ရွေးကောက်ပွဲအလွန်ထိ အရာရာ ချောမွေ့ဖို့ အရေးကြီး

NLD ရဲ့ ၂ ရက်ကြာ ဗဟိုကော်မတီ အစည်းအဝေးအပြီး ဇွန်လ ၂၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ရစဉ် Photo:Kyaw Zaw Win/RFA
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ချောချောမွေ့မွေ့ ဖြစ်ရေးနဲ့ ရွေးကောက်ပွဲအလွန်မှာ လည်း ချောချောမွေ့မွေ့ဖြစ်ရေးဟာ ဒီနှစ်အတွက် အရေးကြီး ဆုံးကိစ္စဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂ ရက်ကြာ ဗဟိုကော်မတီအစည်းအဝေးအပြီး ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမတိုင် ခင်မှာ ပါတီဝင်တွေကို ပြောကြားတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

"၂၇ နှစ်ကာလတလျှောက်လုံးမှာ အခက်အခဲတွေနဲ့ ကျမတို့ရင်ဆိုင်ခဲ့ရတာပါ၊ ဒီအခက်အခဲတွေ စိန်ခေါ်မှုတွေ ကို ပြည်သူလူထုရဲ့ ထောက်ခံတန်ဖိုးထားမှုတွေနဲ့ ကျမတို့ ကျော်လွှားခဲ့ရပါတယ်၊ ဒီအတိုင်းပဲဆက်ပြီးတော့ ကျမတို့ ကျော်လွှားသွားရမှာ ဖြစ်ပါတယ်၊ အခုအချိန်မှာဆိုလို့ရှိရင် နိုင်ငံအတွင်းမှာ ဘယ်ကိစ္စတွေက သာမည ဘယ်ကိစ္စတွေက အဓိကဆိုတာဟာ ကျမတို့အားလုံးခွဲခြားမြင်ဖို့ဟာ အရေးကြီးပါတယ်၊ ဒီနှစ်မှာ တကယ် အဓိကကျတဲ့ကိစ္စကြီးကတော့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲများ ချောချောမွေ့မွေ့ ဖြစ်မြောက်ရေးနဲ့ ရွေးကောက်ပွဲအလွန်မှာ အားလုံးချောချောမွေ့မွေ့ ဆက်ပြီးတော့ဖြစ်ရေး ပဲဖြစ်ပါတယ်"

ရွေးကောက်ပွဲအောင်နိုင်ရေးဟာ အန်အယ်လ်ဒီပါတီအတွက် မဟုတ်ဘဲ ဒီမိုကရေစီ အောင်နိုင်ရေးအတွက် ဖြစ် တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ် အသတ်နိုင်ဖို့ လိုအပ်ကြောင်းလည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် အဖွဲ့ချုပ်ဝင်တွေအနေနဲ့ ပြည်သူတွေနဲ့ တသားတည်းရှိနေဖို့နဲ့ ခံရမယ့်အချိန်မှာ ရှေ့ကနေခံကြဖို့နဲ့ စံရမယ့်အချိန်မှာ အနောက်ကသာနေကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရွေးကောက်ပွဲအလွန်ထိ အရာရာ ချောမွေ့ဖို့ အရေးကြီး  ရွေးကောက်ပွဲအလွန်ထိ အရာရာ ချောမွေ့ဖို့ အရေးကြီး Reviewed by သစ်ထူးလွင် on 22:02 Rating: 5
Powered by Blogger.