နှစ်ပေါင်း ၃၅၀ အတွင်း ဗြိတိန်က အသက်အငယ်ဆုံး လွှတ်တော်အမတ်


 ဗြိတိန် ရွေးကောက်ပွဲ နောက်ဆုံးရလဒ်တွေ ဆက်တိုက်ကြေညာနေပြီး စကော့တလန်မှာတော့ စကော့တစ် အမျိုးသားပါတီ (Scottish National Party) က မဲဆန္ဒနယ် အားလုံး နီးပါးမှာ တောင်ပြိုကမ်းပြို အနိုင်ရပါတယ်။

အက်စ်အန်ပီက တင်တဲ့ အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသူကလည်း လေဘာပါတီရဲ့ နာမည်ကြီး နိုင်ငံရေးသမားကို အနိုင်ယူပြီး ဗြိတိန်မှာ နှစ်ပေါင်း ၃၅၀ အတွင်း အသက်အငယ်ဆုံး လွှတ်တော်အမတ် ဖြစ်လာပါတယ်။

ကျောင်းသူ အမ်ဟိုင်းရီ ဘလက်က်(Mhairi Black)က မဲ ၂၃၅၄၈ ရရှိပြီး လေဘာပါတီ အာဏာရရင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားတဲ့ ဒေါက်ဂလက် အလက်ဇန်ဒါး(Douglas Alexander) က ၁၇၈၀၄ မဲ နဲ့ ရှုံးသွားပါတယ်။

ဘလက်က်ဟာ ဂလက်စဂိုတက္ကသိုလ် (University of Glasgow)မှာ နိုင်ငံရေးနဲ့ ပြည်သူပေါ်လစီ (Politics and Public Policy) အဓိကဘာသာရပ် နောက်ဆုံးနှစ် တက်နေသူ ဖြစ်ပါတယ်။

အီရတ်စစ်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ လူသိများခဲ့ပြီး အားနည်းတဲ့လူတွေဘက်က ရပ်တည်တာနဲ့ လူမှုတရားမျှတရေးအတွက် ဆောင်ရွက်တဲ့ လုပ်ဆောင်ချက်တွေ အတွက် လည်း လူသိများပါတယ်။

မဲဆန္ဒနယ် အားလုံးက ရလဒ်တွေ မထွက်သေးပေမယ့် ကြိုတင် စစ်တမ်းတွေအရ လက်ရှိ အာဏာရ ကွန်ဆာဗေးတစ်ပါတီက လွှတ်တော်နေရာ ၆၅၀ ထဲက ၃၁၆ နေရာမှာ အနိုင်ရဖွယ် ရှိပါတယ်။

ဒါကြောင့် အစိုးရ ဖွဲ့နိုင်ဖို့ နောက်ထပ် ၁၀ နေရာပဲ လိုပြီး လက်ရှိ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းအတွက် နောက်ထပ် ၅ နှစ်သက်တမ်း ဆက်ဖို့ သေချာသလောက် ဖြစ်နေပါတယ်။

အဓိက အတိုက်အခံဖြစ်တဲ့ လေဘာပါတီက ၂၃၉ နေရာပဲ ရရှိလို့ ဒီအတိုင်း တကယ် ဖြစ်လာရင် အနှစ် ၃၀ အတွင်း အဆိုးဆုံးရလဒ် ဖြစ်ပါတယ်။

လေဘာပါတီဟာ အရင်က နိုင်ခဲ့တဲ့ စကောတလန်နယ် မဲဆန္ဒနယ်တွေမှာ ရှုံးနိမ့်ခဲ့တယ်လို့ သတင်းက ဖော်ပြပါတယ်။

လက်ရှိ အာဏာရ ညွန့်ပေါင်းမှာပါတဲ့ လစ်ဘရယ်ဒီမိုကရက်ပါတီက ၁၀ နေရာလောက်မှပဲ အနိုင်ရမှာ ဖြစ်လို့ ၄၇ နေရာ လက်လွှတ်ရမယ့် သဘော ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
နှစ်ပေါင်း ၃၅၀ အတွင်း ဗြိတိန်က အသက်အငယ်ဆုံး လွှတ်တော်အမတ်  နှစ်ပေါင်း ၃၅၀ အတွင်း ဗြိတိန်က အသက်အငယ်ဆုံး လွှတ်တော်အမတ် Reviewed by သစ်ထူးလွင် on 19:00 Rating: 5
Powered by Blogger.