တပ်မတော်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားသည့် ကိုပါကြီး မဲပေးခွင့်ရပြီး သက်ရှိထင်ရှားရှိသည့် ဇနီးဖြစ်သူ မသန္တာ မဲစာရင်းတွင် မပါသေး


အလုံမြို့နယ်မဲစာရင်းတွင် တပ်မတော်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားသည့် ကိုပါကြီး မဲစာရင်းပါနေပြီး ဇနီးဖြစ်သူ မသန္တာမဲစာရင်းမှာ မပါသေးသည့် အတွက် ပြန်လည် လျှောက်ထားမည်ဖြစ် ကြောင်း မသန္တာ ဇွန် ၂၇ရက်က The Ladies သတင်းဂျာနယ်၏ ဖုန်းဆက်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည် ။

မသန္တာက ``အော်ဟုတ်တယ်။ မပါဘူး ။ အဲ့ဒီင်္အတွက် ပုံစံသုံးနဲ့ပြန်ရောက်ရမှာဖြစ်တယ်။ ကိုပါကြီး ကပါတယ်။ကျွန်မနာမည်က မပါဘူး။အဲ့ဒီအတွက် ပုံစံ(၃)နဲ့ပြန်လျှောက် မှာဖြစ်တယ်´´ဟု ပြောသည်။

ကိုပါကြီးသည် ၂၀၁၄စက်တင်ဘာလ ၂၈ ရက်နေ့က ကျိုက်မရောမြို့နယ် အတွင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး၂၀၁၄ နိုဝင်ဘာလ ပထမပတ်အတွင်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ကျေးရွာတွင်တပ်မတော်က မြှုပ်နှံထားခဲ့သော ကိုပါကြီး အလောင်းကို ပြန်လည် တူးဖော်စစ်ဆေးပြီး ကျည်ဆန် ဒဏ်ရာ ၅ ချက်တွေ့ရှိရသည်ဟု စစ်ဆေးရာတွင် ပါဝင်ခဲ့သည့် မှုခင်းဆရာဝန်ကဇနီးဖြစ်သူ မသန္တာသို့ပြောခဲ့ပြီး ကျည်ဆန် ဒဏ်ရာ တချက်မှာ မေးစေ့အောက်မှ ဦးခေါင်းသို့ ဖောက်ထွက်သည့် ဒဏ်ရာမျိုး ဖြစ်ကြောင်း သတင်းများတွင်ဖော်ပြခဲ့ကြသည်။


တပ်မတော်ဘက်က ထုတ်ပြန်ချက်တွင် ကိုပါကြီးသည် စက်တင်ဘာ ၃၀ ရက်က အစောင့် စစ်သား၏ သေနတ်ကို လုယူထွက်ပြေးရန် ကြိုးစားသောကြောင့် ပစ်ခတ် ဖမ်းဆီး ရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ကိုပါကြီးသေဆုံးမူနှင့် ပတ်သက်ပြီး မွန်ပြည်နယ် ကျိုက်မရောမြို.နယ် ရဲစခန်းက သေမှုသေခင်း အမှတ် (ပ) ၁၁/၂၀၁၄ ဖြင့် ယခု အချိန်အထိ ဇနီးမသန္တာ က အမူဖွင့်ထားဆဲ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်သူလူထုများအနေဖြင့် ရွေးကောက်ပွဲတွင်မဲပေးခွင့်ရမရ ကြည်နိုင်ရန် အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အခြေခံမဲစာရင်းများကောက်ယူလျက်ရှိပြီး မဲစာရင်းတွင် မိမိအမည် မပါရှိပါက ဖြည့်သွင်းပေးရန်တောင်းဆိုခြင်း၊မိမိ မိသားစု ၀င်ထဲမှ သေဆုံးနေသူများ ပါဝင်နေပါက အမည် ပယ်ဖျက်ရန်တောင်းဆိုခြင်းနှင့် အချက်အလက် မှားယွင်းနေပါက ပြန်လည်ပြင်ဆင်ခြင်းများပြုလုပ် ရန် လိုအပ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ထံမှ သိရသည်။

မိမိတို့သန်းခေါင်စာရင်းဖြင့်နေထိုင်ရာ ရပ်ကွက်ရုံးတွင် မဲစာရင်းများ သွားရောက် စစ်ဆေးပါက မဲစာရင်းပါခြင်းရှိမရှိ အရင်ဆုံးစစ်ဆေးရမည်ဖြစ်ပြီး မဲစာရင်းတွင် မိမိ အမည်မပါရှိပါက ရပ်ကွက်ရုံးမှ ပုံစံ(၃) တောင်းယူဖြည့်စွက် တင်ရမည်ဖြစ်သည်။ ယင်းသို့ မဲစာရင်းတွင် မိမိ မိသားစုအတွင်းကွယ်လွန်ခဲ့သူများ ပါဝင်နေပါကလည်း ပုံစံ(၄) ကိုတောင်းယူကာ ကန့်ကွက်နိုင်ကြောင်း ဆိုထားသည်။

ယင်းအပြင် မိမိကိုယ်ရေးအချက်အလက်များမှားယွင်းနေပါက မဲပေးရာတွင် အငြင်းပွားဖွယ်ရာဖြစ်နိုင်သည့်အတွက် ပုံစံ (၄-ဂ) အားတောင်းယူပြီး အချက်အလက် မှားယွင်းမှုများ အမြန်ဆုံးသွားရောက်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

မဲပေးနိုင်ရေးအတွက် ဇွန် ၂၂ရက် မှ ဇူလိုင် ၅ရက်အတွင်း အရေးကြီးသည့် အခြေခံ မဲစာရင်း သွားရောက်ကြည်ရှုရန်လိုအပ်ကြောင်း နိုင်ငံရေးပါတီအချို့မှလည်း လူစည်ကား ရာနေရာများတွင် ကမ်ပိန်းသဘောမျိုးဖြင့် ဆော်သြနေမှုများရှိကြောင်း သိရသည်။

နိုင်ငံကျော်တေးသံရှင် မဖြူဖြူကျော်သိန်းသည့် ဇွန်၂၅ရက်က ယင်းနေထိုင်ရာ မူရင်းအိမ်ထောင်စု စာရင်းရှိတဲ့စမ်းချောင်း(တောင်)ရပ်ကွက်ရုံးတွင် သွားရောက်ကြည့် ရာတွင် မပါဝင်ခဲ့သည့်အကြောင်း ယင်းအတွက် မဲစာရင်းတွင် ပါဝင်ရေးအတွက် ပုံစံ(၃) ကိုဖြည့်ပြီးတောင်းဆိုခဲ့ကြောင်း ယင်း ကိုယ်ပိုင် ဖေဘုတ်စာမျက်နှာ တွင် ဖော်ပြခဲ့ခြင်းများ ရှိကြောင်း သိရသည်။

သတင်းထောက် - စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
တပ်မတော်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားသည့် ကိုပါကြီး မဲပေးခွင့်ရပြီး သက်ရှိထင်ရှားရှိသည့် ဇနီးဖြစ်သူ မသန္တာ မဲစာရင်းတွင် မပါသေး  တပ်မတော်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားသည့် ကိုပါကြီး မဲပေးခွင့်ရပြီး သက်ရှိထင်ရှားရှိသည့် ဇနီးဖြစ်သူ မသန္တာ မဲစာရင်းတွင် မပါသေး Reviewed by သစ်ထူးလွင် on 23:04 Rating: 5
Powered by Blogger.