မြန်မာဆိုင်အချို့ ဆီးဂိမ်းဘောလုံးပွဲလက်မှတ် မှောင်ခိုရောင်းချသည့်ကိစ္စ စင်ကာပူ မီဒီယာစာမျက်နှာပေါ်သို့ ရောက်ရှိလာ


၂၈ ကြိမ်မြောက် စင်ကာပူ ဆီးဂိမ်းတွင် မြန်မာဘောလုံးပွဲ လက်မှတ်များကို မှောင်ခိုရောင်းချခြင်းဖြင့် တရက်အတွင်း စင်ကာပူဒေါ်လာ ၂ သောင်းခွဲ (ကျပ်သိန်း ၂၁၀ ကျော်) အမြတ်အစွန်း ရရှိခဲ့သည်ဆိုသော မြန်မာဆိုင်တဆိုင်အကြောင်းကို စင်ကာပူသတင်းဝဘ်စာမျက်နှာတွင် ဖော်ပြထားကြောင်း သတင်းရရှိသည်။

Peninsular Plaza တွင်ဖွင့်လှစ်ထားသော “ဒို့မြန်မာ”ဆိုင်သည် ဆီးဂိမ်းအမျိုးဘောလုံး ဗိုလ်လုပွဲ ထိုင်း-မြန်မာပွဲ လက်မှတ် ၂ ထောင်ကျော်ဝယ်ယူ၍ ဈေးတင်ရောင်းချခဲ့ကြောင်း စင်ကာပူသတင်းဝဘ်ဆိုက်ဒ် (All Singapore Stuff) က သတင်းဖော်ပြထားသည်။

စင်ကာပူနိုင်ငံတွင် မြန်မာများစုဝေးလေ့ရှိရာ Peninsular Plaza ၌ ဖွင့်လှစ်ထားသော မြန်မာဆိုင်အချို့တွင် မြန်မာ-ဗီယက်နမ် အကြိုဗိုလ်လုပွဲမတိုင်မီမှစ၍ မှောင်ခိုလက်မှတ် ရောင်းချမှု ဈေးကွက်တခုဖြစ်ခဲ့သည်။

“ဒို့မြန်မာ”ဆိုင်မှ ဒါရိုက်တာ ကိုပိုင်က ဆီးဂိမ်းပွဲကျင်းပရေးကော်မတီထံမှ လက်မှတ်တစောင်လျှင် ၂၁ ဒေါ်လာဖြင့် လက်မှတ်စောင်ရေ ၂၀၅၀ ၀ယ်ယူခဲ့ရကြောင်း၊ ၁ စောင်လျှင် ၂၅ ဒေါ်လာဖြင့် ပြန်လည်ရောင်းချခဲ့ပြီး ရရှိသည့်အကျိုးအမြတ်ကို မြန်မာဘောလုံးအသင်းထံ လှူဒါန်းသွားမည်ဟု ၀ယ်ယူသူများကို ကြိုတင်အသိပေးခဲ့ကြောင်း ဇွန် ၁၈ က News Watch သို့ ပြောခဲ့သည်။

“စုစုပေါင်း လက်မှတ်စောင်ရေက ၂၀၅၀၊ တစောင်ကို ၄ ဒေါ်လာ မြတ်ပါတယ်။ ၄ ဒေါ်လာနဲ့ စောင်ရေ ၂၀၅၀ အတွက် ဒေါ်လာ ၈၂၀၀ ရတာမှာ ကျွန်တော်က ၃၀၀ စိုက်ပြီး ဒေါ်လာ ၈၅၀၀ လှူခဲ့တာပါ။”ဟု ၎င်းက ပြောကြားခဲ့သည်။

“ဒို့မြန်မာ”ဆိုင်မှ ဒါရိုက်တာ ကိုပိုင်က လက်မှတ် ၁ စောင်လျှင် ၂၁ ဒေါ်လာဖြင့် ၀ယ်ယူရသည်ဟုဆိုသော်လည်း လက်မှတ်စောင်ရေ ၅၀နှင့်အထက် ၀ယ်ယူသူတိုင်းကို ပွဲကျင်းပရေးကော်မတီက ၁၃ ဒေါ်လာဖြင့် ရောင်းချပေးကြောင်း၊ စောင်ရေထောင်နှင့်ချီ ၀ယ်ယူသည့် “ဒို့မြန်မာ”ဆိုင်အနေနှင့် လက်မှတ် ၁ စောင်ကို ၂၁ ဒေါ်လာဈေးနူန်းဖြင့် ၀ယ်ယူခဲ့ရသည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း စင်ကာပူရောက် မြန်မာအများစုက တညီတညွတ်တည်း ပြောဆိုကြသည်။

မှောင်ခိုလက်မှတ် ဈေးကွက်ကြောင့် ထိုင်း-မြန်မာ ဗိုလ်လုပွဲကို သမားရိုးကျ လက်မှတ်ဝယ်ယူ အားပေးလိုသော မြန်မာပရိသတ်များစွာ လက်မှတ်မရရှိခဲ့ဘဲ ဘောလုံးကွင်းအပြင်တွင် လက်ကိုင်ဖုန်းမှတဆင့် ကြည့်ရှုအားပေးခဲ့ရသည်များပင်ရှိခဲ့ကြောင်း သိရသည်။

ယမန်နှစ် နိုဝင်ဘာလက အီလက်ထရောနစ်ပစ္စည်းများ အဓိက ရောင်းချသော Sim Lim Square မှ Mobile Air ဆိုင်က နိုင်ငံခြားခရီးသွားများကို လက်ကိုင်ဖုန်းများ လိမ်လည်ရောင်းချသည်ဆိုသော သတင်းကို စင်ကာပူသတင်းမီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ပြီးနောက် ဆိုင်ရှင် Jover Chew ကို ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့သည်။ ယင်းအပြင် Mobile Air အပါအ၀င် လိမ်လည်ရောင်းချသည်ဟု သံသယရှိသော အခြားဆိုင်များကိုလည်း ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေ စုံစမ်းမှုများ ပြုလုပ်ခဲ့သည်။

စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံသား ၁ သိန်းကျော်ခန့် နေထိုင်လုပ်ကိုင်လျက်ရှိသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


မြန်မာဆိုင်အချို့ ဆီးဂိမ်းဘောလုံးပွဲလက်မှတ် မှောင်ခိုရောင်းချသည့်ကိစ္စ စင်ကာပူ မီဒီယာစာမျက်နှာပေါ်သို့ ရောက်ရှိလာ  မြန်မာဆိုင်အချို့ ဆီးဂိမ်းဘောလုံးပွဲလက်မှတ် မှောင်ခိုရောင်းချသည့်ကိစ္စ စင်ကာပူ မီဒီယာစာမျက်နှာပေါ်သို့ ရောက်ရှိလာ Reviewed by သစ်ထူးလွင် on 18:32 Rating: 5
Powered by Blogger.