အိုင်အက်စ်သိမ်းပိုက်ခံ ရာမာဒီ စစ်ပြေး ဒုက္ခသည်များ ဘဂ္ဂဒက်မြို့ကို ထွက်ပြေး

ရာမာဒီ စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ - အေအက်ဖ်ပီ)
အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေ လက်ထဲ ဒီသီတင်းပတ်ထဲ ကျရောက်သွားတဲ့ ရာမာဒီမြို့က ဒေသခံတွေဟာ မေလ ၂၁ ရက်က ဘဂ္ဂဒက်မြို့ဆီ ထွက်ပြေး လာကြပါတယ်။

အန်ဘာပြည်နယ်ရဲ့မြို့တော် ရာမာဒီကို အကြမ်းဖက်မှုကြောင့် လူပေါင်း ၄ သောင်းကျော် အိုးအိမ်စွန့် ထွက်ပြေးနေရတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (အိုင်အိုအမ်) က မေလ ၁၉ ရက်က ထုတ်ပြန်ပြောဆိုပါတယ်။

ဒုက္ခသည်တွေဟာ ရာမာဒီမြို့ရဲ့ အရှေ့ဘက်က မြို့တွေဆီ ထွက်ပြေးနေရပြီး ဘဂ္ဂဒက် အုပ်ချုပ်ရေးနယ်မြေဆီ ၀င်ရောက်ဖို့ ကြိုးစားနေတဲ့ ဒုက္ခသည်တွေကို လုံခြုံရေးတပ်ဖွဲ့တွေက တားဆီးထားတယ်လို့ နော်ဝေ ဒုက္ခသည်ကောင်စီက ပြောဆိုပါတယ်။

ထွက်ပြေးလာကြတဲ့ အိုးအိမ်မဲ့ ရာမာဒီပြည်သူတွေနဲ့အတူ စစ်သွေးကြွတွေလည်း ရောနှောပါဝင်လာမှာ စိုးရိမ်ပြီး အစပိုင်းမှာ ဘဂ္ဂဒက်မြို့ထဲ ၀င်ရောက်ခွင့် တားဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်ပြေးဒုက္ခသည်တွေဟာ မေ ၂၀ ရက်နေ့က ယူဖရေးတီးမြစ်ကို ဆက်သွယ်ထားတဲ့ တံတားကို ဖြတ်ကူးခွင့် မပြုသေးခင် လေဟာပြင်ထဲမှာ သောင်တင်ခဲ့ရပြီး ပင်ပန်းဆင်းရဲမှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမယ့် ဗဟိုအစိုးရက တားမြစ်ချက်တွေကို လျှော့ပေါ့ပေးခဲ့ပြီး အာမခံပေးသူရှိတဲ့ မိသားစုတွေကို မြို့ဝင်ခွင့် ပေးထားပါတယ်။

အိုင်အက်စ်တွေကလည်း အစိုးရအုပ်ချုပ်မှုအောက်မှာ ကျန်နေသေးတဲ့ ကန္တာရဒေသ အန်ဘာပြည်နယ်ကို သိမ်းပိုက်ရရှိဖို့ လုပ်ဆောင်နေတာပါ။

ရာမာဒီ စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ - အေအက်ဖ်ပီ)
တချိန်တည်းမှာပဲ အစိုးရတပ်ဖွဲ့တွေဟာ ရာမာဒီမြို့ကို ပြန်သိမ်းနိုင်အောင် မြို့အနီး အခြေစိုက်စခန်းတစ်ခုမှာ တန်ပြန်တိုက်စစ် ဆင်နွှဲနေပါတယ်။

မြို့စွန့်ထွက်ပြေးကြတဲ့ အီရတ်တပ်ဖွဲ့တွေရဲ့ ကျန်ရစ်ခဲ့တဲ့ တင့်ကားတွေ၊ အမြောက်တွေနဲ့ လက်နက်ခဲယမ်း အများအပြားကို အိုင်အက်စ်တွေက ရရှိထားပါတယ်။

အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဟာ မေ ၂၀ ရက်နေ့က ရာမာဒီမြို့ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
အိုင်အက်စ်သိမ်းပိုက်ခံ ရာမာဒီ စစ်ပြေး ဒုက္ခသည်များ ဘဂ္ဂဒက်မြို့ကို ထွက်ပြေး  အိုင်အက်စ်သိမ်းပိုက်ခံ ရာမာဒီ စစ်ပြေး ဒုက္ခသည်များ ဘဂ္ဂဒက်မြို့ကို ထွက်ပြေး Reviewed by သစ်ထူးလွင် on 08:59 Rating: 5
Powered by Blogger.