ကျော်သူရကတော့ ခေါင်းလောင်းတချက် ထိုးလိုက်ပါပြီ

“တရားစီရင်မှာကို မစောင့်စား နိုင်တော့သဖြင့် ယခုလို ကိုယ်တိုင် ကိုယ်ကျ တရားစီရင် လိုက်ပြန် တော့လည်း ကိုယ့်ဘ၀မှာ၊ ကိုယ့်မိသားစုမှာ တပူပေါ်နှစ်ပူဆင့် ရပြန်ပါတော့သည်။ ကိုယ်တိုင်က လူသတ်မှုဖြင့် နှစ်ရှည် ထောင်ဒဏ် (အခန့်မသင့်ပါက သေဒဏ်ထိ)ခံစားရမည်ဖြစ်သလို ရောဂါသည်ဇနီးခမျာလည်း အားကိုးရာမဲ့ ကျန်ရစ်ခဲ့မည် ဖြစ်ပါသည်။…”
----- ----- ----- -----
ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့၊ ရွှေပြည် ၃ ရေလှောင်တမံ သွားရာလမ်းဘေးတွင် ၅-၅-၂၀၁၅ ရက် မွန်းလွဲပိုင်းက လက်ပြန်ကြိုး တုတ်ထားသည့် အလောင်းနှစ်လောင်းကို လာရောက်စွန့်ပစ်ခဲ့သော သတင်းများ စတင်ကြားသိရချိန်မှစ၍ လူအများ အလွန်စိတ်ဝင်စားခဲ့သော ထူးခြားသတင်းတပုဒ် ဖြစ်လာခဲ့ပါသည်။ မြန်မာနိုင်ငံရဲ့ တပ်ဖွဲ့ဝင်များ ကြိုးစားဖော်ထုတ်မှုကြောင့် တရားခံတဦးကို ပြစ်မှုကျူးလွန်ပြီး နှစ်ရက်အကြာတွင် ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရပါသည်။
အဓိကတရားခံ ကျော်သူရ (ခ) ပြည်ကျော်ကတော့ ၁၃-၅-၂၀၁၅ ရက် ညနေတွင် ဘားအံမြို့မရဲစခန်းသို့ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ကြောင်း ထပ်မံသိရပါသည်။ အဆိုပါဖြစ်စဉ်ကို ၁၉-၅-၂၀၁၅ ရက်စွဲပါ News Watch(စောင့်ကြည့်သတင်းဂျာနယ်) အတွဲ ၁၀၊ အမှတ် ၂၊ အချပ်ပိုတွင် ဖတ်ရှု လိုက်ရသည့်အခါ ရင်နင့်ဖွယ်ဖြစ်စဉ်ကို အသေးစိတ်သိရှိခဲ့ရပါတော့သည်။ အကြောင်းစုံကတော့ -
သာယာဝတီမြို့နယ်၊ ကရင်ဥတိုကျေးရွာနေ ကျော်သူရသည် ၂၀၁၄ ခုနှစ် သင်္ကြန်မတိုင်မီကပင် နေထိုင်ရာအိမ်ကိုပေါင်နှံ၊ တမိသားစု လုံး ရှိသမျှစုဆောင်းပြီးရလာသည့် ကျပ် ၁၁၅ သိန်းကို သေသူ (ညီအစ်ကိုနှစ်ဦး)ထံ ဂျပန်သို့ပို့ပေးရန် ၀န်ဆောင်စရိတ်အဖြစ် ပေး အပ်ခဲ့ရပါသည်။ ၎င်းညီအစ်ကိုနှစ်ဦးမှာ သက်ဆိုင်ရာကုမ္ပဏီများမှ မန်နေဂျင်းဒါရိုက်တာ၊ ဒါရိုက်တာများဖြစ်ကြပါသည်။ ငွေသိန်းရာကျော် ပေးအပ်ခဲ့ပြီး ဂျပန်သို့ တကယ်မသွားရသောအခါ ကျော်သူရ၏မိခင် မှာ စိတ်ဖိစီးမှုကြောင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ကွယ်လွန် သွားခဲ့ပြီး နောက်တလအကြာ၌ ဖခင်ဖြစ်သူပါ ထပ်မံကွယ်လွန်သွားခဲ့ ပြန်ပါသည်။ ကျော်သူရ၏ဇနီးမှာလည်း ရင်သားကင်ဆာရောဂါ ခံစားနေရာ ဆေးကုစရာငွေမရှိသဖြင့် ၎င်းညီနောင်ထံမှ ဆေးဖိုး ၅ သိန်း၊ ၁၀ သိန်းပေးပါရန် အကူအညီတောင်းခံခဲ့ရာတွင် ငြင်းလွှတ်လိုက် သည့်ပြင် ၎င်းတို့ထံတွင် ပိုင်ဆိုင်ရာများရှိကြောင်း၊ တိုင်ချင်ရာတိုင်နိုင်ကြောင်း အပြောခံလိုက်ရသဖြင့် စိတ်ကိုမထိန်းနိုင်တော့ဘဲ ယခု ကဲ့သို့ ကျုးလွန်မိခဲ့ခြင်းဖြစ်ကြောင်း အကျယ်တ၀င့် ဖတ်ရှုခဲ့ရပါ၏။

အသတ်ခံရသူနှစ်ဦးမှာ ကျော်သူရအပါအ၀င် လူ ၆ ဦးထံမှ တဦးလျှင် သိန်းတရာကျော်စီ လက်ခံရယူထားခဲ့ပြီး ၎င်းတို့၏ကတိအတိုင်း ဂျပန်သို့ပို့မပေးနိုင်သည့်အခါ ယူထားခဲ့သည့်ငွေများကို ပြန်ပေးရမည် ဖြစ်ပါသည်။ ယခုတော့ ငွေကိုလည်း ပြန်မပေး၊ မောက်မာရိုင်းပြစွာလည်း အပြောခံလိုက်ရသဖြင့် မူလကတည်းက ဒုက္ခတွေ ပင်လယ်ဝေ နေသူမှာ ရုတ်တရက် အသိစိတ်ပျောက်သွားပြီး ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်ပါသည်။
သည်သတင်းကိုဖတ်ရင်း ကျွန်တော်တို့ငယ်စဉ်က အလွန်နှစ်သက် စွဲလမ်းခဲ့ရသော 'ကိုရွှေဘကြီး'ကို ပြန်မြင်ယောင်လာမိပါသည်။ နာမည်ကျော်မင်းသားကြီးရွှေဘသည် သူ့ဇာတ်ကားတော်တော်များများမှာ အေးချမ်းရိုးသားစွာ အသက်မွေးနေထိုင်သည့် တောသားလူရိုးအဖြစ် သရုပ်ဆောင်လေ့ရှိပါသည်။ သူ၏ချစ်သူရည်စား သို့မဟုတ် ဇနီးသည်ကတော့ ရွာအလှပဂေး (သင်းသင်းလဲ့၊ ကြည်ကြည်ဌေး စသူတို့ပေါ့ ခင်ဗျာ)ဖြစ်နေရာ နယ်ချဲ့လက်ပါးစေ သို့မဟုတ် မကောင်းမှုတခုခုဖြင့် ကြီးပွားချမ်းသာနေသူ ရွာသူကြီး၊ တောသူဌေး သို့မဟုတ် ထိုသူတို့၏ သား၊ တပည့် သို့မဟုတ် ရဲအရာရှိတဦးဦးတို့က မိန်းမကို လိုချင်ဇောဖြင့် ယောကျာ်းကို အမျိုးမျိုး အမှုဆင်၊ ချောက်တွန်း၊ ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချစသည်ဖြင့် ဇာတ်လမ်းဆင်ထားရာ အချို့ရုပ်ရှင်ကားများတွင် အမျိုးသမီးမှာ စော်ကားခံရပြီး သေဆုံးသွားသည်ထိ ဇာတ်နာအောင် ဖန်တီးထားခဲ့ပါသည်။ ရုပ်ရှင်ကြည့်ပရိသတ်မှာလည်း မျက်ရည်တရွှဲရွှဲ နှင့် အချို့ကလည်း လူကြမ်းသရုပ်ဆောင်တို့ကို မအေ၊ နှမ ကလော်တုတ်ကြနှင့် ရွှေဘကြီးနှင့်ထပ်တူ ခံစားနေခဲ့ရပါသည်။ ရွှေဘကြီး ထောင်မှလွတ်လာသည့်အခါတွင်မတော့ ယခင်ကလို တောသား လူရိုးလူအေးမဟုတ်တော့ပြီ။ လူရိုးလူမိုက်ကြီး ဖြစ်လာခဲ့ပြီ။ သူ့ရန်သူများကို တဦးစီ လိုက်လံရှာဖွေ လက်စားချေ သုတ်သင်ပါတော့သည်။ ဘာပြော ကောင်းလိုက်မလဲ။ ကျွန်တော်တို့ကလေးတွေသာမက လူကြီးပရိသတ်တွေပါ 'ရွှေဘကွ၊ ချကွ၊ ဆော်ကွ'နှင့် အော်ဟစ်ရ၊ လက်ခုပ်တီးရ သည်မှာ အရသာရှိလိုက်သည့်ဖြစ်ခြင်း။

ကွယ်လွန်သူဆရာကြီး ဦးအောင်သင်းပြောခဲ့ဖူးသလို ကျွန်တော်တို့တွေမှာ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀န်းထဲ၌ ခံခဲ့ရတာတွေ၊ ခေါင်းငုံ့ ပေးခဲ့ရတာတွေ များလွန်းလာသည့်အခါ တုံ့ပြန်တွန်းလှန်ချင်လာသည်။ တကယ်တမ်း လက်တွေ့ကျတော့ မည်သူမှမလုပ်ရဲကြ။ ထိုအခါ ရွှေဘကဲ့သို့ ဇာတ်လမ်းတွေထဲမှာ စီးမျောပါသွားပြီး မတရားသူများကို ရွှေဘကြီး ပြန်ချသောအခါ ကျွန်တော်တို့မှာလည်း (ကိုယ့်စိတ်ထဲက ပြန်ချချင်နေသူတွေကို)တကယ်ချလိုက်ရဘိသကဲ့သို့ စိတ်ထဲမှာ အားရကျေနပ်စွာ ခံစားလိုက်ရခြင်းဖြစ်ပါသည်။

ကျွန်တော်ငယ်စဉ်က စွဲမက်ခဲ့သော မဂ္ဂဇင်းများထဲတွင် 'စုံထောက် မဂ္ဂဇင်း'လည်း ပါဝင်ခဲ့ပါသည်။ စုံထောက်မဂ္ဂဇင်း၏ အယ်ဒီတာဆရာ မိုးဝေက မဂ္ဂဇင်းထဲတွင် ကလောင်အမည်အမျိုးမျိုးဖြင့် စုံထောက်၊ စွန့်စားခန့်ဝတ္ထုများ ရေးသားခဲ့ရာ 'လူရိုးလူမိုက်'ဟူသော ၀တ္ထုတပုဒ်ကို ကျွန်တော် အလွန်နှစ်သက်ခဲ့မိပါသည်။ တောမှမြို့သို့ တက်လာပြီး ကိုယ့်ထူးကိုယ်ချွန် ကြိုးစားလုပ်ဆောင်ခဲ့ရာမှ ချမ်းသာကြွယ်ဝလာသည့် သူဌေးတဦး၏သားကလေးကို လူဆိုးဂိုဏ်းက ပြန်ပေးဆွဲပြီး ငွေတောင်းခံ ခဲ့ပါသည်။ ရဲကို တိုင်ကြားသောအခါတွင်လည်း လူဆိုးဂိုဏ်း၏နောက်ကွယ်ရှိ အာဏာရှင်ကြီးတဦးကြောင့် ရဲကမထိရဲ မတို့ရဲခဲ့ပါ။ သားကလေး လွတ်ဖို့ရာလမ်း ဘယ်လိုမှမမြင်တော့သည့်အဆုံးတွင် သူဌေးကိုယ်တိုင် လက်နက်ခဲယမ်းများကို တိတ်တိတ်ပုန်း ၀ယ်ယူကာ လူဆိုးဂိုဏ်းစခန်း ချရာနေရာသို့ တကိုယ်တော်ဝင်ရောက်တိုက်ခိုက်ချေမှုန်းပြီး သားကလေးကို ပြန်ကယ်ထုတ်လာသည့် ဇာတ်လမ်းပင် ဖြစ်ပါသည်။ အလွန်ပင် ဖတ်လို့ကောင်းလှပါသည်။ မြန်မာနိုင်ငံမှ တောသားသူဌေးတဦးအဖို့ လက်နက်ခဲယမ်းများ ၀ယ်လို့ရသည်ထားပါဦး။ ကျွမ်းကျွမ်းကျင်ကျင် ပစ်ခတ်သုံးစွဲတတ်ဖို့ဆိုသည်မှာ (လုံးဝနီးပါး)မဖြစ်နိုင်ပါချေ။ ဆရာမိုးဝေအနေဖြင့် အနောက်တိုင်းဝတ္ထု၊ ရုပ်ရှင်တခုခုမှ မှီငြမ်းရေးဖွဲ့ခဲ့ဟန်တူပါ သည်။ မည်သို့ပင်ဖြစ်စေကာမူ ဇာတ်လိုက်သူဌေးက လူဆိုးတွေကို တယောက်ပြီးတယောက် ပစ်ခတ်ချေမှုန်းလိုက်သည်များကို ဖတ်ရတော့ ကိုယ်ပါလိုက်ပြီး ကျေနပ်အားရဖြစ်၊ သားကလေးကို ကယ်ထုတ်ပြီးပွေ့ချီ ကာ နမ်းရင်းထွက်လာတာဖတ်ရတော့ ကိုယ်ပါရောယောင် ၀မ်းသာ ကြည်နူးမိခဲ့ပါသည်။
သည်လို လက်စားချေပုံမျိုး၊ ချေမှုန်းသတ်ဖြတ်ပုံမျိုးကိုကတော့ ဗုဒ္ဓအဆုံးအမသြ၀ါဒနှင့်လည်း မကိုက်ညီ၊ တရားဥပဒေအယူအဆနှင့်လည်း ဆန့်ကျင်နေပါသည်။ သို့သော် တရားဥပဒေက မမြင်ယောင်၊ မကြားယောင်၊ မသိယောင်ပြုနေရသည့် ဥပဒေအထက်မှ လူသားအချို့ အတွက်တော့ သည်လိုလုပ်ရပ်မျိုးကပင် မှန်နေသလိုလို ထင်မြင်မိပါသည်။

ယခုကိစ္စတွင်ပင်ကြည့်ပါ။ ဂျပန်သို့ပေးမည်ဆိုပြီး ငွေသိန်းရာကျော် ကြိုတင်ယူသည်။ (အချို့သူများအတွက် ငွေသိန်းရာကျော်ဆိုသည်မှာ ကလေးမုန့်ဖိုးပေးလိုက်ရသလောက်သာရှိသည် မှန်သော်ငြား ကျော်သူရ တို့လို လူမျိုးအတွက်မှာမူ တဦးတယောက်တည်းမဟုတ်၊ အဖေ၊ အမေ အပါအ၀င် မိသားစုတစုလုံး ငယ်ဘ၀ကို ကပြောင်းကပြန်လှန်ပစ်လိုက်နိုင်သည့် ပမာဏ ဖြစ်ပါသည်) ငွေယူပြီး ကတိမတည်၊ မိမိတို့ဘက်က လုပ်ဆောင်ပေးရမည့်အချက် ပျက်ကွက်လျှင် ကြိုယူထားသောငွေကို မဖြစ်မနေပြန်ပေးရမည်။ မိမိတို့ဘက်မှာ မည်သည့်အခက်အခဲရှိ၍ ပျက်ကွက်သည်ဖြစ်စေ၊ ပြန်လည်ပေးလျော်ရန် တာဝန်တော့ရှိပါသည်။ ငွေအပြည့်အ၀ ပြန်မပေးသည့်ပြင် မိဘနှစ်ပါးလုံးသေ၊ ဇနီးမှာလည်း ကင်ဆာရောဂါခံစားနေရသဖြင့် ဆေးကုသရန် (ပေးခဲ့ရသည့်ငွေ၏ အပုံ ၂၃ ပုံ ၁ ပုံမျှသာ) လာတောင်းသူကိုပင် ရက်ရက်စက်စက် ပြောလွှတ်လိုက်ရာ ကြားသိရသည်မှာ တော်တော်ကြီး တရားလွန်နေပါသည်။

နိုင်ငံခြားသို့ လူတင်ပို့ပေးသောလုပ်ငန်းဖြင့် လုပ်စားနေသူအချို့မှာ နောက်ကွယ်တွင် အပွင့်အခက် ကြီးကြီးမားမားတွေ၊ ဂေါ့ဒ်ဖားသားကြီးတွေ အားကိုးရှိသဖြင့် ပြဿနာတစုံတယောက်ပေါ်ပေါက်လာလျှင်လည်း လုံးဝ မမှုပါချေ။ ကြိုက်သည့်ရဲစခန်းမှာ တိုင်၊ ကြိုက်သည့်တရားရုံးမှာ တရားစွဲ၊ လုပ်ချင်ရာ လုပ်၊ သူတို့ကို ဖမ်းဆီးချုပ်နှောင်ခွင့်မရှိကြောင်း၊ တော်တန်ရုံ ရဲက လုံးဝ မထိရဲကြောင်း သူတို့ကောင်းစွာသိထားသည်။ ကိုယ့်အိမ်မှာပင် အနေအထိုင်၊ အသွားအလာ၊ အစားအသောက်၊ အလုပ်အကိုင်မပျက်၊ နေမြဲတိုင်းနေနိုင်သည်။ ရုံးချိန်းရှိသည့်နေ့မှာ တရားရုံးသို့ သွားမည်။ ရှေ့နေကောင်းကောင်းငှားပြီး ထုချေခိုင်းမည်။ ဥပဒေကိုသားရေကွင်းလို ကျုံ့လိုက်၊ ဆန့်လိုက်လုပ်ပစ်သည်။ တရားရင်ဆိုင်ရတာ နှစ်နှင့်ချီပြီး ကြာချင်သလောက် ကြာပစေ။ ဘာမှမဆုံးရှုံး၊ မထိခိုက်။

အမှန်တကယ် ဆုံးရှုံးနစ်နာခဲ့ရသဖြင့် တရားစွဲဆိုသူတို့မှာ အမှုရင် မဆိုင်ခင်ကတည်းက (ရှိစုမဲ့စုပေါင်နှံရောင်းချပြီးပေးထားခဲ့ရသဖြင့် ကုန်းကောက်စရာမရှိအောင်ပင်) မွဲပြာကျနေခဲ့ပြီ။ အတိုးဖြင့်ချေးထားခဲ့သောငွေများအတွက်လည်း အတိုးနှုန်းက တရိပ်ရိပ်တက်နေပြီ။ တရားစရိတ်က ထပ်ကုန်ဦးမည်။ ပြီးတော့ ကိုယ်က ရန်ကုန်မြို့ခံမဟုတ်၊ နယ်မှ ရပ်ဝေးမှ။ နဂိုက မွဲနေရသည့်ထဲ ရုံးချိန်းလေး၊ ငါးခြောက်ခါလာလိုက်ရလျှင်ပင် စရိတ်နှင့် ကျွန်ဖြစ်ကာနီးပြီ။ အမှုက နှစ်နှင့်ချီပြီး ကြာမြင့်မည်ဖြစ်ရာ အလုပ်ပျက်၊ အကိုင်ပျက်၊ ဘ၀ပျက် သံသရာထဲမှာပဲ ၀ဲလည်နေရပေတော့ မည်။ နှစ်ချီကြာမြင့်ပြီးမှ အမှုနိုင်၍ ငွေအားလုံးပြန်ရသည်ထားဦး၊ ထိုအချိန် တွင် ပြန်ရသည့်ငွေမှာ ကြွေးရှင်ထံ အတိုးဆပ်လိုက်ရသည်နှင့်ပင် ကုန် သွားနိုင်လောက်ပါသည်။ အရင်းဆပ်ဖို့ဆိုတာတော့ ဝေလာဝေး။
ယင်းသို့တွေးဆကြည့်မိသောအခါတွင် လောက၌ မတရားသူ၊ တရားမဲ့သူတို့ကသာ အနိုင်ရနေသလို ဖြစ်နေပါသည်။ မရှိဆင်းရဲလွန်းသဖြင့် သူများနိုင်ငံမှာ ကျွန်သွားလုပ်ဖို့ ထွက်လိုသူတွေမှာ ဒုက္ခပင်လယ် ဝေကာ ရှုံးပြီးရင်းရှုံး၊ အရှုံးသံသရာထဲမှာသာ ၀ဲလည်နစ်မြောနေရမလို ဖြစ်နေပါသည်။
တရားစီရင်မှာကို မစောင့်စားနိုင်တော့သဖြင့် ယခုလို ကိုယ်တိုင် ကိုယ်ကျတရားစီရင်လိုက်ပြန်တော့လည်း ကိုယ့်ဘ၀မှာ၊ ကိုယ့်မိသားစုမှာ တပူပေါ်နှစ်ပူဆင့်ရပြန်ပါတော့သည်။ ကိုယ်တိုင်က လူသတ်မှုဖြင့် နှစ်ရှည် ထောင်ဒဏ် (အခန့်မသင့်ပါက သေဒဏ်ထိ)ခံစားရမည်ဖြစ်သလို ရောဂါသည်ဇနီးခမျာလည်း အားကိုးရာမဲ့ ကျန်ရစ်ခဲ့မည် ဖြစ်ပါသည်။

သို့သော် မတရားသူများလောကတွင်လည်း ယခုဖြစ်စဉ်သည် သတိပေးခေါင်းလောင်းသံပင် ဖြစ်ပါတော့သည်။ ရိုးရိုးသတိပေး ခေါင်းလောင်းသံမဟုတ်ပါ။ ပြင်းထန်စူးရှကျယ်လောင်လှသည့် သတိပေးခေါင်း လောင်းသံကြီး ဖြစ်ပါသည်။ ''ငါတို့လောကမှာ တရားဥပဒေနှင့် တရားစီရင်ရေးကိုပဲ ကြိုက်သလို ခြယ်လှယ်နိုင်မယ်။ အခုလို စိတ်ဓာတ်ပြင်းထန် ပေါက်ကွဲတတ်တဲ့သူမျိုးနှင့် ကြုံလိုက်ရင်တော့ ငါတို့ဘက်မှာလဲ အကွဲကြီး ကွဲမှာပဲ''ဟူသော အသိမျိုးရသွားစေနိုင်ပါတယ်။ ထိုကဲ့သို့ ''မျက်လုံးတလုံး အတွက် မျက်လုံးတလုံး''စီရင်ခြင်းမျိုးကိုသာ ကြုံတွေ့ရပါလျှင် ကိုယ့်အလှည့်ကျ ခံနိုင်ရည်ရှိပါမည်လားဟု အတွေးဝင်လာကာ မဟုတ်တာ၊ မတရားတာ လုပ်လိုစိတ်များ လျော့ပါးသွားနိုင်၊ လုံးဝပျောက်ကွယ်သွားနိုင် ပါသည်။

အချို့က ပြောကြပါသေးသည်။ ''သည်လို သိန်းရာချီပေးနိုင်တာ များ၊ အဲသည်ငွေနှင့် ကိုယ့်ဆီမှာပဲ လုပ်စားပါတော့လား။ သူတို့ကိုက အ,လို့၊ န,လို့ သိသိကြီးနှင့် သွားပေးတဲ့ဥစ္စာ။ ခံရမှာပေါ့''ဟု ကြားမိပါသည်။ သည်မျှငွေနှင့် ကိုယ့်ဆီမှာလုပ်စားလျှင် ရမည့်အကျိုးအမြတ်၊ ဂျပန်မှာလုပ်လျှင် (ကျွန်သွားခံရလျှင်) ရမည့်အကျိုးအမြတ်၊ နှစ်ခုနှိုင်းဆကြည့်ပြီး များစွာကွာခြားသာလွန်သဖြင့်သာ ဂျပန်သွားဖို့ ကြိုးစားခဲ့ကြခြင်း ဖြစ်ပါသည်။ ကိုယ့်တိုင်းပြည်မှာလုပ်၍ (ဂျပန်က၊ စင်ကာပူက၊ ကိုရီးယား က၊ ဘရူနိုင်းက)၀င်ငွေမျိုးသာရနေပါလျှင် ဘယ်သူသွားလုပ်ပါမည်နည်း။
ကျွန်တော်ဖတ်ရသော သတင်းထဲမှာ ''ကျွန်တော့် အပြစ်ကိုလည်း ၀န်ခံချင်တယ်။ လိမ်တဲ့ညာတဲ့သူတွေကိုလည်း ဖော်ထုတ်ဖမ်းဆီးစေချင် ပါတယ်။ ဒါမှ အများပြည်သူတွေကို ဆင်ခြင်နိုင်ကြမှာပါ။ ကျွန်တော့် ဘ၀တလျှောက်လုံး ဘာပြစ်မှုမှ မကျုးလွန်ခဲ့ဖူးပါဘူး။ တရားဥပဒေနှင့် ရဲတပ်ဖွဲ့အပေါ် ယုံကြည်လို့ ကိုယ်တိုင်လာရောက် အဖမ်းခံတာပါ''ဟူသော ထွက်ဆိုချက်ကိုဖတ်ရသည့်အခါ တနုံ့နုံ့ ခံစားရပါသည်။ ကျော်သူရ ကတော့ ဘ၀နှင့်ရင်း၍၊ မိသားစုနှင့်ရင်း၍ ခေါင်းလောင်းတလုံးကို ထိုးခဲ့ပါပြီ။ သည်လိုမျိုးအဖြစ်ဆိုးတွေ . . . သည်မှာတင်ပဲ တခန်းရပ်နိုင်ကြပါစေ။

မှန်ဘီလူး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ကျော်သူရကတော့ ခေါင်းလောင်းတချက် ထိုးလိုက်ပါပြီ  ကျော်သူရကတော့ ခေါင်းလောင်းတချက် ထိုးလိုက်ပါပြီ Reviewed by သစ်ထူးလွင် on 19:05 Rating: 5
Powered by Blogger.