သံလွင်တံတားအနီး ယာဉ်တိုက်မှု (၂)ဦးသေ၊ (၃)ဦးဒဏ်ရာရ

 မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယာဉ်လမ်းချော်ပြီး လမ်းဘေးသစ်ပင်ကိုဝင်တိုက်၍ (၂)ဦးသေ၊ (၃)ဦးဒဏ်ရာရ
နေပြည်တော်၊ ဇွန် ၁၁

၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ ည ၆ နာရီ ၅ မိနစ်အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့၊ သံလွင်တံတားအနီး ချဉ်းကပ်လမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၇)ယာဉ်ထိန်း ဒုတိယရဲတပ်ဖွဲ့ခွဲ(ကရင်)မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ဘားအံမြို့နယ်၊ တရုတ်လှကျေးရွာမှ မြိုင်ကလေးဘက်သို့ ဘားအံမြို့နယ်၊ ထုံးတောင်ရွာနေ ဦးချစ်သောင်း(၅၂)နှစ်မောင်းနှင်လာသော ၅ခ/×××× Mighty-X ခဲရောင်ယာဉ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းချော်ပြီး ချဉ်းကပ်လမ်း၏ယာဘက် လမ်းပလက်ဖောင်းပေါ်သို့ ကျော်တက်ကာ လမ်းဘေးရှိ ရေတမာပင်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်မိမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် တစ်ရွာတည်းနေ နော်ရှီးကဖော်(၁၈)နှစ်၊ ဦးဖိုးချစ်ချစ် (၄၈)နှစ်၊ ဦးခင်ဝင်း(၅၂)နှစ်၊ ဒေါ်မြညွန့်(၅၆)နှစ်နှင့် ဒေါ်ရီမြ(၃၉)နှစ်တို့ ၅ ဦးတွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဘားအံပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် နော်ရှီးကဖော်နှင့် ဒေါ်ရီမြတို့(၂)ဦးမှာ ရရှိသောဒဏ်ရာများဖြင့် ဆေးရုံ၌ သေဆုံးသွားခဲ့သောကြောင့် ဦးချစ်သောင်းအား ဘားအံမြို့မရဲစခန်း ယာဉ်(ပ)၆၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
သံလွင်တံတားအနီး ယာဉ်တိုက်မှု (၂)ဦးသေ၊ (၃)ဦးဒဏ်ရာရ  သံလွင်တံတားအနီး ယာဉ်တိုက်မှု (၂)ဦးသေ၊ (၃)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 06:11 Rating: 5
Powered by Blogger.