ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ အာဏာရှိနေဆဲဟု Larry Jagan သုံးသပ်


 အငြိမ်းစား ယူထားပြီး ဖြစ်သော ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည် အာဏာရှိနေဆဲ ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူ Larry Jagan က သုံးသပ်လိုက်သည်။

 “၂၀၁၀ အပြီး ငါးနှစ်လုံးလုံးမှာ ဦးသန်းရွှေ အာဏာရှိ ၊ မရှိဆိုတာကို တော်တော်ကြီးကို ကြိုးစားပမ်းစား စူးစမ်းခဲ့တယ်။  ကျွန်တော် တွေ့တာကတော့ လက်ရှိအချိန်ထိ လုံးဝ ပတ်သက်နေတုန်းပဲ။ တိုက်ရိုက် ပြဿနာတွေမှာ ဟိုဟာလုပ်၊ ဒီဟာလုပ်လို့ ပြောတာ မဟုတ်ဘူး။ လင်းနို့ လူသားလိုပဲ အပေါ်မှာပဲ ၀ဲနေတာ။ အားလုံးက တစ်ခုခု လုပ်မယ်ဆို မော့ကြည့်ရတယ်” ဟု Larry Jagan က ပြောသည်။

 ဦးခင်ညွန့် အနေဖြင့် တစ်ချိန်က ဒေါ်စုကို တိုက်ခိုက်ရန် အတွက် ဦးသန်းရွှေက တိုက်ရိုက် အမိန့် ပေးခဲ့သည်ဟု ဖြေကြားခဲ့ကြောင်း၊ သို့သော် မဖြစ်နိုင်ကြောင်း၊ မကြာခင်က ကျင်းပခဲ့သော ကြံ့ခိုင်ဖွံ့ဖြိုး ဗဟို ကော်မတီ အစည်းအဝေး တွင်လည်း ဦးရွှေမန်း၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ်တို့ သုံးဦးပေါင်းပြီး အဖြေတစ်ခု ရှာရန် ဦးသန်းရွှေက မက်ဆေ့ခ်ျ တစ်ခုပေးခဲ့ပြီး ပါတီ အကွဲမခံနိုင်ဟု ပြောခဲ့ကြောင်း Larry Jagan က ဆိုသည်။

 ယခင် န.၀.တ အစိုးရ လက်ထက်တွင် ၀န်ကြီး တာဝန်ယူခဲ့သူ တစ်ဦး၏ ပြောကြားချက် အရ ဦးသန်းရွှေသည် ဖုန်းဖြင့် မပြောဘဲ တိုက်ရိုက်သာ ပြောလေ့ရှိကြောင်း Larry Jagan က ဆိုသည်။

 “ဗိုလ်နေ၀င်းက ၈၈ မှာ ဗိုလ်ချုပ်ကြီး စောမောင်ကို အာဏာ လွှဲပြီးတဲ့ နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီး စောမောင်ကို မနက်တိုင်း သွားပြီး လက်ဖက်ရည် သောက်ရင်း သြ၀ါဒ ခံယူရတယ်။ ဒါက ဗိုလ်ချုပ်ကြီး စောမောင် ကိုယ်တိုင် ၀န်ခံခဲ့တယ်။ အခုလည်းပဲ Larry Jagan က သုံးသပ်တာ မှားတယ်လို့ ပြောဖို့ အထောက်အထား မရှိသေးဘူး” ဟု တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က The Messenger Media သို့ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည် မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုနှင့် အာဏာ ရှိနေဆဲ ဖြစ်သည် ဟူသော ဝေဖန်ချက်များသည် အစိုးရနှင့် ပတ်သက် သူများကမူ ငြင်းဆိုမှုများ ရှိသည်။

 ၎င်းသည် ပြည်သူလူထု စိတ်ဝင်စားခြင်း ခံနေရသူ ဖြစ်ပြီး ၎င်း၏ ကျန်းမာရေး အခြေအနေမှာ မကြာခဏ ကောလဟလများ ထွက်လျက် ရှိသည်။ ဦးသန်းရွှေသည် နေပြည်တော်တွင် နေထိုင်လျက် ရှိကြောင်း သိရသည်။

တေဇာဘုန်းမြင့်
The Messenger Media
http://www.messengerdaily.com/
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ အာဏာရှိနေဆဲဟု Larry Jagan သုံးသပ်  ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ အာဏာရှိနေဆဲဟု Larry Jagan သုံးသပ် Reviewed by သစ်ထူးလွင် on 07:02 Rating: 5
Powered by Blogger.