ရခိုင်ပြည်အနှံ့ရေကြီး၊ အခြေခံ ပြည်သူများအတွက် အကူအညီများ လိုအပ်နေ


ရန်ကုန်၊ ဇွန်လ ၂၆

ရခိုင်ပြည်နယ် အနှံ့မိုးသည်းထန်စွာရွာနေပြီး မြို့နယ် အများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ရေကြီးနေသော မြို့နယ်မှာ ဘူးသီးတောင်၊ မင်းပြား၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော် (ပီချောင်းဖျား)၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲမြို့နယ်တို့ ဖြစ်ကြသည်။

သံတွဲတွင် ဆံတော်တောင်ခြေရင်း ဘုန်းကြီးကျောင်းတွင် မိသားစု ၂၅ စုခန့်ကို နေရာချပေးထားရကြောင်း ညောင်ပင်ဈေးမှ ခိုလုံရန် ပြောင်းရွှေ့လာသူ အမျိုးသမီး တစ်ဦးက ပြောသည်။

“ ကျွန်မတို့ ညောင်ပင်ဈေးမှာတော့ အိမ်တိုင်းလိုလို ရေ၀င်နေပါပြီ။ တာကျော်ရင် အန္တရာယ် ဖြစ်လာနိုင်တဲ့ အတွက် ကလေးတွေနဲ့ မိသားစု ၂၅ စု ခန့် ဆံတော်ရှင် တောင်ခြေရင်း ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလုံနေရပါတယ်။ စာရေးသောက်ရေးက ထမင်းအခုအချိန်ထိ မချက်ရသေးပါဘူး” ဟု ဆိုသည်။

ဘူးသီးတောင်မြို့တွင်လည်း မေယူမြစ်ရေ မြင့်တက်လာသဖြင့် ဈေးကြီးကို ရေ၀င်လာရာမှ ဈေးဆိုင်များမှ ပစ္စည်းများကို ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရသည်ဟု ဘူးသီးတောင် ဒေသခံ ကိုအောင်က ပြောသည်။

“ အခု တော့ ရေတော်တော်များ ၀င်လာတယ်။ ရပ်ကွက်တွေ တော်တော်များများမှာ လေပေ၊ ငါးပေထိ ရေတွေ ဖုံးလွမ်းနေတယ်။ မနေ့ကလည်း တောင်ခေါင်ကြီးနားမှာ မြေပြိုကျတဲ့ အတွက် ဘူးသီးတောင်-မောင်တော ကားလမ်းလည်း ပိတ်သွားပါတယ်” ဟု ဆိုသည်။

မင်းပြားမြို့နယ်တွင်လည်း ဖုန်သာချောင်း၊ ပန်းမြောင်းကြီးချောင်းတို့တွင် အညာရီ ပေါက်ရာမှ နှစ်တောင် သုံးတောင်ထိ ရေမြင့်တက်နေပြီး ရွာအချို့ကို ရေလွမ်းနေသည်ဟု မင်းပြားဒေသခံ ဦးသိန်းစံက ပြောသည်။

“ မင်းပြားမှာလည်း ရေတက်နေတယ်။ မြေနိမ့်ပိုင်းမှာ ရေတွေ မြုပ်နေတဲ့ အတွက် ဘေးလွတ်ရာကို ရွှေ့နေကြတယ်။ ဖုန်သာချောင်း၊ ပန်းမြောင်းကြီး ချောင်းဘက်မှာရှိတဲ့ ရွာတွေ တော်တော် အခြေအနေဆိုးနေပါတယ်။ အညာရေပေါက်ပြီး ရေတွေအန်ကျလာတဲ့ အတွက် ရွာတော်များများကို ရေဖုံးလွမ်းနေတယ်လို့ ကြားရပါတယ်” ဟု ဆိုသည်။

အလားတူ စစ်တွေမြို့တွင်လည်း မိုးသည်းထန်စွာရွာနေပြီး လမ်းများ၊ ရပ်ကွက်များကို ရေများ ဖုံးလွမ်းနေသည်ဟု သိရသည်။

ယခုကဲ့သို့ မိုးဆက်တိုက်ရွာပြီး ရေကြီးနေသဖြင့် စစ်တွေမြို့ အပါအ၀င် နယ်မြို့များမှ အခြေခံ လူတန်းစားများအတွက် စားနပ်ရိက္ခာများ ကူညီရန် လိုအပ်နေကြောင်း စစ်တွေ ဒေသခံ ဦးသိန်းကျော်က ပြောသည်။

“ စစ်တွေမှာ မိုးကြီးနေတဲ့ အတွက် လမ်းတွေ ရေမြုပ်နေတယ်။ လက်လုပ် လက်စားတွေ အလုပ် မလုပ်နိုင်တဲ့ အတွက် ဒီအတိုင်းဆိုရင် ထမင်းငတ်နိုင်တယ်။ နယ်တွေမှာလည်း အခက်အခဲ ဖြစ်နိုင်တယ်။ သူတို့ကို အရေးပေါ် ဆန်တွေ ထုတ်ဝေ ဖြန့်ဖြူးပေးဖို့ လိုအပ်နေပါတယ်” ဟု သူက ဆိုသည်။

Narinjara
https://www.facebook.com/pages/Narinjara
ရခိုင်ပြည်အနှံ့ရေကြီး၊ အခြေခံ ပြည်သူများအတွက် အကူအညီများ လိုအပ်နေ  ရခိုင်ပြည်အနှံ့ရေကြီး၊ အခြေခံ ပြည်သူများအတွက် အကူအညီများ လိုအပ်နေ Reviewed by သစ်ထူးလွင် on 11:18 Rating: 5
Powered by Blogger.