာ ဟင်းဖတ်ပါ လုပ်သဖြင့် ညီလာခံ တက်ရောက်ရေး ဖိတ်ကြားခြင်းမခံရသည့် NCCT အဖွဲ့ဝင် တိုင်းရင်းသားအဖွဲ့ငယ်များ အောင့်သက်သက်နှင့် မအီ မသာ ဖြစ်ကြရ၏။ ချုပ်ပြီးဆိုရသော် ပန်ဆန်းညီလာခံသည် NCAနှင့် အထူးတလည် ပတ်သက်ဆက်စပ်မှုသိပ်မရှိလှဟု ထင်ရ၏။

NCCTက ကမကထပြု ဦးစီးကျင်းပသည့် NCAကို အပြီးသတ် အတည်ပြုနိုင်ရေး အဖို့ တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို KNU ဗဟိုဌာနချုပ် လော်ခီး လာစခန်းတွင် ၂၀၁၅ခုနှစ် ဇွန်လ (၂)မှ (၉)ရက်နေ့ အထိ ရှစ်ရက်တိုင်တိုင် ကျင်းပခဲ့ကြောင်း သိရ၏။ တိုင်းရင်းသား အဖွဲ့အစည်း (၁၇)ဖွဲ့၏ ကိုယ်စားလှယ်များ၊ NCCT အဖွဲ့ဝင်များ၊ လေ့လာ သူများ၊ အထူး ဖိတ်ကြားထားသူများ စုစု ပေါင်း (၁၉၀)ဦး တက်ရောက်ပြီး အင်အားကြီး တိုင်းရင်းသား အဖွဲ့အစည်းတွေဖြစ်သည့် UWSA / NDAA /RCSS သုံးဖွဲ့ တို့မတက်ရောက်ခဲ့ခြင်းသည် ထူးခြားမှုကြီး ဖြစ်သွားခဲ့၏။ UWSAက ငြိမ်း ချမ်းရေးယူသည့် (၂၆)နှစ်အတွင်း အစိုးရ တပ်မတော်နှင့် ထိတွေ့ခြင်း မရှိသဖြင့် သူ့အဖို့ NCAသည် မလိုအပ်လို့ အစည်းအဝေး မတက်ေ ကြာင်း လေ သံဟ၏။ NDAA (မိုင်းလား)သည်လည်း ထိုနည်းအတိုင်း ဆက်လျှောက်၏။ RCSS ကတော့ ပြီးခဲ့သည့် ပြည်ထောင်စုနေ့တွင် လက်မှတ်ထိုးခဲ့သည့် DOCကို ဆုပ်ကိုင်ထားဟန်တူ၏။ အစည်းအဝေး တက်ရောက်တာမတွေ့ရ။

NCA အတည်ပြုမူကြမ်း လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အစိုးရ၏ သဘော ထားကို တချက်ငဲ့ကြည့်သင့်၏။ အစိုးရပြောသည်မှာ ၄င်းတို့အနေဖြင့် NCAကို ထပ်ပြင်ဆင်ဖြည့်စွက်ရန် အကြောင်းမရှိ၊ တိုင်းရင်းသားထိပ်သီးေ ခါင်း ဆောင်များအတည်ပြုချက်ကိုသာ စောင့်ဆိုင်းနေခြင်းဖြစ်၏။ ထိုးဖို့ အဆင့်သင့်ဖြစ်ကြောင်းဆို၏။ တပ်မတော်ဘက် က တိုက်ပွဲများ ဖြစ်ပွါးနေ သည့် AA/ MNDAA /TNLA တို့အား NCAတွင် ပါဝင်လက်မှတ်ခြင်းကို ယတိပြတ်ငြင်းဆို ထား၏။ အစိုးရက သူ့သဘောထားကို ယင်းကဲ့ သို့ ပြတ်ပြတ်သားသား ပြောထား၏။

ယခု လော်ခီးလာ ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်နှင့် ရလဒ်များကို သုံး သပ်ဆန်းစစ်ကြည့်သင့်သည် ထင်၏။၊ အစိုးရ သဘောထား ရပ်တည် ချက်နှင့် မည်ရွေ့မည်မျှ ကိုက်ညီမှု ရှိသနည်း။ ထပ်တူထပ်မျှဖြစ်သလား၊ သို့တည်း မဟုတ် ပြဒါးတလမ်း သံတလမ်း ဖြစ်နေသလား။ အစည်းအဝေး ထုတ်ပြန်ေ ကြ ညာချက်အရ NCA အတည်ပြုမူကြမ်းကို အစည်းအဝေးသို့ တက်ေ ရာက်လာကြသော ထိပ်သီးခေါင်းဆောင်များက အကြေအ လည် ဝေဖန် သုံးသပ် ဆွေးနွေးခဲ့ကြပြီး ပြင်ဆင်ဖြည့် စွက်ချက်များနှင့်အတူ ထပ်မံ အတည်ပြုနိုင်ခဲ့ပါသည် ဟုဆိုထား၏။ အစိုးရက ဆိုထားသည့် ပြင်ဆင်စရာ မရှိပါ ဆိုသည်နှင့် လုံးလုံးလျားလျား တလမ်းမောင်းဖြစ်ခဲ့၏။ ယင်းကို မည်ကဲ့သို့ ကိုင်တွယ် ဖြေရှင်းမည်နည်း။ မဖြေရှင်းနိုင်လျှင် NCAကို ဒီနှစ်လယ်အတွင်း ထိုးနိုင်ဖို့အရေးသည် နွေလယ်အိပ်မက်ပမာသာ ဖြစ်မည် ကို စိုးထင့်ရချည်ရဲ့။

လော်ခီးလာ အစည်းအဝေးက တိုင်းရင်းသားအဖွဲ့အစည်းအားလုံးပါမှ NCAကို ထိုးမည်ဆိုသဖြင့် တပ်မတော် ပြောသကဲ့သို့ AA /MNDAA /TNLA တို့အား ဖယ်ထားမည်ဆိုသည်နှင့် ကွဲလွဲနေပြန်၏။ ၄င်းသည်လည်း NCA အဆောတလျင် လက်မှတ်ထိုးနိုင်ရေးကို ပိတ်ဆို့ထားသလို ဖြစ်နေပြန်၏။ ဘယ်နည်းလမ်းသုံး ဖြေရှင်းကြမည်နည်း၊ အားလုံးက သိချင်ကြ၏။

အချိန်ကာလအနေဖြင့် ရွေးကောက်ပွဲအကြိုကာလမှာဖြစ်စေ၊ ရွေးကောက်ပွဲလွန်ကာလမှာဖြစ်စေ NCAကို ဘယ်အချိန် မှာပဲထိုးထိုး အချိန်က အရေးမကြီး၊ လက်မှတ်ရေးထိုးခြင်းသည်သာ အရေးကြီးဟု တိုင်းရင်းများဘက်က ဆိုပြန်သဖြင့် အစိုးရ ဖြစ်ချင်သည်နှင့် ပြောင်းပြန်ဖြစ်၏။

အစိုးရက ရွေးကောက်ပွဲ မတိုင်မီ လုပ်ချင်၏။ ယင်းကိုရော နှစ်ဘက်စလုံး မည်သို့မည်ပုံ ညှိနှိုင်းကြမည်နည်းဟု အားလုံးက မျက်စိဒေါက်ထောက် ကြည့်နေကြ၏။

လော်ခီးလာ ထိပ်းသီးအစည်းအဝေးမှ အဖွဲ့ဝင် (၁၅)ဦးပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်း ပေးပြီး သူ့လုပ်ငန်းတာဝန်များ ပြီးဆုံးပြီးဖြစ်၍ NCCTကို ဖျက်သိမ်းကြောင်းသိရ၏။ အဆိုပါ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့၏ တာဝန်မှာ NCAအတည်ပြုမူကြမ်းတွင် တိုင်းရင်းသားများ ထပ်မံပြင်ဆင်ဖြည့်စွက်သည့် အချက် (၁၅)ချက်နှင့် ပတ်သက်ပြီး အစိုးရ၏ UPWCနှင့် တွေ့ဆုံညှိနှိုင်းရေး ဖြစ်ကြောင်း သိရ၏။ နှစ်ဦးနှစ်ဘက် ကိုယ်စားလှယ်တွေ ဘယ်ပုံဘယ်နည်း ရှေ့ဆက်စခန်းသွားကြမည် ဆိုသည်ကိုတော့ အချိန်ယူစောင့်ကြည့်ရမည်သာ ဖြစ်၏။

အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် တိုင်းရင်း သား ခေါင်းဆောင်များ စာရင်းကို ကြည့်လိုက် တော့ အဖွဲ့ခေါင်းဆောင်က KNU ဒုဥက္တဌဖြစ်သည့် ဖဒိုနော်စီဖိုးရာစိန်၊ ဒုအဖွဲ့ခေါင်းဆောင်(၁)က KIO၏ အတွင်းရေး မှူး ဒေါက်တာလဂျာ၊ ဒုအဖွဲ့ခေါင်းဆောင် (၂)က CNF အတွင်းေ ရး မှူး ပူးဇင်ကျုံး၊ အဖွဲ့ဝင်တွေကြတော့ NCCT အဖွဲ့ ဝင်ဟောင်းတွေဖြစ်ကြ သည့် မွန်ပြည်သစ်ပါတီက နိုင်ဟံသာ၊ KIOက ဗိုလ်ချုပ်ဂွမ်မော်၊ KNUက ဖဒိုကွယ်ထူးဝင်း၊ PNLOက ဗိုလ်မှူးကြီး ခွန်ဥက္တာနဲ့ ခွန်မြင့်ထွန်း စသည့် တိုင်းရင်းသားထိပ်သီး ခေါင်းဆောင်တွေ ပါဝင်တာ တွေ့ရ၏။

ထူးဆန်းတာက KNPPနဲ့ သျှမ်းအဖွဲ့အစည်းတွေက ကိုယ်စားလှယ် အမည်စာရင်း မပေးနိုင်သေးတာပဲ ဖြစ်၏။ သျှမ်းအဖွဲ့စည်းတွေအတွက် SSPP ကိုယ်စားလှယ် တစ်ဦးအပြင် နောက်ထပ်သျှမ်းအဖွဲ့(အမည်ညွှန်းမထား) ကိုလည်း ကိုယ်စားလှယ် တစ်ဦးပေးထားတာ တွေ့ရ၏။ ယင်းသည်လည်း ထူးခြားမှုတစ်ခုဖြစ်ပြန်၏။

အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင်တွေဖြစ်ကြသည့် ဖဒိုနော်စီဖိုးရာစိန်နှင့် ဒေါက်တာ လဂျာတို့ကို နိုင်ငံရေးသုံးသပ်သူများက တိုင်းရင်း သားတို့၏ hardliner ခပ်မာမာနိုင်ငံရေး သမားတွေဖြစ်ကြောင်း သိထားကြ၏။ UPWC က ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် ဥိးသိန်းဇော် တို့ကိုလည်း အစိုးရ၏။ hardliner များအဖြစ် အများက တင်စားကြ၏။ ယင်းကဲ့သို့ hardlinerများ အချင်းချင်း တွေ့ဆုံဆွေးနွေး ညှိနှိုင်း ဆွေးနွေး ပွဲကြီး မှ NCAအဖို့ မည်သည့်ရလဒ်များ ထွက်ပေါ်လာမည်ကို အားလုံးက လည်တဆံ့ဆံ့ စောင့်မျှော်နေကြောင်း ကြားသိရ၏။ အားလုံးအတွက် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်စေသည့် သဘောတူညီချက်၊ လူထုအကျိုး၊ တိုင်းပြည်အကျိုး ရှေ့ရှုသည့် ရလဒ်ကောင်းများ ရပါစေကြောင်း ဆုတောင်းပေးသည့် သူများလည်း ဒုနဲ့ဒေးဟု ဆို၏။

သို့ကြောင့်မို့ NCA လက်မှတ်ထိုးနိုင်ရေး မထိုးနိုင်ရေးသည် တိုင်းရင်းသားတို့၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စား အဖွဲ့အပေါ် ကြီးကြီးမားမား တည်မီနေ၏။ အစိုးရက ထပ်မဖြည့်တော့ဟုဆိုထားသည့်ကို အချက် (၁၅)ချက် ထပ်မံ ဖြည့်စွက်နိုင်ရေး အစိုးရ လက်ခံလာအောင် မည်သို့ ညှိကြမည်နည်း၊ တပ်မတော်က အသိအမှတ်မပြုသည့် တိုင်းရင်း သား အဖွဲ့အစည်း (၃)ဖွဲ့အား ပါဝင်လက်မှတ်ရေးထိုးနိုင်အောင် တပ်မတော်ကို မည်သည့်နည်းလမ်းဖြင့် ဆွဲဆောင် စည်းရုံးဖြောင်းဖြနိုင်မည်နည်း ဆိုသည်ကို အားလုံးက ရင်တထိတ်ထိတ်နှင့် နိုင်ငံခြား သဲထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကား ကြည့်ရသကဲ့သို့ ရင်တုန်ပန်းတုန် ဖြစ်နေကြောင်း သိရ၏။

အစိုးရ၏ UPWC ဘက်ကရော တိုင်းရင်းသားတွေ တောင်းဆိုတာတွေကို မည်မျှအထိ အလျှော့အတင်း လုပ်ပေး နိုင်မည်နည်း၊ NCAကို လက်မှတ်မ ထိုးနိုင် လျှင် နိုင်ငံရေးဖြစ်စဉ် နောက်တစ်ဆင့်သည့် နိုင်ငံရေးမူေ ဘာင်ေ ဆွးနွေး ပွဲတို့၊ နိုင်ငံ ရေးနွေးပွဲတို့ ဆက်ကျင်းပပြုလုပ်ဖို့ရာ လမ်းပိတ်သွား တာဖြစ်လို့ ဘယ်လို နိုင်ငံရေး ခရီးမျိုး နဲ့ သူရှေ့ဆက်ချီတက်မည်နည်း ဆိုသည်ကို ပြည်တွင်းရော ပြည်ပကပါ စောင့်ကြည့်နေကြ၏။ NCA မအောင်ြ မင် လျှင် အစိုးရ၏ Plan Bကရော ဘာဖြစ်မလဲဟု အားလုံ့းစိတ်ဝင်တစား နားစွင့် မျက်စိဖွင့် စောင့်နေ၏။

ငြိမ်းချမ်းရေးပျက်သုဉ်းခြင်း၏တရားခံကို ဘယ်ဘက်ကိုမှ မဖြစ်စေချင်ဟု အားလုံးက သဘောရ၏။ မဖြစ်ရအောင် မည်ကဲ့သို့ ဆောင်ရွက်မည်ကိုတော့ တိုင်းရင်းသားတို့၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စား အဖွဲ့နှင့် UPWCတို့ အကြား အကြေအလည် အကြိတ်အနယ် ညှိနှိုင်းရမည်သာ ဖြစ်၏။

မှုန်ရီဝိုးတဝါး NCA လား အမေးအပြာမခံရလေအောင် နှစ်ဘက်စလုံး အားကြိုးမာန်တက် ဆောင်ရွက်စေလိုသည်မှာ အားလုံး၏ နှလုံးသားမှ စီးဆင်းလာသည့် စိတ်စေတနာများ ဖြစ်ကြ၏။ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံး၏ ငြိမ်းချမ်းရေး မျှော်လင့်ချက်ဖြစ်သော ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးက စည်းလုံးညီညွှတ် စွာဖြင့် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည့် လော်ခီးလာ ထိပ်သီးအစည်းအဝေး ထုတ်ပြန်ကြေညာချက်နှင့်အညီ တသွေမသိမ်း တက်ညီလက်ညီ ဆောင်ရွက်သွာကြပါရန် ပင်လုံစာချုပ်အား သက်သေတည်၍ လေးလေးနက်နက် တိုက်တွန်းပါ၏။

စစ်မင်း
၂၀၁၅ခုနှစ်၊ ဇွန်လ(၉)ရက်
ခေတ္တ လော်ခီးလာ
ကရင်ပြည်နယ်
Panglong(Burmese)
https://www.facebook.com/Panglong.burmese
မှုန်ရီဝိုးတဝါး NCA လား (ဆောင်းပါး)  မှုန်ရီဝိုးတဝါး NCA လား (ဆောင်းပါး) Reviewed by သစ်ထူးလွင် on 15:24 Rating: 5
Powered by Blogger.