ဆော်ဒီအာရေဗျနိုင်ငံ ပိုင်နက်နယ်မြေကို ဟူသီသူပုန်များ တိုက်ခိုက်သိမ်းပိုက်


ဆာနား ၊ ၂၂-၅-၂၀၁၅

ယီမင်နိုင်ငံမှ ဟူသီသူပုန် များသည် ဆော်ဒီအာရေဗျ နိုင်ငံ အနောက် တောင်ပိုင်းရှိ ဂျီဇန်ကုန်းမြင့် ဒေသကို မေ ၂၁ ရက်က တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက ထုတ်ပြန် လိုက်သည်။

ဟူသီသူပုန် အဖွဲ့သည် ယီမင် အစိုးရတပ် များနှင့် ပူးပေါင်း၍ နှစ်နိုင်ငံ နယ်စပ်အနီးရှိ အဆိုပါ ကုန်းမြင့်ဒေသ အတွင်းသို့ ဝင်ရောက် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ယင်း တိုက်ခိုက်မှု များအတွင်း ဆော်ဒီ စစ်ဘက်မှ မော်တော်ယာဉ် များနှင့် လက်နက်ခဲယမ်း အမြောက်အမြား ကိုပါ ဖျက်ဆီး နိုင်ခဲ့ကြောင်း ယီမင်ရုပ်သံ ဌာနတစ်ခု ဖြစ်သည့် Al- Masirah သတင်းဌာနက ဖော်ပြခဲ့သည်။ ထို့အပြင် ဆော်ဒီ တပ်များသည် သူပုန်များ၏ စီးနင်း တိုက်ခိုက်မှုကြောင့် ၄င်းတို့၏ စခန်းမှ စွန့်ခွာထွက်ပြေး ခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု များသည် ယီမင် မျိုးနွယ်စု များ၏ တိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေဗျ နိုင်ငံ တောင်ပိုင်းရှိ ဒါးရန်အယ်လ်ဂျာနုဘ် နှင့် နက်ဂျရန်မြို့ များအတွင်းရှိ စစ်စခန်းများမှ ဆော်ဒီ တပ်ဖွဲ့ဝင် အနည်းဆုံး ၁၈ ဦးသေဆုံး ပြီးနောက်ပိုင်း နာရီ အနည်းငယ် အကြာတွင် ထွက်ပေါ် လာခြင်း ဖြစ်သည်။

သို့ရာတွင် ဆော်ဒီ အစိုးရသည် ယခု ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု များနှင့် စပ်လျဉ်း၍ အတည်ပြု ပြောကြား ထားခြင်း မရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ဆော်ဒီအာရေဗျနိုင်ငံ ပိုင်နက်နယ်မြေကို ဟူသီသူပုန်များ တိုက်ခိုက်သိမ်းပိုက်  ဆော်ဒီအာရေဗျနိုင်ငံ ပိုင်နက်နယ်မြေကို ဟူသီသူပုန်များ တိုက်ခိုက်သိမ်းပိုက် Reviewed by သစ်ထူးလွင် on 10:11 Rating: 5
Powered by Blogger.