တာမွေနှစ်လောင်းပြိုင်လူသတ်မှု သက်သေလူ ၇ဝ ခန့်ကို စစ်ဆေး


တာမွေမြို့နယ် ပုသိမ်ညွန့်စံပြရပ်ကွက် မလွှကုန်းလမ်းရှိ နေအိမ်တစ်လုံးတွင် အသတ်ခံရသည့် အမျိုးသမီးကြီး နှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ သက်သေလူ ၇ဝ ခန့်ကို ခေါ်ယူစစ်ဆေးပြီး သံသယရှိသူများကို စစ်ဆေးလျက် ရှိကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ထွေးက ပြောသည်။

''အမှုနဲ့ပတ်သက်ပြီး နှစ်ရက်လောက်နေမှသိရတယ်။ အနံ့ရမှ သိတာ။ အခုဒီအမှုကို သက်ဆိုင်ရာ စီအိုင်ဒီနဲ့ကျွန်တော်တို့အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ပြီးတော့ သူတို့ရဲ့နောက်ကြောင်းတွေ၊ ဒီအိမ်အနေအထားရဲ့နောက်ကြောင်းတွေ၊ ပတ်ဝန်းကျင်ရဲ့နောက်ကြောင်းတွေ၊ ပြီးတော့ သူတို့အိမ် ဝင်ထွက်နေတဲ့သူတွေ အကုန်လုံးကို စစ်ဆေးဆောင်ရွက်နေပါတယ်။ စစ်ဆေးဆောင်ရွက်ဆဲလို့ပဲ ပြော လို့ရပါတယ်''ဟု ၄င်းကပြောသည်။

မလွှကုန်းလမ်းရှိ လုံးချင်းအိမ် နှစ်ခန်းတွဲတွင် ငှားရမ်းနေထိုင်သော အသက်(၇ဝ)အရွယ် အမျိုးသမီးကြီးနှငတူမဖြစ်သူ အသက် (၆ဝ) အရွယ် အမျိုးသမီးကြီးတို့နှစ်ဦးမှာ ယခုလ ၉ ရက် မွန်းလွဲ ၁ နာရီခွဲ ခန့်က ထိုးသွင်းဒဏ်ရာများဖြင့် နေအိမ်တွင် သေဆုံးနေသည်ကို ရပ်ကွက် နေပြည်သူများက စတင်တွေ့ရှိခဲ့ ခြင်းဖြစ်ပြီး ယင်းနှစ်လောင်းပြိုင် လူသတ်မှုကို တာမွေမြို့မရဲစခန်းက (ပ)၈ဝ၉/၂ဝ၁၅၊ ပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ကာ စီအိုင်ဒီအပါအဝင် မြို့နယ်ရဲတပ်ဖွဲ့နှင့်ခရိုင်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူနိုင်ရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။

နေထက်ဝေ
The Union Daily
http://uniondaily.net
တာမွေနှစ်လောင်းပြိုင်လူသတ်မှု သက်သေလူ ၇ဝ ခန့်ကို စစ်ဆေး  တာမွေနှစ်လောင်းပြိုင်လူသတ်မှု သက်သေလူ ၇ဝ ခန့်ကို စစ်ဆေး Reviewed by သစ်ထူးလွင် on 10:20 Rating: 5
Powered by Blogger.